လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်သည် ၀မ်းစာရှာဖို့
မဟုတ်၊ အိပ်ဖို့ မဟုတ်၊ စားဖို့ မဟုတ်၊ ကာမဂုဏ်ခံစားဖို့ မဟုတ်။
ကုသိုလ်ပြုဖို့ အတွက်သာဖြစ်၏။ တိရစ္ဆာန်တွင် ၀မ်းစာရှာခြင်း၊ အိပ်ခြင်း၊
စားခြင်း၊ ကာမဂုဏ်ခံစားခြင်းဟူသော အချက်လေးချက်ရှိသကဲ့သို့ လူတွင်လည်း
ထို့အတူ လေးချက်ပင်ရှိ၏။ ဤလေးချက်သာရှိနေပါက လူသည်တိရစ္ဆာန်နှင့် ဘာမျှမထူး၊
အတူတူသာဖြစ်၏။
လူသားသည်
ကုသိုလ်(ပရဟိတအလုပ်)ကို လုပ်တတ်၏။ တိရစ္ဆာန်ကားမလုပ်တတ်။
ဤကုသိုလ်(ပရဟိတအလုပ်) ကြောင့်သာလျှင် လူသားသည် တိရစ္ဆာန်ထက်
သာလွန်မြင့်မြတ်သွားခြင်းဖြစ်၏။ ၃၁-ဘုံတွင် လူ့ဘုံတစ်ဘုံသာ
ကုသိုလ်လုပ်၍ရသလော၊ အခြားဘုံများတွင် ကုသိုလ်လုပ်၍ မရပြီလောဟု
မေးခဲ့ငြားအံ့။ “မရနိုင်”ဟုသာ ဖြေရပါလိမ့်မည်။ မရနိုင်ဟူသည် လူ့ဘုံကဲ့သို့
တင်းပြည့်ကျပ်ပြည့်မရနိုင်ဟာ ဆိုလိုခြင်းဖြစ်၏။
လူ့ဘုံအောက်တွင်ရှိသော
အပါယ်လေးဘုံတွင် ဆင်းရဲဒုက္ခတွေ များလွန်းအားကြီးသောကြောင့်
မည်သည့်ကုသိုလ်မှ ပြုလုပ်၍ မရပေ။ လူ့ဘုံအထက်တွင်ရှိသော နတ်ဘုံ၊
ဗြဟ္မာဘုံတို့တွင်ကား ချမ်းသာသုခတွေ များလွန်းအားကြီးသောကြောင့်
မည်သည့်ကုသိုလ်ကိုမျှ ကောင်းကောင်းလုပ်၍ မရပြန်ပေ။ ဥပမာအားဖြင့်
နတ်ပြည်နှင့် ဗြဟ္မာ့ပြည်တွင် အလှူခံပုဂ္ဂိုလ်မရှိသောကြောင့် ဒါနကုသိုလ်
မည်သို့မျှ မဖြစ်နိုင်ခြင်းမျိုးပင်တည်း။
ထို့ကြောင့်
ဘုရားအလောင်းများသည် နတ်ပြည်သို့ရောက်လျှင် သက်တမ်းပြည့်မနေဘဲ သက်တမ်း၏
သုံးပုံတစ်ပုံလောက်သာနေကာ မိမိကိုယ်ကိုသေအောင်ပြု၍
လူ့ပြည်သို့ပြန်သွားကြသည်။ လူ့ပြည်ရောက်မှ ဒါန၊ သီလစသော
ကုသိုလ်ပါရမီများကို တင်းပြည့်ကျပ်ပြည့် ဆည်းပူးကြသည်။ နတ်ပြည်သည်
လူ့ဘ၀ကရှာဖွေလာသော ကုသိုလ်များကို သုံးစွဲဈေးတန်းတစ်မျိုးသာဖြစ်သည်။
မေတ္တာရှင်(ရွှေပြည်သာ) “လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်”
စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment