ဝိသာခါသည် သူ၏မြေးမလေး သေဆုံးရသဖြင့် စိတ်နှလုံး
ဆင်းရဲပင်ပန်း၍ နေ၏။ ညှိုးနွမ်းပူဆွေး၍ နေ၏။ ထိုကြောင့် ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံး
နေတော်မူသော မြတ်စွာဘုရားထံ ချဉ်းကပ်လေသည်။
"ဝိသာခါ - သင်သည် နေ့ခင်းအချိန်ကြီး၌
အဘယ်အရပ်က လာခဲ့သနည်း ၊ အဘယ်ကြောင့် နှလုံးမသာမယာ ဖြစ်နေသနည်း" ဟု မြတ်စွာဘုရားက
မေးတော်မူ၏။
"အရှင်ဘုရား - တပည့်တော်၏ မြေးမငယ်တစ်ဦး
သေဆုံးသွားပါသည် ၊ ထို့ကြောင့် စိတ်နှလုံး ဆင်းရဲပင်ပန်းလှသဖြင့် အရှင်ဘုရားထံ ချဉ်းကပ်လာပါသည်"
ဟု ဝိသာခါက လျှောက်ထားလေသည်။
"ဝိသာခါ - သင်သည် ဤသာဝတ္ထိပြည်၌ရှိသော
လူဦးရေလောက်များပြားသည့် သားမြေးတို့ကို အလိုရှိသလား"
"အရှင်ဘုရား - တပည့်တော် အလိုရှိပါသည်"
"ဝိသာခါ - ဤသာဝတ္ထိပြည်၌ နေ့စဉ်နေ့တိုင်း
အဘယ်မျှလောက်သောလူတို့ ကွယ်လွန်ကြသနည်း"
"အရှင်ဘုရား - သာဝတ္ထိပြည်သားတို့သည် နေ့စဉ်အားဖြင့်
(၁၀) ယောက်လည်း ကွယ်လွန်ပါ၏ ၊ (၉) ယောက်လည်း ကွယ်လွန်ပါ၏ ၊ အနည်းဆုံးအားဖြင့် နေ့စဉ်
တစ်ယောက်သော်လည်း ကွယ်လွန်ပါ၏ အရှင်ဘုရား ၊ ဤသာဝတ္ထိပြည်၌ သေသူနှင့် ကင်းသောနေ့ဟူ၍ မရှိပါ"
"ဝိသာခါ - ဘယ်သို့နည်း ၊ သို့ဖြစ်လျင်
သင်သည် တစ်ခါတစ်ရံမျှ စိတ်နှလုံး မပူဆွေး မပင်ပန်းဘဲ ရှိနိုင်ပါတော့မည်လော"
ဝိသာခါသည် မြတ်စွာဘုရား၏ အမေးစကားကို သဘောသက်ဝင်သွားပြီဖြစ်၍
အမြင်လည်း ပြောင်းလဲသွားလေသည်။ ထို့ကြောင့် -
"မရှိနိုင်ပါ ရှင်ဘုရား ၊ ထိုမျှလောက်
များပြားသော သား-မြေးတို့ဖြင့် တပည့်တော်အား အကျိုးမရှိတော့ပါ ၊ ပူဆွေးပင်ပန်းရန်သာ
ရှိပါတော့မည်" ဟု လျှောက်ကြားလေသည်။
"ဝိသာခါ-တစ်ရာမျှလောက် ချစ်ခင်အပ်သော
အရာဝတ္ထု ရှိသူအား တစ်ရာမျှလောက် ဆင်းရဲပင်ပန်းလှပေ၏ ၊ ကိုးဆယ်မျှလောက် ချစ်ခင်အပ်သော
အရာဝတ္ထု ရှိသူအား ကိုးဆယ်မျှလောက်ပင် ဆင်းရဲပင်ပန်းရပေ၏ ၊ ရှစ်ဆယ် ၊ ခုနှစ်ဆယ် ၊ ခြောက်ဆယ်
၊ ငါးဆယ် ၊ လေးဆယ် ၊ သုံးဆယ် ၊ နှစ်ဆယ် ၊ တစ်ဆယ်မျှလောက် ချစ်ခင်အပ်သော အရာဝတ္ထု ရှိသူအား
ထိုထိုအတိုင်းအတာမျှလောက်ပင် ဆင်းရဲပင်ပန်းလှပေ၏ ၊ အဆုံးအားဖြင့် ချစ်ခင်အပ်သော အရာဝတ္ထုတစ်ခုမျှရှိသူအား
ထိုတစ်ခုမျှလောက်ပင် ဆင်းရဲပင်ပန်းရပေ၏။
"ဝိသာခါ-ချစ်ခင်အပ်သော အရာဝတ္ထု မရှိသူအား
ဆင်းရဲပင်ပန်းခြင်းမရှိပေ ၊ ထိုသူသည် စိုးရိမ်ခြင်းမရှိ ၊ ကိလေသာမြူမရှိ။
*** "ဝိသာခါ-လောက၌ စိုးရိမ်ခြင်းတို့သည်လည်းကောင်း
၊ ငိုကြွေးခြင်းတို့သည်လည်းကောင်း ၊ ဆင်းရဲပင်ပန်းခြင်းတို့သည်လည်းကောင်း ထင်ရှားရှိကုန်၏
၊ ထိုအလုံးစုံတို့သည် ချစ်ခင်အပ်သော အရာဝတ္ထုကို စွဲ၍ ဖြစ်ပေါ်ကုန်၏ ၊ ချစ်ခင်အပ်သော
အရာဝတ္ထု မရှိလေမူ ထိုအလုံးစုံတို့သည် မဖြစ်ပေါ်နိုင်ကုန်။
"ထို့ကြောင့် လောက၌ အကြင်သူအား ချစ်ခင်အပ်သော
အရာဝတ္ထု တစ်စုံတစ်ရာမျှ မရှိငြားအံ့ ၊ ထိုသူသည် ချမ်းသာ၏ ၊ စိုးရိမ်မှု ကင်း၏ ၊ ဆင်းရဲပင်ပန်းမှု
ကင်း၏။
"ထို့ကြောင့် စိုးရိမ်ကင်းမှု ၊ ဆင်းရဲပင်ပန်းခြင်း
ကင်းမှု ၊ ကိလေသာမြူကင်းမှုကို လိုချင်တောင့်တသော သူသည် လောက၌ တစ်စုံတစ်ခုသော ချစ်ခင်နှစ်သက်မှုကိုမျှ
မပြုကြကုန်ရာ" ဟူ၍ မြတ်စွာဘုရား မြွက်ကြားတော် မူလေ၏။
(ဥဒါန်းပါဠိတော် ၊ ပါဋလိဂါမိယဝဂ် ၊ ဝိသာခါသုတ်)
*** BTNR မှ ဆရာလေးမြိုင်၏ ဗုဒ္ဓ၏ဝါဒစစ်ပွဲများ
စာအုပ်မှ ကူးယူဖော်ပြပူဇော်ခြင်း ဖြစ်ပါသည်။
No comments:
Post a Comment