သာယာဝတီမှ မောင်ရဲမြင့်သည် အခြားဘာသာဝင်
ဖြစ်သည်။ စာရေးသူနှင့် ဘာသာတရားအကြောင်းကို ပွင့်လင်းရင်းနှီးစွာ
ဆွေးနွေးအပြီးတွင် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သွားခဲ့သည်။ သူနှင့်
ဆွေးနွေးပုံအကျယ်ကို “အရူံးမရှိသောဒဿန” စာအုပ်တွင် ဖတ်ရူနိုင်သည်။
မောင်ရဲမြင့်သည် စာဖတ်သည်။ ထို့ကြောင့် အတွေးအခေါ်ကောင်းသည်။
သူ့အတွေးအခေါ်လေးတစ်ခုကို ဖတ်ရူခံစားကြည့်ပါ။
လူတစ်ယောက်မှာ
တီဘီရောဂါ ဖြစ်နေသည်။ ခြောက်လလောက်စွဲသောက်လျှင်
ကင်းရှင်းစွာပျောက်မည့်ဆေးလည်း သူ့အနားတွင်ရှိနေသည်။ သို့သော် သူကား
ထိုဆေးကိုမသောက်။ အကြောင်းကား ထိုဆေးသည် သူ့နိုင်ငံမှထုတ်လုပ်သော
ဆေးမဟုတ်သောကြောင့်ဟူ၏။ ထိုသို့မသောက်လျှင် ထိုသူသည် တီဘီရောဂါဖြင့်
သေဖို့သာရှိ၏။
ထို့အတူ
လောဘ၊ ဒေါသစသောကိလေသာရောဂါကို ပျောက်စေမည့် တစ်ခုတည်းသောဆေးသည် ဗုဒ္ဓ၏
ဝိပဿနာတရားပင်ဖြစ်၏။ ထိုဝိပဿနာဆေးကို မိမိဘာသာကနည်းလမ်း မဟုတ်သောကြောင့်
မသောက်သုံးနိုင်၊ မကျင့်သုံးနိုင်ဟုဆိုလျှင် ပူလောင်သော၊ အပါယ်သို့
ဆွဲချသောကိလေသာရောဂါများ မပျောက်ကင်းရုံသာရှိ၏။
မောင်ရဲမြင့်သည်
ဗုဒ္ဓဘာသာဝင် ဖြစ်လာပြီးနောက် ရဟန်းပြုလိုက်သောအခါ “ဦးဝိသုဒ္ဓ” ဖြစ်သွား၏။
ရွှေပြည်သာမြို့၊ မန္တလေးကျောင်းမှာ ငါးဝါခန့်သီတင်းသုံးပြီးနောက်
ကော့သောင်းမြို့သို့ ပြောင်းရွှေ့သွားခဲ့သည်။ ကော့သောင်းမြို့၊
ခုနှစ်မိုင်ရွာရှိ တောင်ကြီးတစ်တောင်ပေါ်တွင်
တစ်ပါးတည်းဧကစာရီသီတင်းသုံးပြီး ပခုက္ကူဝိပဿနာ သင်တန်းခွေတရားများကို
နာယူလျက် တရားကျင့်နေသည်။
ဦးဝိသုဒ္ဓသည်
သူ့ထံသို့ရောက်လာသမျှ ဒကာ၊ ဒကာမများအား အတွေးအမြင်ပါသည့်
တရားတိုလေးများကို ဟောပေးလေ့ရှိသည်။ သူ့တရားအများစုသည် အမေးပါသော်လည်း
အဖြေမပါပေ။ အလွန်စိတ်ဝင်စားစရာကောင်းသဖြင့် နမူနာတစ်ခု ဖော်ပြပါအံ့။
တစ်ခါတွင် ကော့သောင်းမြို့၊ သူဌေးကျွန်းဟိုတယ်မှ ဦးဘုန်းမြင့်တစ်ယောက်
ဦးဝိသုဒ္ဓ၏ တောကျောင်းလေးသို့ ရောက်လာသည်။ ဦ၀ိသုဒ္ဓက စတင်မေးမြန်းသည်။
“ဒကာကြီး… နာမည် ဘယ်လိုခေါ်သလဲ”
“ဦးဘုန်းမြင့်လို့ ခေါ်ပါတယ်ဘုရား”
“ဒကာကြီး အသက်မွေးဝမ်းကျောင်း ဘာလုပ်သလဲ”
“တပည့်တော် သူဌေးကျွန်းဟိုတယ် အင်ဂျင်နီယာဌာနမှာ အလုပ်လုပ်ပါတယ်ဘုရား”
“ဒကာကြီး လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ အင်ဂျင်နီယာလုပ်ဖို့ တစ်ခုတည်းအတွက်လား”
ဦးဝိသုဒ္ဓ၏တရားသည်
စကားလုံး ၂၇လုံး-ခန့်နှင့် ပြီးဆုံးခဲ့လေပြီ။ “ကမ္ဘာအတိုဆုံးတရား”ဟု
ဆိုရလေမည်လားမသိ။ ဦးဘုန်းမြင့်အတွက်ကား အံ့သြစရာအကောင်းဆုံးနေ့တစ်နေ့
ဖြစ်သွား၏။ လူတစ်ယောက် ဖြစ်နေပါလျက် “လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်”ကို
ဦးဘုန်းမြင့်တစ်ယောက် တစ်ခါမျှမစဉ်းစားခဲ့ဖူးပေ။
ဦးဝိသုဒ္ဓသည်
ထိုမေးခွန်းကို ကျောင်းသို့ရောက်လာသူအားလုံးအား မေးမြန်းလေ့ရှိသည်။
သို့သော် အဖြေကိုကား ပြောမပြပေ။ အမေးခံရသူကိုယ်တိုင်
ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အဖြေထုတ်ရသည်။ စာရေးသူသည် ဤတရားကို
ရန်ကုန်တိုင်း၊ ဒေါပုံမြို့ ယမုံနာလမ်းတွင် စတင်ဟောကြားခဲ့သည်။
ထိုတရားသည်
နာကြားရသူအားလုံးအတွက် အံ့သြတုန်လူပ်ဖွယ်ရာဖြစ်သွားသည်။
အသိဉာဏ်ပညာအလင်းတွေ အများကြီးရသွားကြသည်။ ဤတရားဗီစီဒီအခွေကို သာကေတ၊
(၁)ဈေးလမ်း၊ ရွှေလ၀င်းစတိုးဆိုင်နှင့် ဆေးဆိုင်ပိုင်ရှင် ဦးကျော်လှ၊
ဒေါ်စန်းတင့် မိသားစုတို့က ဓမ္မဒါနအဖြစ်လှူန်ဒါန်းနေရာ
ခွေပေါင်းထောင်ချီနေပြီဟု သိရသည်။
ထိုယမုံနာလမ်းဘေးမှ
မီးသွေးရောင်းသော ဘာသာခြားဒကာကြီးတစ်ဦးသည် ထိုတရားကိုနာကြားမိသွားပြီး
ဗုဒ္ဓဘာသာဝင်ဖြစ်သွားသည်။ ထိုဘာသာပြောင်းလာသော ဒကာကြီးသည်
ရွှေလ၀င်းမိသားစုထံမှ ယင်းတရားခွေများကိုယူ၍ ထပ်ဆင့်ဓမ္မဒါနပြုနေသည်မှာလည်း
ခွေပေါင်းရာဂဏန်းထိရှိနေပြီဟုသိရသည်။
ထိုဘာသာခြားဒကာကြီးက ဦးလှဝင်းတို့ မိသားစုအား ပြောခဲ့သော စကားမှာ မှတ်သားဖွယ်ကောင်းလှ၏။
ကျွန်တော်
လူတစ်ယောက်ဖြစ်နေပြီးတော့ “လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်”ကို တစ်ခါမှ
မစဉ်းစားမိဘူး၊ လူလာဖြစ်ရတာ မီးသွေးရောင်းဖို့ တစ်ခုတည်းအတွက်လို့ပဲ
ထင်နေမိတယ်၊ ဒီတရားကို နာရမှ လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို
ကောင်းကောင်းကြီး သိသွားတယ်။
မေတ္တာရှင်(ရွှေပြည်သာ) “လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment