ဒကာ။ ။ ဘုရားသာသနာတော်မှာ လူအမျိုးသားထဲကတော့ ရှင်ကောဏ္ဍညမထေရ် ဟာ ရှေးဦးစွာ အရိယာ ဖြစ်တယ်လို့ သိမှတ်ရဖူးပါတယ်၊ လူအမျိုးသမီးထဲက ဘယ်သူဟာ ရှေးဦးစွာ အရိယာအဖြစ်ကို ရယူသွားပါသလဲဆရာတော်။
ဆရာ။ ။
ရာဇဂြိုဟ်မြို့သူ မင်းမျိုးမင်းနွယ်ဖြစ်သော ကာဠီအမည်ရှိတဲ့ အမျိုးသမီးဟာ
လူသားအမျိုးသမီး မိန်းမအပေါင်းတို့တွင် ရှေးဦးစွာ သောတာပတ္တိမဂ်ဖိုလ်ရ၍
သောတာပန် အရိယာဖြစ်သောကြောင့် အမျိုးသမီးအပေါင်းတို့၏
အကြီးဆုံးအစ်မကြီးဖြစ်တယ်တဲ့။
ဒကာ။ ။ သူက ဘုရားမြတ်ထံမှာ ဘာတရားတော်ကို နာရလို့ သောတာပန် ဖြစ်သွားတာလဲ ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
ဆရာ။ ။
ဟာ…သူ့ပါရမီက အတော်ထူးတာ၊ မြတ်ဘုရားကိုလည်း ဖူးတွေ့ရတာ မဟုတ်ဘူး၊
ဘုရားဟောတော်မူတဲ့ တရားကိုလည်း နာယူရတာ မဟုတ်ဘူး။ သောဏ ကုဋိကဏ္ဍ မထေရ်မြတ်
အလောင်းဖြစ်တဲ့ သတို့သား ကိုယ်ဝန် အရင့်အမာ ဖွားအံ့ဆဲဆဲ ပင်ပန်းဆင်းရဲကို
ပယ်ဖျောက် သက်သာယူရန် ညအခါ လ, သာသာ ပြာဿဒ်ထက်၌ လေညှင်းခံ ရှုရှိုက်နေတုန်းမှာ
မိုးထက်ကောင်းကင်က သာတာဂိရ နတ်မင်းကြီးနဲ့ ဟေမ၀တနတ်မင်းကြီးနှစ်ပါးတို့
မြတ်စွာဘုရားရှင်၏ ဘုရားအစစ်လက္ခဏာတော်များနဲ့ ဘုရားရှင်တို့ ရှိထိုက်တဲ့
ကျေးဇူးတော် ဂုဏ်တွေကို ဟေမ၀တနတ်မင်းကြီးက မေးလိုက် သာတာဂိရ နတ်မင်းက
ဖြေလိုက်နဲ့ နတ်မင်းကြီးနှစ်ပါး ဘုရားအကြောင်းကို ဆွေးနွေးနေကြတယ်။
အဲဒီ
အမေးအဖြေ ဂုဏ်တော် ကျေးဇူးတော်များစွာတို့ကို ကြားနာရင်းနဲ့ ဘုရားကို
ကြည်ညိုတဲ့ သဒ္ဓါစိတ်တွေ ယိုဖိတ်ကာ နှစ်သက်မှုပီတိတွေ ဖြစ်လျက် နီဝရဏတရားတွေ
ပယ်ခွာပြီး ၀ိပဿနာတရား ပွားများခြင်းပြုရင်းပင် သောတာပတ္တိမဂ်ဖိုလ်ကို
မတ်တတ်ရပ်လျက်နဲ့ ရရှိသွားလေ၏တဲ့၊ အကျယ်သိချင်ရင် သာတာဂိရနဲ့ ဟေမ၀တနတ်
စစ်သူကြီးတို့ ၀တ္ထု၌ ကြည့်ပေတော့၊ ဒါပဲ၊ ကာဠီအမျိုးသမီးကြီးတဲ့။
ဒကာ။ ။ ဒါလောက်သိရတာ ကျေးဇူးတင်လှပါတယ် ဆရာတော်၊ သူဟာ အမျိုးသမီးထဲမှာ အစဦး အရိယာမကြီးပဲပေါ့။
No comments:
Post a Comment