Monday, October 28, 2013

အပါယ်ကို ကြောက်သူ


စာတည်းကြီးများရှင့်
ကျွန်မတို့သည် ဗုဒ္ဓစာပေများကို လေ့လာသိရှိလေ အပါယ်လေးဘုံကို ကြောက်လေ ဖြစ်ပါသည်။ တစ်သက်ပတ်လုံး ကောင်းမှုတွေ လုပ်ခဲ့ပါသော်လည်း သေခါနီးတွင် ဇောတစ်ချက်မှားပါက အပါယ်လေးဘုံသို့ ရောက်သွားနိုင်သည့်အချက်ကို အကြောက်ဆုံး ဖြစ်ပါသည်။ အရင့်အမာပုဂ္ဂိုလ်ကြီးတွေပင် သေခါနီးမှာ ဇောမှားတတ်ကြပုံကို ကြားနာရသော အခါ ကျွန်မတို့အတွက် သာ၍ မသေချာသည်မှာ ထင်ရှားလှပါသည်။ မည်သည့်နည်းဖြင့် သေရသည်ဖြစ်စေ၊ သေခါနီးဇောကောင်းနိုင်ရန် မည်သည့်တရားများကို လက်ကိုင်ထား ကျင့်သုံးသင့်ကြောင်း လမ်းညွှန်ပေးသည့် အဖြေလွှာများကို ဖိတ်ခေါ်ထည့်သွင်းပေးပါရန် တောင်းဆိုအပ်ပါသည်။

(ယောဂီမယ်တစ်စု စစ်ကိုင်းချောင်)
သုဂတိဘ၀ရောက်ရှိဖို့ ပထမအသေချာဆုံးနည်းမှာ အရိယာဖြစ်ဖို့ ဖြစ်ပြီး၊ ဒုတိယအသေချာဆုံးနည်းမှာ ဈာန်ရဖို့ ဖြစ်၏။ တတိယနည်းမှာ စူဠသောတာပန် အဆင့်သို့ ရောက်ရှိထားဖို့ဖြစ်ပြီး စတုတ္ထနည်းမှာ သေခါနီးဇောကောင်းဖို့ ဖြစ်၏။
အရိယာဖြစ်နိုင်ရန် ၀ိပဿနာအားထုတ်ရမည်ဖြစ်ကြောင်း၊ ဈာန်ရဖို့ရန် သမထ ဘာဝနာ ပွားများရမည်ဖြစ်ကြောင်း သိရှိကြပြီးဖြစ်သဖြင့် ဤ၌ စူဠသောတာပန်အဆင့် ရောက်အောင် ပြုလုပ်နည်းနှင့် သေခါနီးဇောကောင်းအောင် ပြင်ဆင်နည်းများကို ဖော်ပြပါမည်။
အင်္ဂုတ္တိုရ်၊ န၀ကနိပါတ်၊ သဥပါဒိသေသသုတ် အဋ္ဌကထာတွင်-
“ယေသံ ပန ကုလာနံ တီဏိ သရာဏာနိ ပဉ္စ သီလာနိ ဧကံ သလာကဘတ္တံ၊ ဧကံ ပက္ခိယဘတ္တံ၊ ဧကံ ၀ဿာဝါသိကံ၊ ဧကာ ပေါက္ခရဏီ၊ ဧကော အာဝါသော၊ ဧ၀ရူပါနိ နိဗဒ္ဓပုညာနိ အတ္ထိ၊ တေသမ္ပိ ဂတိ နိဗဒ္ဓါ၊ သောတာပန္နသဒိသာနေ၀ တာနိ ကုလာနိ။”
“အကြင်အမျိုးကောင်းသား သူတော်ကောင်းတို့အား ၁၊သရဏဂုံသုံးပါး၊ ၂၊ ငါးပါးသီလ၊ ၃၊ စာရေးတံဆွမ်း၊ ၄၊ လဆန်းပက္ခ လဆုတ်ပက္ခ၌ ဆွမ်းလှူဒါန်းခြင်း၊ ၅၊ ၀ါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ၆၊ ရေတွင်းရေကန် လှူဒါန်းခြင်း၊ ၇၊ ကျောင်းအဆောက်အဦ လှူဒါန်းခြင်း-ဟူသော နိဗဒ္ဓကုသိုလ်တို့ ရှိကုန်၏။ ထိုပုဂ္ဂိုလ်တို့၏လည်း လားရာဂတိသည် မြဲ၏။ ထိုအမျိုးကောင်းသား သူတော်ကောင်းများသည် သောတာပန်နှင့် တူကုန်၏။”
(“တိသရဏ၊ ငါးသီလ၊ မဲချ စာရေးတံ။
ဆယ့်ငါးရက်ဆွမ်း၊ ၀ါသင်္ကန်း၊ လှူဒါန်း သောက်ရေကန်။
ကျောင်းလှူတစ်ဝ၊ နိဗဒ္ဓ၊ ပုညရှိသူမှန်။
သောတာလိုပဲ၊ ဂတိမြဲ၊ သူလည်း ပယ်မပြန်။”) ဟု ဖွင့်ဆိုထားသဖြင့် အထက်ပါ ၇-မျိုးကို ကြိုတင်ပြုလုပ်ထားသူအဖို့ လာမည့်ဘ၀တွင် သေချာပေါက် သုဂတိဘ၀ ရောက်နိုင်သည်ဟု မှတ်သားသင့်ပါသည်။
မဇ္ဈိမနိကာယ်တွင်- “ရဟန်းတို့ ဤသို့ ငါသည် ပုဆိုးသစ်သဖွယ် ဖြစ်သော တရားကို ကောင်းစွာ ဟောကြားထား၏၊ ပေါ်ပေါ်လွင်လွင် ဖွင့်လှစ် ပြသထား၏၊ ရဟန်းတို့ ဤသို့ ငါသည် ပုဆိုးသစ်သဖွယ်ဖြစ်သော တရားကို ကောင်းစွာ ဟောကြားထားသော် ပေါ်ပေါ် လွင်လွင် ဖွင့်လှစ် ပြသထားသော် ငါ (ဘုရားအပေါ်) ၌ ယုံကြည်ခြင်း `သဒ္ဓါ´ မျှ၊ ချစ်ခင် မြတ်နိုးခြင်း `ပေမ´ မျှ ဖြစ်ကြသော ပုဂ္ဂိုလ် အားလုံးတို့သည်ပင် နတ်ပြည်သို့ လားရောက်ခြင်း ရှိကြကုန်၏။” (မူလပဏ္ဏာသပါဠိတော်၊ အလဂဒ္ဒူပမသုတ်) ဟု ဟောတော်မူထား၏။
ထိုပါဠိတော်၏ အဋ္ဌကထာတွင် ‘၀ိပဿနာတရား ပွားများအားထုတ်နေသော ယောဂီပုဂ္ဂိုလ်သည် အရိယာတို့သိအပ်သော မဂ်ဖိုလ်တရားမရှိသော်လည်း ဘုရားရှင်အပေါ်၌ ယုံကြည်ခြင်း သဒ္ဓါမျှ၊ ချစ်ခင်မြတ်နိုးခြင်း ပေမမျှ-ဖြစ်ရုံဖြင့် နတ်ပြည်သို့ ရောက်နိုင်ကြကုန်၏၊ မြဲသောဂတိရှိကုန်၏။ ဤသို့သဘောရှိသော (၀ိပဿနာတရားပွားများအားထုတ်နေသော) ပုဂ္ဂိုလ်ကို စူဠသောတာပန်ဟု ရှေးမထေရ်တို့ ဆိုကြကုန်၏’ ဟု ဖွင့်ဆိုထား၏။
`ယေသံ မယိ သဒ္ဓါမတ္တံ ပေမမတ္တန္တိ ဣမိနာ ယေသံ အညော အရိယဓမ္မော နတ္ထိ၊ တထာဂတေ ပန သဒ္ဓါမတ္တံ ပေမမတ္တမေ၀ ဟောတိ။ တေ ၀ိပဿကပုဂ္ဂလာ အဓိပ္ပေတာ၊ ၀ိပဿကဘိက္ခူနဥှိ ဧ၀ံ ၀ိပဿကံ ပဋ္ဌပေတွာ နိသိန္နာနံ ဒသဗလေ ဧကာ သဒ္ဓါ ဧကံ ပေမံ ဥပဇ္ဇတိ။ တာယ သဒ္ဓါယ တေန ပေမေန ဟတ္ထေ ဂဟေတွာ သဂ္ဂေ ဌပိတာ ၀ိယ ဟောန္တိ၊ နိယတဂတိကာ ကိရ ဧတေ။ ပေါရာဏကတ္ထေရာ ပန ဧ၀ရူပံ ဘိက္ခုံ စူဠသောတာပန္နောတိ ၀ဒန္တိ။’ (မ၊ဋ္ဌ၊၂၊ ၂၆)
ဤ၌ ချစ်ခင်မြတ်နိုခြင်း ပေမ-အရ တဏှာလောဘပင် မဟုတ်ပါလော၊ တဏှာလောဘသည် အကုသိုလ်ဖြစ်သောကြောင့် နတ်ပြည်သို့ အဘယ်သို့လျှင် ပို့ဆောင်နိုင်ပါသနည်းဟု မေးဖွယ်ရှိ၏။ ဤ၌ ဘုရားရှင်ကဲ့သို့သော သူတော်ကောင်းကို ချစ်ခင်မြတ်နိုးခြင်းကြောင့် အကျိုးယုတ်ဖွယ်မရှိ။ ဘုရားရှင်ကို ချစ်ခင်မြတ်နိုးခြင်းကြောင့် ပုဂ္ဂိုလ်ခင်၍ တရားမင်ကာ ဘုရားစကားကို နားထောင်ခြင်း၊ ဒါနသီလ-စသော ကောင်းမှုကုသိုလ်များ ပြုလုပ်မိခြင်းတို့ကြောင့် ကုသိုလ်တရားများ ဖြစ်ပွားဖို့ရာ အလားအလာ အားကောင်းသဖြင့် နောင်ဘ၀တွင် ကောင်းရာသုဂတိ ရောက်ရှိဖို့ရာ သေချာသော အကြောင်းတစ်ခု ဖြစ်နိုင်၏။ ပဋ္ဌာန်းပါဠိတော်ကြီးတွင်လည်း အောက်ပါအတိုင်း ဟောတော်မူထား၏။ --
အကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော။ ပကတူပနိဿယော --- ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ၀ိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။ ပ ။ ရာဂေါ။ ပ ။ သဒ္ဓါယ သီလဿ သုတဿ စာဂဿ ပညာယ ဥပနိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန-၁-၁၄၉။)
အကုသိုလ်တရားသည် ကုသိုလ်တရားအား ပကတိအားကြီးသောမှီရာ ဥပနိဿယ ပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။ ပကတူပနိဿယဟု ခေါ်ဆို၏။ ယင်း ပကတူပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပုံမှာ ---
ချစ်ခင်မြတ်နိုးခြင်း ပေမတရား အ၀င်အပါဖြစ်သည့် ရာဂကို အားကြီးသော အမှီသဟဲပြု၍ = (ပုဂ္ဂိုလ်ခင်မှ တရားမင်၍) ဒါနကို ပေးလှူ၏၊ သီလကို ဆောက်တည်၏၊ ဥပုသ်ကံကို ကျင့်သုံး၏၊ ဈာန်ကို ဖြစ်စေ၏၊ ၀ိပဿနာဉာဏ်ကို ဖြစ်စေ၏၊ မဂ်ဉာဏ်ကို ဖြစ်စေ၏၊ အဘိညာဏ်ကို ဖြစ်စေ၏၊ သမာပတ်ကို ဖြစ်စေ၏။ ရာဂသည် သဒ္ဓါအား သီလအား သုတအား စာဂအား ပညာအား အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။ (ပဋ္ဌာန-၁-၁၄၉။) (နိဗ္ဗာနဂါမိနီ- စတုတ္ထတွဲ)
နောက်တစ်မျိုးမှာ ကင်္ခါဝိတရဏ၀ိသုဒ္ဓိအဆင့်သို့ ရောက်ရှိအောင် အားထုတ်ထားရန် ဖြစ်၏။ ကျမ်းစာများမှ ထုတ်နှုတ်ပြရသော်-
“ဧ၀ံ သင်္ခါရေ သလ္လက္ခေတွာ ဌိတဿ ပန ဘိက္ခုဿ ဒသဗလဿ သာသနေ မူလံ သြတိဏ္ဏံ နာမ ဟောတိ၊ ပတိဋ္ဌာ လဒ္ဓါ နာမ၊ စူဠသောတာပန္နောနာမ ဟောတိ နိယတဂတိကော။” (အဘိ၊ဋ္ဌ၊၂၊ ၂၄၂)
ဤသို့လျှင် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ကောင်းစွာပိုင်းခြား မှတ်သားပြီး၍ တည်နေသော ယောဂါဝစရ ရဟန်းတော်သည် ကိုယ်တော်အား ဆယ်ပါး ဉာဏ်တော်အား ဆယ်ပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ သာသနာတော်၌ အရင်းအမြစ်သို့ သက်ဝင်၍ တည်နေသည် မည်ပေတော့၏။ (ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် သိမ်းဆည်းမိသောအခါ ကင်္ခါဝိတရဏ၀ိသုဒ္ဓိ ဖြစ်၍ ဗုဒ္ဓမြတ်စွာသာသနာတော်မှ မခွာနိုင်အောင် သာသနာတော်ဝယ် အမြစ်တွယ်ပြီး ဖြစ်တော့သည် --- ဟူလို။)
ဗုဒ္ဓမြတ်စွာသာသနာတော်၌ ထောက်ရာတည်ရာကို ရအပ်သည် မည်ပေ၏၊ ကောင်းရာသုဂတိ ဘုံဘ၀လျှင် ကိန်းသေမြဲသော လားရာဂတိ ရှိသော စူဠသောတာပန် မည်တော့၏။ (ဤဒိဋ္ဌိဝိသုဒ္ဓိနှင့် ကင်္ခါဝိတရဏ၀ိသုဒ္ဓိစခန်းသို့ ဆိုက်ရေးအတွက် သီလ၀ိသုဒ္ဓိနှင့် စိတ္တ၀ိသုဒ္ဓိတို့ကို အခြေခံရဦးမည်သာ ဖြစ်သည်။)
ဤပုဂ္ဂိုလ်နှင့်ပတ်သက်၍ ဘာသာဋီကာဆရာတော်၏ မှတ်ချက်မှာ--
“ဤဝိသုဒ္ဓိကို ရသော ပုဂ္ဂိုလ်သည် သီလဝိသုဒ္ဓိဖြင့် သီလစင်ကြယ်ပြီး ဖြစ်ရကား အပါယ်ရောက်ကြောင်း မကောင်းမူ အကုသိုလ်အကြီးစားတွေကို မပြုတော့။ စိတ္တဝိသုဒ္ဓိဖြင့် သမာဓိ ရပြီးဖြစ်ရကား လောကီအာရုံ ကာမဂုဏ် အကြံ ၊ သူတပါး ပျက်စီးကြောင်း အကြံကို လည်းကောင်း မကြံစည်တော့။ ဒိဋ္ဌိဝိသုဒ္ဓိ ကခါင်္ဝိတရဏဝိသုဒ္ဓိ ၂ ပါးကြောင့် ရုပ်နာမ်အပေါ်၌ လည်းကောင်း၊ ဘုရားတရားအရိယာသံဃာတော်များ အပေါ်၌၎င်း၊ ယုံမှား သံသယ မရှိတော့။ အဝိဇ္ဇာတဏှာ မကုန်သေးသမျှ ကံကလည်း ဘဝသစ်အကျိုးကို ပေးမည်သာဟု ယုံကြည်ပြီး ဖြစ်ရကား ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာသည် ကင်းကွာလေတော့၏။ ထိုကြောင့် ရုပ်နာမ်တို့ကို အနိစ္စ ဒုက္ခ အနတ္တ-ဟု ဝိပဿနာ မရှုသေးသောကြောင့် သောတာပန်အကြီးစား ( သောတာပန် အစစ် မဟာသောတာပန် ) မဖြစ်သေးသော်လည်း လာမည့်ဘဝ၌ ဧကန်မုချ အပါယ်မကျဖို့ သေချာလှသောကြောင့် စူဠသောတာပန် (သောတာပန် နောင်တော်ကြီး၏ ညီငယ်၊ သောတာပန် အမတော်ကြီး၏ ညီမငယ် သောတာပန်ကား ) ဧကန်ဖြစ်နေပြီဟုမှတ်ပါ။
ဝိသုဒ္ဓသီလစိတ္တေဟိ၊ ကင်္ခါဝိတရဏဉာဏိကော။
စူဠသောတာပန္နော နာမ၊ တဒတ္ထံ ဝါယမေ တတော။
ဝိသုဒ္ဓသီလေဟိ၊ ညစ်ကြေးမတင် လွန်သန့်စင်သည့် လေးအင်သီလ သမထကြောင့် တောက်ပလျှံဖိတ် စင်ကြယ်သောစိတ်တို့နှင့်တကွ၊ ကင်္ခါဝိတရဏဉာဏိကော၊ ဒိဋ္ဌိ ဝိစိကိစ္ဆာ ခွာပယ်နိုင်ဘိ ဝိသုဒ္ဓိဉာဏ် အမြင်သန်သော ယောဂီသည်၊ စူဠသောတာပန္နော နာမ၊ သောတာပန်ဖြစ် ပုဂ္ဂိုလ်စစ်နှင့် စနစ်တူတန် စူဠမှန်သည့် သောတာပန် မည်နိုင်ပေပြီ၊ တတော- ထို့ကြောင့်၊ တဒတ္ထံ- ထိုစူဠသောတာ ဖြစ်စိမ့်ငှါဖြင့် ကင်္ခါလွန်မြောက် ဝိသုဒ္ဓိ ရောက်ဖို့ အကျိုးငှါ၊
ဝါယမေ- အချိန်ကောင်းဆဲ အားကုန်လွှဲ၍ တပွဲတလမ်း လွန်ကြိုးပမ်းလျက် စမ်းသပ်အားထုတ် သင့်လေတော့သတည်း။” (ခုဒ္ဒသိက္ခာ-ဘာဋီ၊ ၆၀၂-၃)
ဝိသုဒ္ဓိမဂ်တွင်လည်း ယထာဘူတဉာဏ်နှင့် ပြည့်စုံလျှင် စူဠသောတာပန်ဖြစ်ကြောင်း မိန့်ဆိုချက်ရှိ၏။
“ဣမိနာ ပန ဉာဏေန သမန္နာဂတော ၀ိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌော နိယတဂတိကော စူဠသောတာပန္နော နာမ ဟောတိ။” (၀ိသုဒ္ဓိ -၂ -၂၄၀။)
“ဤဆိုအပ်ခဲ့ပြီးသော ယထာဘူတဉာဏ်နှင့် ပြည့်စုံသော ၀ိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို အပတ်တကုတ် ကြိုးစား အားထုတ်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ် သူမြတ်သည်ကား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ သာသနာတော်မြတ် အတွင်း၌ ရအပ်သော သက်သာရာရှိသည်, ရအပ်သော ထောက်ရာတည်ရာရှိသည်, မြဲသော သုဂတိရှိသည် ဖြစ်၍ စူဠသောတာပန် = သောတာပန် အထွေးကလေး မည်လေတော့၏။” (၀ိသုဒ္ဓိ-၂ -၂၄၀။)
(အမှန်အားဖြင့် ယထာဘူတဉာဏ်၊ သမ္မာဒဿနဉာဏ်၊ ကင်္ခါဝိတရဏဉာဏ်-တို့သည် သဒ္ဒါမျှသာ ထူး၏၊ အနက်အဓိပ္ပါယ် တူကြသောကြောင့် နောက်ဆုံးနှစ်ခုကို တစ်ခုအနေဖြင့် မှတ်သားနိုင်၏။)
မြန်မာပြည်ရှိ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် အထက်ပါအတိုင်း ဈာန်မဂ်ဖိုလ်တရားထူးများ မရသည့်တိုင် စူဠသောတာပန်အဆင့်သို့ ရောက်ရှိနေသူများ ရှိကြပေမည်။ ထိုစူဠသောတာပန်အဆင့်ကို ဆက်လက်ထိန်းသိမ်းသွားနိုင်ပါလျှင် နောက်ဘ၀ ကောင်းရာသုဂတိ ရရှိဖို့ သေချာနိုင်ပါသည်။
အကယ်၍ စူဠသောတာပန်အဆင့်သို့ မရောက်ရှိသေးဟု ယူဆထားသည့်တိုင် ဗုဒ္ဓဘာသာဝင်များအဖို့ အားကောင်းသော နေ့စဉ်ဘုရားရှိခိုးခြင်း၊ ဆွမ်းလောင်းလှူခြင်းစသော အာစိဏ္ဏကံ ကုသိုလ်များ ရှိကြပါသည်။ ထိုကံများ၏ စွမ်းအားကြောင့် ဘ၀ကူး ကောင်းနိုင်ပါသည်။
ထိုသို့ အာစိဏ္ဏကံ ကုသိုလ်များ များပြားစွာ ရှိနေကြသော သူတော်ကောင်းများပင် သေခါနီးကာလ၌ အောက်မေ့အပ် ပြုအပ်သော အကုသိုလ် အာသန္နကံကြောင့် အပါယ်ငရဲသို့ ရောက်ကြရသည်မဟုတ်ပါလော-ဟူငြားအံ့။
မှန်ပါသည်။ သာမာန်ကာမာဝစရကုသိုလ်ကံများ မြောက်မြားစွာ ရှိနေကြပါလျက် သေးခါနီး၌ ကပ်၍ပြုအပ်သော၊ မိမိပြုခဲ့မိသော မကောင်းမှုတစ်ခုခုကို သေခါနီးမှ သတိရမိသော သူတော်ကောင်းများပင် ထိုအနီးကပ်ပြုအပ်သော အာသန္နကံလေးက အရင် အကျိုးပေးခွင့်ရသဖြင့် ဒုဂ္ဂတိဘ၀သို့ လားရောက်ရသည့် သာဓကများ ရှိပါသည်။ ထိုသို့မဖြစ်အောင် ကြိုတင်ကာကွယ်ထားရန် တိတိကျကျ ညွှန်ကြားထားသော ဒေသနာကို မတွေ့မိပါ။
အဂုင်္တ္တိုရ်၊ တိကနိပါတ်၊ လောဏကပလ္လသုတ်တွင် - ‘ဆားခွက်ကို ရေအနည်းငယ် ရှိသောခွက်၌ ထည့်လိုက်လျှင် သောက်လို့မရအောင် ငန်သွားသည့် ဆားငန်ရေဖြစ်သွား သကဲ့သို့ အချို့သောပုဂ္ဂိုလ်သည် အနည်းငယ်ပြုအပ်သော အကုသိုလ်ကြောင့် အပါယ်ငရဲသို့ ရောက်ရ၏။ ဆားခွက်ကို ရေများစွာရှိသော ဂင်္ဂါမြစ်၌ ထည့်အပ်သော် သောက်လို့မရနိုင်သည့် ဆားငန်ရေဖြစ်မသွားသကဲ့သို့ အချို့သောပုဂ္ဂိုလ်ပြုအပ်သော အကုသိုလ်သည် ဒုတိယဘ၀၌ အကျိုးမပေးကြောင်း’ ဟောတော်မူချက်ရှိပါသည်။ ထိုဒေသနာအရ မိမိကိုယ်ကို ဂင်္ဂါမြစ်သဖွယ်ဖြစ်အောင် ကြိုတင်ပြင်ဆင် ထားရမည်ဖြစ်၏။ အဘယ်သို့ကျင့်သုံးထားရမည်ကို ထိုသုတ္တန်၌ ဟောတော်မူထားသည်မှာ--
“ရဟန်းတို့ အဘယ်သို့သော သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ် မျှဖြစ်သော မကောင်းမှုကံသည် ထိုပြုသူပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကာယဘာဝနာကိုလည်း မပွါးများ၊ သီလကိုလည်း မပွါးများ၊ စိတ်ကိုလည်း မပွါးများ၊ ပညာကိုလည်း မပွါးများ၊ (ဂုဏ်အားဖြင့်) ငယ်၏၊ (ဂုဏ်ငယ်သော အားဖြင့်) ခန္ဓာကိုယ် ငယ်၏၊ (မကောင်းမှု) အနည်းငယ်ဖြင့် ဆင်းရဲစွာ နေရ၏။ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော အနည်းငယ်မျှသော မကောင်းမှု ကံသည် ထိုပြုသူပုဂ္ဂိုလ်ကို ငရဲသို့ ဆောင်၏။
ရဟန်းတို့ အဘယ်သို့သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့ သဘော ရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘ၀၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘ၀၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ်မှာ ထင်ပါအံ့နည်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာယဘာဝနာကိုလည်း ပွါးများ၏၊ သီလကိုလည်း ပွါးများ၏၊ စိတ်ကိုလည်း ပွါးများ၏၊ ပညာကိုလည်း ပွါးများ၏၊ (ဂုဏ်အားဖြင့်) မငယ်၊ (ဂုဏ်ကြီးသောအားဖြင့်) ခန္ဓာကိုယ် ကြီး၏၊ နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ရာဂ စသည်တို့ မရှိသဖြင့် နေရ၏။ ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့ သဘော ရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘ၀၌ ခံစားအပ်သော အနည်းငယ်မျှသော မကောင်းမှုကံသည် ဒုတိယဘ၀၌ အနည်းငယ်မျှသော အကျိုးလည်း မထင်၊ များစွာသော အကျိုးသည်ကား အဘယ်မှာထင်ပါတော့ အံ့နည်း။ (ဥပမာများစွာဖြင့် ဟောတော်မူထားသည်။ အကျယ်ကို ထိုသုတ်၌ ကြည့်ပါ။) (အံ၊၃၊ လောဏကပလ္လသုတ်)
ဒီဘ၀သေပြီးနောက် သေချာပေါက် အပါယ်လေးပါး ကျရောက်စေနိုင်သော ပဉ္စာနန္တရိယ စသော ကံကြီးများကို ရှောင်ရှားလျက် သမထ၀ိပဿနာများ စွမ်းနိုင်သမျှ ပွားများထားပါလျှင် သေခါနီးဇောကောင်းကာ ကောင်းရာသုဂတိ ရောက်ရှိနိုင်ပါသည်ဟု ဖြေကြားလိုက်ပါသည်။
၄၃။ ထို လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို အမိအဖသည် မပြုနိုင်၊ တစ်ပါးသော ဆွေမျိုးတို့သည်လည်း မပြုစွမ်းနိုင်ကုန်။ ထို လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို ကောင်းစွာထားအပ်သော စိတ်သည်သာလျှင် ထိုမိဖဆွေမျိုးတို့ထက် တစ်ဆင့်ထက် တစ်ဆင့် မြင့်မြတ်အောင် ပြုစွမ်းနိုင်၏။ (ဓမ္မပဒပါဠိတော်)
အရှင်ကောဝိဒ (ယော)
http://www.myatpanyagon.comမှတဆင့်ခံစားတင်ပြသည်။

No comments:

Post a Comment