ကြည်ညိုစရာကောင်းသော ရဟန်းတွင် ခင်စရာကောင်းသော
အချက်များကို မတွေ့နိုင်သလို၊ ခင်မင်စရာကောင်းသော ရဟန်းတွင်လည်း
ကြည်ညိုစရာကောင်းသော အချက်များကို တွေ့နိုင်ခဲ၏။
ကြည်ညိုစရာကောင်းသောရဟန်းသည် “တရားရဖို့ကိုသာ” အဓိကထား၏။
ခင်မင်စရာကောင်းသော ရဟန်းသည်ကား “ပစ္စည်းလေးပါရဖို့ကိုသာ” အဓိကထား၏။ တရားရဖို့ကို အဓိကမထား။ အံ့သြစရာကောင်းသည်ကား -
ပစ္စည်းလေးပါးကို
အဓိကထားပြီး ရှာသောရဟန်းသည် ပစ္စည်းလေးပါးကိုလည်းမရ၊
တရားလည်းမရဖြစ်တတ်ပြီး၊ တရားကိုအဓိကထားပြီးရှာသော ရဟန်းသည်
ပစ္စည်းလေးပါးလည်းရ၊ တရားလည်းရဖြစ်တတ်ခြင်းပင်တည်း။
ကြည်ညိုစရာကောင်းသော
ရဟန်းသည် မိမိခန္ဓာကိုယ်ကို သာသနာကြီးပွားရာကြီးပွားကြောင်း အတွက်သာ
အသုံးချတတ်၏။ လမင်းကဲ့သို့ကျင့်၏။ လမင်းသည် လူတို့နှင့်ဝေးရာမှာ နေ၏။
သို့သော် လူသားတို့အား အလင်းရောင်ကိုပေး၏။ အအေးဓာတ်ကိုလည်း ပေး၏။ ထို့အတူ
ကြည်ညိုစရာကောင်းသော ရဟန်းသည် လူတို့နှင့် ဝေးရာမှာနေ၏။ သို့သော်လူတို့အား
သစ္စာတရားကို ဟောကြားပေး၏။ မေတ္တာဓာတ်ကိုလည်း ပို့လွှတ်ပေး၏။
သစ္စာတရားကိုဟောကြားခြင်းဟူသည်
အလင်းရောင်ကို ပေးခြင်းဖြစ်၏။ မေတ္တာဓာတ်ကို ပို့လွှတ်ပေးခြင်း ဟူသည်
အအေးဓာတ်ကို ပေးခြင်းဖြစ်၏။ ဘကြီးတော်မင်းတရားနှင့် နန်းမတော်မယ်နုတို့
လက်ထက်တွင်ပေါ်ထွန်းခဲ့သော ညောင်ကန်ဆရာတော် ဦးဗုဓ်(ဦးစက္ကိန္ဒ)သည်ကား
ကြည်ညိုစရာကောင်းသော ဗုဒ္ဓအလိုကျ ရဟန်းတစ်ပါးပင်ဖြစ်၏။
မင်းနှင့်
မိဖုရားက ကျောင်းဆောက်လှူဒါန်း ကိုးကွယ်ခဲ့ရသော မင်းဆရာတော်တစ်ပါး
ဖြစ်သော်လည်း ပစ္စည်းလေးပါးအလှူရှင် မင်းနှင့်မိဖုရားကို
ပျံလွန်တော်မူသည်အထိ ငါးမိနစ်ပြည့်အောင်ပင် စကားလက်ခံမပြောခဲ့ဖူးပေ။
အဘယ်ကြောင့်နည်း -
မိမိ၏ လူ့ဘ၀တွင် နေရမည့်အသက်နှင့် အချိန်တို့ကို သာသနာအား အပြီးအပိုင်လှူဒါန်းထားခြင်းကြောင့်ပင်တည်း။
ဘကြီးတော်မင်းတရားနှင့်
နန်းမတော်မယ်နုတို့သည် ဆရာတော်ဦးဗုဓ်၏ ကျောင်းသို့ မကြာမကြာ
ရောက်လာတတ်ပြီး လိုအပ်သည်ကို ကြည့်ရူလှူဒါန်းတတ်ကြ၏။
ကျောင်းသို့ရောက်ရောက်ချင်း ဆရာတော်ကို ဦးချရှိခိုး၏။ ဆရာတော်ကား
နူတ်ဆက်စကားပြောဖို့ ဝေးစွ၊ လှည့်၍ပင်မကြည့်ချေ။ ဆရာတော်၏မျက်လုံးများကား
ကျမ်းစာအုပ်မှ မခွာပေ။
လှူစရာရှိသည်များကိုလှူခဲ့ပြီး
ပြန်ခါနီးတွင် တစ်ကြိမ်ဦးချသည်။ သြ၀ါဒတရားလေးများဟောလေမလားဟု မင်းနှင့်
မိဖုရားက ငံ့လင့်မိကြ၏။ သို့သော် ဆရာတော်ကား စာအုပ်ကို
စိုက်ရေးနေလိုက်သည်မှာ သူတို့လာရောက်ဦးချသည်ကိုပင် သိဟန်မတူ။
တစ်နေ့တရားဟောနိုး၊ တစ်နေ့စကားပြောနိုးနှင့် စောင့်ဆိုင်းလာကြသည်မှာ
နှစ်များစွာပင် ကြာခဲ့၏။ ဆရာတော်ထံမှ နူတ်ဆက်စကားသံကိုပင် မကြားခဲ့ပါချေ။
ထို့ကြောင့်
မင်းနှင့်မိဖုရားသည် ဆရာတော်နှင့် စကားပြောခွင့်ရရန် တစ်ယောက်လျှင်
တစ်ကြိမ်စီ ကြိုးစားခဲ့ကြဖူး၏။ တစ်ခါတွင် ဘကြီးတော်မင်းတရားသည် ဆရာတော်အား
ဦးချပြီးသည်နှင့် အရဲစွန့်ပြီး ယခုလိုလျှောက်ထားလိုက်၏။
မေတ္တာရှင်(ရွှေပြည်သာ) “လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment