ဒကာ။ ။
ဆရာတော်တွေ တရားဟောတဲ့အခါ ၀ိပဿနာအပိုင်းရောက်ရင် “၀ိပဿနာ ဘူမိ”
“၀ိပဿနာဘုံ” ဆိုတဲ့ ဝေါဟာရကို မကြာခဏပြောဟောကြပါတယ်၊ အဲဒီ ၀ိပဿနာဘူမိ
ဆိုတဲ့ စကားပုဒ်ရဲ့ အနက်အဓိပ္ပာယ်ကို လင်းပြပေးပါဦး ဆရာတော်။
ဆရာ။ ။
ဝိပဿနာဘူမိဆိုတာ ယောဂီဟာ ရှေးဦးစွာ သမ္မသနဉာဏ်နဲ့ စုံစမ်းစစ်ဆေး, ဆင်ခြင်,
သုံးသပ် ရှုမှတ်ပွားများရမှာမို့ အဲဒီလို စုံစမ်း, စစ်ဆေး, ဆင်ခြင်,
သုံးသပ် ရှုမှတ်စရာဖြစ်တဲ့ ၀ိပဿနာဉာဏ်၏ အရှုခံ အာရုံ ရုပ်, နာမ်, ဓမ္မ
သင်္ခါရတရားစုတို့ကို ခေါ်ဆိုတာဖြစ်တယ်၊ ခန္ဓာတွေ, အာယာတနတွေ, ဓာတ်တွေပဲ။
ယောဂီရဲ့
ကိုယ်ကာယထဲမှာ အမြဲမပြတ် တရစပ်ဖြစ်ပေါ်နေတဲ့ ရုပ်နာမ် ဓမ္မတို့ရဲ့
မခိုင်မြဲမှု အနိစ္စ၊ ဆင်းရဲမှု ဒုက္ခ၊ ထိုရုပ်နာမ် ဓမ္မသင်္ခါရတို့ကို
ခိုင်မြဲအောင် ချမ်းသာ လာအောင် လုပ်နိုင်ခွင့် စိုးပိုင်မှု အာဏာ ငါ,
ငါ့ဥစ္စာ ဆိုစရာလည်း ဘာတခုမျှမရှိသောကြောင့် အနတ္တ၊ အဲဒီ အနိစ္စ, ဒုက္ခ, အနတ္တ
ဟု ဆင်ခြင်, သုံးသပ်, ရှုမှတ်စရာ ရုပ်, နာမ်, ဓမ္မ သင်္ခါရတရားအစုကို
ဝိပဿနာဘူမိ- ၀ိပဿနာဘုံ လို့ ခေါ်ဆိုဟောပြောကြတာပဲ ဖြစ်တယ်၊ ၀ိပဿနာ ယောဂီဟာ
ဝိပဿနာဘူမိမှ တပါး အခြား ပညတ်အာရုံဆိုလို့ ဘာတခုကိုမျှ
မယူမစွဲမမှတ်ရဘူးတဲ့၊ အဲဒါပဲ၊ ကဲ-ဘာပြောချင်သေးသလဲ။
ဒကာ။ ။
ရုပ်နာမ်, ခန္ဓာ, အာယတန, ဓာတ်တွေမှာ ဉာဏ်ရောက်ဖို့ပဲ၊ ရှင်းပါပြီ ဆရာတော်၊
တိုတိုနဲ့ ကောင်းလိုက်တဲ့ အဖြေပါပဲ ဘုရား၊ ပြောစရာ မရှိတော့ပါဘူး။http://www.thamameggin.blogspot.com/ မှတဆင့်ခံစားတင်ပြသည်။
No comments:
Post a Comment