သရဏဂုံကို ဆောက်တည်၍ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သော ဥပါသကာယောက်ျား၊
ဥပါသိကာ မိန်းမများသည် ဥပါသကာတို့၏ သီလဖြစ်သည့် ငါးပါးသီလကို လုံခြုံအောင်
စောင့်ထိန်းပြီး အသက်မွေးဝမ်းကျောင်း စင်ကြယ်မှုရှိလျှင် ဥပါသကာကောင်း၊
ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ်တော့၏။ ထို့ပြင် ဥပါသကာယောက်ျား၊
ဥပါသိကာမိန်းမတို့သည်
၁။ရတနာသုံးပါး၊ ကံ- ကံ၏အကျိုးတရားတို့၌ ယုံကြည်မှု သဒ္ဓါရှိခြင်း။
၂။ ကိုယ်ကျင့်သီလရှိခြင်း။
၃။ ပညာမဲ့သူ လူမိုက်တို့ ကြံဆအပ်သည့် “ချမ်းသာ၊
ဆင်းရဲမှုသည်ကံကြောင့်ဖြစ်သည်မဟုတ်၊ အာရုံငါးပါးကို ဤသို့ မြင်- ကြား-
တွေ့-ထိလျှင် ဤမည်သော မင်္ဂလာဖြစ်သည်” ဟူသော ကောတုဟလမင်္ဂလာကို မယုံကြည်
မလိုက်စားခြင်း၊ ဟူသော ကောတုဟလမင်္ဂလာကို မယုံကြည် မလိုက်စားခြင်း၊
၎။ ကောတုဟလမင်္ဂလာခေါ် လောကီမင်္ဂလာတို့ကို မယုံကြည်ဘဲ ကံကိုသာယုံခြင်း။
၅။ ကုသိုလ်ကောင်းမှု ပြုလုပ်လျှင် သာသနာပြင်ပတိတ္ထိတို့၌ မြတ်သော
အလှူခံပုဂ္ဂိုလ်မရှာဘဲ ဤသာသနာတော်၌သာ ရှေးဦးစွာ ဦးစားပေးပြုလုပ်ပြီးမှ
တိတ္ထိတို့၏ ထံ၌ပြုလုပ်ခြင်းဟူသော တရားငါးမျိုးတို့နှင့် ပြည့်စုံလျှင်
ထိုဥပါသကာ၊ ဥပါသိကာတို့ကို ပရိတ်သတ်လေးပါးနှင့် နတ်အများတို့
ကြည်ညိုနှစ်သက်ခံရသည့်အတွက် ဥပါသကာရတနာ၊ ရနံ့မွှေးကြိုင်သော ပဒုမ္မာကြာ၊
ပုဏ္ဍရိက်ကြာတို့ကဲ့သို့ ဂုဏ်သတင်းလှိုင်သော ဥပါသကပဒုမ၊ ဥပါသကပုဏ္ဍရိကတို့ဟူ၍
ခေါ်ရသည်။
ယုတ်ညံသောဥပါသကာ
ဥပါသကာယောက်ျား၊ ဥပါသိကာမိန်းမများသည် ဥပါသကာတို့၏
သီလဖြစ်သည့် ငါးပါးသီလကို လုံခြုံအောင်လည်း မစောင့်ထိန်း၊
အသက်မွေးဝမ်းကျောင်းမှု၌လည်း မစင်ကြယ်လျှင် ဥပါသကာပျက်၊ ဗုဒ္ဓဘာသာဝင်ပျက်များ
ဖြစ်၏။ ထို့ပြင် ဥပါသကာယောက်ျား၊ ဥပါသိကာမိန်းမတို့သည်၊
၁။ ရတနာသုံးပါး၊ ကံ- ကံ၏အကျိုးတို့၌ ယုံကြည်မှုသဒ္ဓါတရားမရှိခြင်း။
၂။ ကိုယ်ကျင့်သီလမဲ့ခြင်း။
၃။ “အာရုံငါးပါးကို ဤသို့ မြင်- ကြား- တွေ့- ထိလျှင် ဤမည်သောမင်္ဂလာဖြစ်၏” ဟု
ပညာမဲ့သူ လူမိုက်တို့ ကြံဆအပ်သော ကောတုဟလ မင်္ဂလာကို ယုံကြည်လိုက်စားခြင်း၊
၎။ ကောတုဟလခေါ်သော လောကီမင်္ဂလာတို့ကိုသာ ယုံကြည်၍ ကံကိုမယုံကြည်ခြင်း။
၅။ သာသနာပြင်ပရှိ တိတ္ထိတို့ထံ၌သာ မြတ်သောအလှူခံပုဂ္ဂိုလ်ကိုရှာ၍
ကုသိုလ်ကောင်းမှု ပြုလုပ်လျှင် ထိုတိတ္ထိတို့အား ဦးစားပေးကာ ရှေးဦးစွာ
လှူဒါန်းမှု စသည်ကို ပြုလုပ်ပြီး နောက်မှ ဘုရားသာသနာ၌ ပြုလုပ်ခြင်း။
ဟူသော တရားငါးမျိုးနှင့်ပြည့်စုံလျှင် ဥပါသကာပျက်များဖြစ်၍ ထိုဥပါသကာ
ဥပါသိကာတို့ကို ဒွန်းစဏ္ဍားကဲ့သို့ ယုတ်ညံ့၍ ဥပါသကာ စဏ္ဍာလ၊ အညစ်အကြေးများရှိ၍
ဥပါသကမလ၊ ရွံရှာစက်ဆုပ်ဖွယ်ဖြစ်၍ ဥပါသက ပတိကုဋ္ဌဟူ၍ခေါ်သည်ဟု
(ပဉ္စကအင်္ဂုတ္တရပါဠိတော်) စဏ္ဍာလသုတ်၌ မြတ်စွာဘုရားဟောကြားထား၏။
ဤ””ဥပါသကာပျက်” ဟုဆိုရာ၌ ဥပါသကာယောက်ျား၊ ဥပါသိကာမိန်းမတို့သည်
ငါးပါးသီလည်း မလုံခြုံ၊ အသက်မွေးမှုလည်းမစင်ကြယ်လျှင် “ဥပါသကာပျက်” သာဖြစ်၏။
သရဏဂုံကား မပျက်၊ ဆက်လက်တည်မြဲလျက်ပင်ရှိ၏။ သို့သော် သဒ္ဓါတရားမရှိခြင်း၊
စသောဖော်ပြပါတရားငါးမျိုးတို့နှင့်ပြည့်စုံခဲ့လျှင် “ရတနာသုံးပါး ကံ-
ကံ၏အကျိုးတို့ကို မယုံကြည်မှု၊ ရတနာသုံးပါးထက် သာသနာပြင်ပတိတ္ထိတို့ကို
အမြတ်ထား၍ မြတ်သောအလှူခံပုဂ္ဂိုလ်(အဂ္ဂဒက္ခိဏေယျ) အဖြစ်
လှူဒါန်းမှု”စသည်တို့ကြောင့် ဥပါသကာပျက်ဖြစ်သည့်အပြင် သရဏဂုံလည်းပျက်တော့၏။
ဗုဒ္ဓဘာသာဝင်အဖြစ်မှ ရပ်စဲသွားပါတော့သည်။
ထို့ကြောင့် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ဥပါသကာကောင်း
ဥပါသိကာကောင်း ဗုဒ္ဓဘာသာဝင်ကောင်းများဖြစ်အောင် ဥပါသကာ၏ သီလ၊ ဥပါသကာ၏
အသက်မွေးမှု၊ဥပါသကာတို့ပြည့်စုံရမည့် တရားငါးမျိုးတို့နှင့် ပြည့်စုံအောင်
အစဉ်သတိထားလျက် နေထိုင်ကျင့်သုံးသင့်လှပေးကြောင်း အသိပေးအပ်ပါသည်။
ကျမ်းကိုး။ ။ ပဉ္စက အင်္ဂုတ္တရပါဠိတော်။ ဗုဒ္ဓဘသာဂုဏ်ရည်(ဓမ္မာစရိယ ဦးအေးနိုင်)
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment