ငယ်နာမည် ဦးမြမောင်
ဝိသုဒ္ဓိဆရာတော်ကြီးသည် ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ သရက်ကုန်း
ကျေးရွာတွင် ခမည်းတော် ဦးချီးတိုး၊ မယ်တော် ဒေါ်အုံးမေတို့မှ ၁၂၉၀ ခုနှစ်၊
တော်သလင်းလဆန်း (၁၃) ရက်၊ ကြာသပတေးနေ့တွင် ဖွားမြင်ခဲ့သည်။
လူ့ဘ၀နာမည်မှာ ဦးမြမောင် ဖြစ်သည်။
ဦးမြမောင် စာမတတ်
မွေးချင်း (၆) ယောက်ရှိပြီး ငယ်စဉ်ကပင် မွေးချင်းအားလုံး သေဆုံးခဲ့
သည်။ ဆရာတော်တစ်ပါးသာလျှင် ကျန်ရှိခဲ့သည်။ ငယ်စဉ်က အခြေခံမူလတန်း
(၂) တန်းသာ တက်ရောက်ခဲ့သည်။ ထို့ကြောင့် စာမတတ်ချေ၊ စာမတတ်ပါ။
ရဲသားဘဝ
အသက် (၁၃) နှစ်သားအရွယ်တွင် မိဘများနှင့် မြောင်းမြမြို့သို့
ရောက်ရှိခဲ့ပြီး ကြုံရာကျဘမ်း ကူလီဘ၀ဖြင့် အသက်မွေးဝမ်းခဲ့ရသည်။ (၁၈)
နှစ်တွင် ရဲတပ်ဖွဲ့သို့ ၀င်ရောက်အမှုထမ်းခဲ့သည်။ ရဲသင်္ဘောတွင် သင်္ဘော
ကြိုးချည်ရသော ရဲသားဖြစ်သည်။
ဒေါ်မြင့်နှင့်အိမ်ထောင်ကျ
အသက် (၂၄) နှစ်အရွယ်တွင် ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့မှ
ဒေါ်မြင့်နှင့် အိမ်ထောင်ကျခဲ့သည်။ မြောင်းမြမြို့၊ မြိုင်မာလာရပ်ကွက် (၂) လမ်း
တွင် နေထိုင်ခဲ့သည်။ သားသမီး (၃) ယောက်ထွန်းကားခဲ့သည်။
လူ့ဘ၀မကောင်းမှုများပြုလုပ်ခဲ့
ရဲတပ်သားဘ၀တွင် ထီပေါက်ပြီး ရဲတပ်သားဘ၀မှ ဆေးပင်စင်နှင့်
ထွက်ခဲ့သည်။ ထီပေါက်သောငွေဖြင့် သုံး၊ ဖြုန်း၊ သောက်စားမူးယစ်၊
အပျော်အပါးလိုက်စား၊ မိန်းမရှုပ်ခဲ့သည်။ ထီပေါက်သောငွေများ ကုန်သောအခါ
အရပ်ထဲတွင် ရေထမ်းရောင်းရခြင်း၊ အနှိပ်သည် လုပ်ခြင်းတို့ဖြင့် အသက်မွေး
ခဲ့ရသည်။ လူ့ဘ၀မကောင်မှု များနှင့် ဆိုးသွမ်းလွန်းသဖြင့် မိသားစုများကပင်
ဦးမြမောင်၏ ဆိုးသွမ်းသည့်ဒဏ်ကို မခံနိုင်တော့သဖြင့် ဇနီးဖြစ်သူမှာ ဦးမြမောင်
တစ်ယောက်တည်းကို ထားပစ်ခဲ့ကာ သမီးကြီးရှိရာ ဧရာဝတီတိုင်း၊ လပွတ္တာမြို့သို့
သွားရောက်နေထိုင်ခဲ့သည်။
သံဝေဂရခြင်း
ထိုအခါကျမှ သံဝေဂရကာ ကောင်းတာလုပ်၊ ကောင်းတာဖြစ်မှာပဲလို့
စဉ်းစားပြီး တရားစတင် လုပ်ခဲ့သည်။ တစ်နေ့ ရေထမ်းလာရင်း ရပ်ကွက်ထဲ
အိမ်တစ်အိမ်မှ သဲအင်းဂူဆရာတော်ဘုရားကြီး ကက်ဆက်ခွေ ဖွင့်သံကြားရ၍
ရေထမ်းချကာ တရားနာခဲ့သည်။ သဲအင်းဂူဆရာတော်ဘုရားကြီးတောင်
ဓါးပြတိုက်၊ ဆိုးသွမ်းရာကနေ တရားရအောင် လုပ်နိုင်သေး၊ ငါလည်း ဓါးပြတော့
မတိုက်ခဲ့ဘူး၊ တရားလုပ်ရင် ရမှာပဲလို့ ဆုံးဖြတ်ချက်ချကာ အသက် (၄၅) နှစ်တွင်
တောထဲထွက်၍ တရားစတင် ကျင့်ခဲ့သည်။
သွေးသားလည်းပြောင်း စိတ်လည်းပြောင်းပြီ
လူဝတ်ဖြင့် တောထဲတွင် (၂) နှစ်ကျော်ကြာ တရားကျင့်ခဲ့သည်။
အသက် (၄၇) နှစ်တွင် ကိုရင်ဝတ်ခဲ့သည်။ ကိုရင်ကြီးဘ၀ဖြင့် (၆) နှစ်ကျော်ကြာ
မြောင်းမြမြို့ ပတ်ဝန်းကျင်တောထဲတွင် တရားကျင့်ခဲ့သည်။ ဆရာတော်ကြီးမှာ
သွေးသားလည်း ပြောင်းခဲ့သည်။ စိတ်လည်းပြောင်းခဲ့သည်။
ရဟန်းဘောင်ဝင်ရောက်ခြင်း
အသက် (၅၄) နှစ်တွင် မြောင်းမြို့၊ ပဇ္ဇောတာရုံပါဠိတက္ကသိုလ်
(တိုက်ဟောင်း) တွင် ဆရာတော် ဦးဝံသပါလကို ဥပဇ္ဈယ်ပြု၍ ၁၉၈၄ ခုနှစ်၊
ဧပြီလ ၁၁ ရက်၊ ၁၃၄၅ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက်နေ့တွင် ရဟန်းဘောင်သို့
ဝင်ရောက်ခဲ့သည်။ ရဟန်းဒါယကာမှာ ဦးဆန်းအောင် (ဦးစန်းလွင် )ဖြစ်သည်။
ပဋိပတ္တိပွင့်လင်းစေခြင်း
ဝိသုဒ္ဓိဆရာတော်ကြီး ပရိယတ္တိ မကျွမ်းကျင်သော်လည်း ပဋိပတ္တိဖြင့်
ကျင့်ကြံပွားများ အားထုတ်ခဲ့ပြီး ရရှိထားသော ခန္ဓာသိတရား အကျင့်များဖြင့်
ဝေနေယျတို့အား ဟောကြားပြသ ဆိုဆုံးမခဲ့ပါသည်။
ဝိသုဒ္ဓိမဟာမြိုင် ကမ္မဌာန်းကျောင်းဝန်းတွင် သံဃာအပါး (၈၀) ကျော်၊
သီလရှင်အပါး (၈၀) ကျော်၊ အမြဲနေယောဂီ (၂၀) ကျော်တို့အား စားသောက်
ရေး၊ နေထိုင်ရေး၊ ၀တ်ဆင်ရေး၊ ကျန်းမာရေးအစ တာဝန်ယူကာ မကြောင့်
မကြဘဲ တရားဘာဝနာ ပွားများနိုင်ရန် ဆောင်ရွက်ပေးတော်မူသည်။
သာသနာ့အဆောက်အအုံများ ဆောက်လုပ်ပေးခြင်း
မြန်မာပြည်အရပ်ရပ်မှ ဒါယကာ၊ ဒါယိကာမများကလည်း ဆရာတော်
ကြီးအား လာရောက်ဖူးမျှော် ကြည်ညိုခဲ့ကြပြီး တရားဘာဝနာ အားထုတ်
ခဲ့ကြသည်။ ဆရာတော်ကြီးမှ ဒါယကာ၊ ဒါယိကာမများ လှူဒါန်းသော
ဝတ္ထုငွေကြေးများဖြင့် ကျောင်း၊ ရေတွင်း၊ ရေကန်များကို သိန်းပေါင်း (၃၀၀၀)
ကျော်မျှ ဆောင်ရွက်ပေးတော်မူသည်။
စေတီတော် ၂၁ ဆူတည်ထားပေးခြင်း
အတိတ်က ပဌာန်းဆက်များ၏ တောင်းပန်လျှောက်ထားချက်အရ
စေတီ ၂၁ ဆူကို မြောင်းမြ၊ ၀ါးခယ်မမြို့နယ်၊ အိမ်မဲမြို့နယ်၊ မအူပင်မြို့နယ်
များတွင် သိန်းပေါင်း ၃၀၀၀ ကျော်မျှ အကုန်ကျခံကာ တည်ထားပေးခဲ့သည်။
(မြောင်းမြမြို့ဝိသုဒ္ဓိဆရာတော်ကြီးစာအုပ်မှတင်ပြသည်)
No comments:
Post a Comment