Wednesday, December 31, 2014

ဒေါသနှင့် အဒေါသ



ဒေါသသည် မီးနှင့်တူပြီး အဒေါသ (မေတ္တာ)ကား ရေစင်ရေအေးကဲ့သို့ အေးမြပါသည်။ ဒေါသသည် ၎င်းမှီရာ ပုဂ္ဂိုလ်ကို လောင်ကျွမ်းခြင်းသဘောရှိပြီး အဒေါသသည် ၎င်းမှီရာ ပုဂ္ဂိုလ်ကို အေးချမ်းစေပါသည်။ ထို့ကြောင့် ဒေါသဖြစ်သူမှာ ရုပ်ရေကြမ်းတမ်း ခက်ထန်လာပြီး အဒေါသဖြစ်သူမှာ နူးညံ့သိမ်မွေ့လာပါသည်။ (ဤသို့ မှတ်သားထားပါသည်။)
သို့သော် ဒေါသဟူသော မီးးသည်
အဒေါသဟူသော ရေကိုပါ လောင်ကျွမ်းကုန်ဆုံးစေနိုင်သည်၊ ဒေါသကြီးမားသူသည် ဒေါသ၏ လောင်ကျွမ်းမှုကြောင့် ၎င်းကြိုးစား အားထုတ်ထားသော အဒေါသတရားများ ကို ကြာရှည်တည်တံ့အောင်မထိန်းနိုင်ဘဲ အကုသိုလ်တွေသာကြာရှည်စွာ အဖတ်တင်ရစ်ပါသည်ဟု ထပ်မံနာကြားရပါသည်၊ သို့ဆိုလျှင် အားထုတ်ထားသမျှ အဒေါသတရားများသည် အဟောသိကံဖြစ်သွား ရပါသလား။ (ဤသို့ သိချင်ပါသည်)။
မောင်မောင်မြ (ရန်ကုန်)
“ရဟန်းတို့ စေ့ဆော်အပ် အားထုတ်အပ် ပြုလုပ်အပ် ဆည်းပူးအပ်ကုန်သော ကံတို့၏ (အကျိုးကို) မခံစားရပဲ ကင်းပျောက်မှုကို ငါမဆို၊ ထိုအကျိုးကိုလည်း မျက်မှောက်ဘ၀၌သော်လည်းကောင်း၊ အခြားမဲ့ (ဒုတိယ) ဘ၀၌သော် လည်းကောင်း၊ နောက်ဘ၀အဆက်ဆက်၌သော်လည်းကောင်း ခံစားရ၏။ ရဟန်းတို့ စေ့ဆော်အပ် အားထုတ်အပ် ပြုလုပ်အပ် ဆည်းပူးအပ်ကုန်သော ကံတို့၏ (အကျိုးကို) မခံစားရပဲ ဆင်းရဲ ကုန်ဆုံးရန် ပြုနိုင်မှုကို ငါမဆိုသည်သာတည်း။” (အင်္ဂုတ္တိုရ်၊ ဒသကနိပါတ်၊ ကရဇကာယသုတ်) ဟူသော ဒေသနာအတိုင်း အကျိုးကို မခံစားရသေးပဲ ကင်းပျောက်သွားစရာ အကြောင်းမရှိပါ။
အားထုတ်ထားသမျှ အဒေါသတရားများသည် အဟောသိကံ ဖြစ်မသွားပါ။ နောင်အခါ အကျိုးပေးခွင့် အချိန်တန်သည့်အခါ အကျိုးပေးဖို့ရန် သတ္တ၀ါတို့၏ ရုပ်နာမ်အစဉ်၌ သတ္တိထူးတစ်ရပ် ကျန်ရစ်ပါသည်။
“ဒေါသကြီးမားသူသည် ဒေါသ၏ လောင်ကျွမ်းမှုကြောင့် ၎င်းကြိုးစား အားထုတ်ထားသော အဒေါသတရားများ ကို ကြာရှည်တည်တံ့အောင် မထိန်းနိုင်ဘဲ အကုသိုလ်တွေသာ ကြာရှည်စွာ အဖတ်တင်ရစ်ပါသည်” ဟူရာ၌ ဒေါသကြီးမားသူအဖို့ မှန်ပါသည်၊ ဒေါသကြီးမားသူသည် အဒေါသတရားများကို ကြာရှည်တည့်တံ့အောင် မထိန်းနိုင်သည်မှာ သဘာဝကျပါသည်။ သို့ရာတွင် ဒေါသဖြစ်သည့် အချိန်၌ အဒေါသများသည် ချုပ်ပျောက်သွားပြီးဖြစ်၏။ နောက်မှဖြစ်ပေါ်လာသော ဒေါသက ရှေ့ကဖြစ်ပျက်သွားပြီး ဖြစ်သော အဒေါသကုသိုလ်တရားများ လိုက်လံဖျက်ဆီးသည်မဟုတ်။ “အကုသိုလ်တွေသာ ကြာရှည်စွာ အဖတ်တင်ရစ်ပါသည်” ဟူရာ၌ သတိ သမာဓိ ပညာစသည် အားကောင်း-မကောင်းအလိုက် ထိုက်သည့်အားလျော်စွာ ကြာနိုင်ပါသည်။
လောကတွင် အချို့က လောဘကြီး၏။ အချို့က ဒေါသကြီး၏။ ဤသို့စသည်ဖြင့် အဋ္ဌကထာတွင် ပုဂ္ဂိုလ်အမျိုးအစား ရှစ်မျိုးခွဲပြထားပါသည်။ ထိုရှစ်မျိုးအကြောင်းကို အဋ္ဌသာလိနီအဋ္ဌကထာလာသည့်အတိုင်း ဖော်ပြပါမည်။
“ဣမေသဥှိ သတ္တာနံ လောဘောပိ ဥဿန္နော ဟောတိ၊ ဒေါသောပိ မောဟောပိ အလောဘောပိ အဒေါသောပိ အမောဟောပိ။” (အဘိ၊ဋ္ဌ၊၁၊၃၀၈)
“သတ္တ၀ါတို့၏သန္တာန်တွင် လောဘတရားများ ထူပြောများပြားနေသည်လည်း ရှိ၏၊ ဒေါသတရားများ မောဟတရားများ ထူပြောများပြားနေသည်လည်း ရှိ၏။ အလောဘ-အဒေါသ-အမောဟတရားများ ထူပြောများပြားနေသည်လည်း ရှိ၏။”
“တံ နေသံ ဥဿန္နဘာဝံ ကော နိယာမေတိ။” (အဘိ၊ဋ္ဌ၊၁၊၃၀၈)
“ထိုကဲ့သို့ လောဘ ဒေါသစသည် ထူပြောသည့်သတ္တ၀ါဖြစ်အောင်၊ လောဘကြီးသူဖြစ်အောင် ဒေါသကြီးသူဖြစ်အောင် မည့်သည့်တရားက သတ်မှတ်ပေးပါသနည်း”ဟူမူ…
“ပုဗ္ဗဟေတု နိယာမေတိ” “ရှေးအတိတ်အကြောင်းတရားများက သတ်မှတ်ခြင်းဖြစ်၏။”
“ကမ္မာယူဟနက္ခဏေယေ၀ နာနတ္တံ ဟောတိ။” “ကံကိုအားထုတ်စဉ်ခဏမှာကတည်းက အသီးသီး ကွဲပြားခြားနားခဲ့ခြင်းဖြစ်၏။” (မြန်မာပြန်သက်သက်သာ ဖော်ပြပါတော့မည်)
(၁) အကြင်ပုဂ္ဂိုလ်၏ ကံကို အားထုတ်ခဲ့စဉ်ခဏ၌ လောဘသည် အားရှိ၏။ အလောဘသည် နုံ့၏။ အဒေါသ အမောဟတို့သည် အားရှိကုန်၏။ ဒေါသ မောဟတို့သည် နုံ့ကုန်၏။ ထိုသူ၏ နုံ့နည်းသော အလောဘသည် လောဘကို ကုန်စေခြင်းငှါ ၀ါ- အနိုင်ယူအံ့သောငှါ မတတ်နိုင်၊ အဒေါသ အမောဟတို့သည် အားရှိကုန်သည်ဖြစ်၍ ဒေါသ မောဟတို့ကို အနိုင်ယူအံ့သောငှါ စွမ်းနိုင်ကုန်၏။
ထို့ကြောင့် ထိုသူသည် ထိုကံသည် ပေးအပ်သော ပဋိသန္ဓေဖြင့် ဖြစ်လတ်သော် လောဘကြီးသူ ဖြစ်၏။ ချမ်းသာစွာနေလေ့ရှိသူ အမျက်ဒေါသနည်းသူ ဖြစ်၏။ ပညာရှိသူ ၀ရဇိန်နှင့်တူသောဉာဏ်ရှိသူ ဖြစ်၏။
(အနည်းငယ်ရှင်းရလျှင် ပုဂ္ဂိုလ်တစ်ယောက်သည် ရှေးယခင်ဘ၀များက သုဂတိရောက်ကြောင်း ကောင်းမှုကုသိုလ်ပြုခဲ့ရာတွင် (ဂုဏ်ရှိလိုခြင်း၊ နာမည်ကြီးလိုခြင်း၊ ချမ်းသာလိုခြင်း စသောအကြောင်းများ ကြောင့်) လောဘသည် အားကောင်းစွာ ယှဉ်တွဲပါဝင်လျက်ရှိ၏။ လောဘအားကောင်းသဖြင့် အလောဘသည် အားနည်းလျက် ရှိ၏။ သို့ရာတွင် ထိုသူ၏ သန္တာန်၌ အဒေါသ (မေတ္တာ)တရားများ၊ ကံ ကံ၏အကျိုးကို ယုံကြည်သော အမောဟ (ပညာ) တရားများ အားကောင်းစွာ ဖြစ်ပွားလျက်ရှိ၏။ ထိုသူသည် ထိုကုသိုလ်ကံ အကျိုးပေးကြောင့် ဤလူ့ဘ၀ကို ရလာခဲ့သည်ဆိုပါက (ကုသိုလ်ပြုစဉ် လောဘယှဉ်ခဲ့သောကြောင့်) လောဘအားကြီးသူ ဖြစ်လာ၏။ (အဒေါသ အမောဟတို့ယှဉ်ခဲ့သောကြောင့်) ဒေါသနည်းသူ၊ ပညာကြီးသူ ဖြစ်လာ၏။ ထိုသူမျိုးသည် လောဘဖြစ်စရာ ကြုံလာလျှင်သာ မစောင့်စည်းနိုင်၊ မထိန်းချုပ်နိုင် ဖြစ်တတ်၏။ ဒေါသဖြစ်စရာ ကြုံလာလျှင်ကား အောင့်အည်းနိုင်သူ၊ ထိန်းချုပ်နိုင်သူဖြစ်၏။ လွယ်လွယ်နှင့် ဒေါသမဖြစ်တတ်။)
၂။ အကြင်ပုဂ္ဂိုလ်၏ ကံကိုအားထုတ်ခဲ့စဉ်ခဏ၌ လောဘ ဒေါသတို့သည် အားရှိကုန်၏။ အလောဘ အဒေါသတို့သည် အားနည်းကုန်၏။ အမောဟသည် အားကြီး၏၊ မောဟသည် နုံ့၏။ ထိုသူသည် လောဘကြီးသူ ဒေါသကြီးသူ ဖြစ်လာ၏။ ဒတ္တာဘယမထေရ်ကဲ့သို့ ပညာရှိသူ ၀ရဇိန်ပမာ ထက်မြက်သော ဉာဏ်ရှိသူ ဖြစ်လာ၏။
၃။ အကြင်သူအား ကံကိုအားထုတ်ခဲ့စဉ်က လောဘ အဒေါသ မောဟတို့သည် အားကြီးခဲ့၏။ ဒေါသ အလောဘ အမောဟ-တို့သည် အားသေးခဲ့၏။ ထိုသူသည် လောဘကြီးသူ ဉာဏ်နည်းသူ ဖြစ်လာ၏။ ချမ်းသာစွာ နေရခြင်းရှိသူ အမျက်ဒေါသနည်းသူ ဖြစ်လာ၏။
၎။ အကြင်သူအား ကံကိုအားထုတ်ခဲ့စဉ်က လောဘ ဒေါသ မောဟ သုံးမျိုးလုံး အားကြီးခဲ့၏။ အလောဘ အဒေါသ အမောဟတို့ အားနည်းခဲ့၏။ ထိုသူသည် လောဘလည်းကြီးသူ ဒေါသလည်းကြီးသူ မောဟလည်း ကြီးသူ ဖြစ်လာ၏။
၅။ အကြင်သူအား ကံကိုအားထုတ်ခဲ့စဉ်က အလောဘ ဒေါသ မောဟ – တို့ အားကြီးခဲ့၏၊ လောဘ အဒေါသ အမောဟ – တို့ အားနည်းခဲ့၏။ ထိုသူသည် နည်းသောကိလေသာရှိသူ နတ်၌ဖြစ်သောအာရုံကိုသော် လည်း တွေ့မြင်သည့်တိုင် မတုန်လှုပ်သူ ဖြစ်လာ၏။ သို့ရာတွင် ဒေါသကြီးသူ ဉာဏ်ပညာ နုံ့နှေးသူ ဖြစ်လာ၏။
၆။ အကြင်သူအား ကံကိုအားထုတ်ခဲ့စဉ်က အလောဘ အဒေါသ မောဟတို့ အားကြီးခဲ့၏။ လောဘ ဒေါသ အမောဟ-တို့ အားနည်းခဲ့၏။ ထိုသူသည် လောဘနည်းသူ ချမ်းသာစွာနေလေ့ရှိသူ ဖြစ်လာ၏။ သို့ရာတွင် ထုံထိုင်းသူ ဖြစ်လာခဲ့၏။
၇။ အကြင်သူအား ကံကိုအားထုတ်ခဲ့စဉ်က အလောဘ ဒေါသ အမောဟတို့ အားကြီးခဲ့၏။ လောဘ အဒေါသ မောဟတို့ အားနည်းခဲ့၏။ ထိုသူသည် လောဘနည်းသူ ပညာကြီးသူ ဒေါသအမျက်ကြီးသူ ဖြစ်လာ၏။
၈။ အကြင်သူအား ကံကိုအားထုတ်ခဲ့စဉ်က အလောဘ အဒေါသ အမောဟ သုံးမျိုးလုံး အားကြီးခဲ့၏။ လောဘဒေါသမောဟ သုံးမျိုးလုံး အားနည်းခဲ့၏။ ထိုသူသည် မဟာသံဃရက္ခိတမထေရ်ကဲ့သို့ လောဘနည်းသူ ဒေါသနည်းသူ ပညာဉာဏ်ကြီးရင့်သူ ဖြစ်လာခဲ့၏။
အထက်ပါပုဂ္ဂိုလ် ရှစ်မျိုးတွင် အတိတ်ဘ၀ ကံကိုအားထုတ်ခဲ့စဉ်က ဒေါသယှဉ်တွဲပါဝင်ခဲ့သူသာ ဤဘ၀တွင် ဒေါသကြီးသူဖြစ်လာသဖြင့် မေတ္တာပွားနေသည့်တိုင် ဒေါသအလွယ်တကူ ၀င်ရောက်လာနိုင်ခြင်း ဖြစ်၏။
“ရာဂသည် အပြစ် နည်း၏၊ ဖြည်းဖြည်း ကင်းပျောက်၏၊ ဒေါသသည် အပြစ်ကြီး၏၊ မြန်မြန် ကင်းပျောက်၏၊ မောဟသည် အပြစ်ကြီး၏၊ ဖြည်းဖြည်း ကင်းပျောက်၏” (တိကနိပါတ်၊ အညတိတ္ထိယသုတ်) ဟူသော ဒေသနာတော်အရ ဒေါသသည် အပြစ်ကြီးသော်လည်း မြန်မြန်ကင်းပျောက်ခြင်း သဘောရှိသောကြောင့် ဒေါသပြေပျောက်ဖို့ရာ ကြိုးစားအားထုတ်နိုင်ပါသည်။ ထိုသို့အားထုတ်ရာတွင်–
“ငါ့ရှင်တို့ မဖြစ်ပေါ်သေးသော ဒေါသ ဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသော ဒေါသ တိုးပွါး ပြန့်ပြောရန်သော်လည်းကောင်း အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်းဟု အကယ်၍မေးခဲ့လျှင် “ဒေါသဖြစ်ကြောင်း အာရုံ (ပဋိဃနိမိတ်တည်း) ဟု ဖြေဆိုရာ၏။ ဒေါသဖြစ်ကြောင်းအာရုံ (ပဋိဃနိမိတ်) ကို မသင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော ဒေါသသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ဒေါသသည်လည်း တိုးပွါးပြန့်ပြော ရန် ဖြစ်၏။” ဟူသော ဒေသနာတော်အရ မဖြစ်ပေါ်သေးသော ဒေါသ မဖြစ်ရန်၊ ဖြစ်ပေါ်ပြီးသော ဒေါသ မတိုးပွားဖို့ရန် ဒေါသဖြစ်ကြောင်းအာရုံများကို မစဉ်းစားမိဖို့လည်း လိုပါသည်။
“ငါ့ရှင်တို့ မဖြစ်ပေါ်သေးသောဒေါသ မဖြစ်ပေါ်ရန်သော်လည်းကောင်း၊ ဖြစ်ပေါ်ပြီးသော ဒေါသ ပျောက်ကင်းရန်သော်လည်းကောင်း အကြောင်း အထောက်အပံ့ကား အဘယ်နည်း ဟု အကယ်၍ မေးခဲ့လျှင် “စိတ်၏ (ဗျာပါဒမှ) လွတ်မြောက်ကြောင်း မေတ္တာတည်း” ဟု ဖြေဆိုရာ၏။ စိတ်၏ (ဗျာပါဒမှ) လွတ်မြောက်ကြောင်း မေတ္တာကို သင့်သောအားဖြင့် နှလုံးသွင်းသူအား မဖြစ်ပေါ်သေးသော ဒေါသ သည်လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ်ပြီးသော ဒေါသသည်လည်း ပျောက်ကင်း၏။ (တိကနိပါတ်၊ အညတိတ္ထိယသုတ်) ဟူသော ဒေသနာအရ မဖြစ်ပေါ်သေးသော ဒေါသများ မဖြစ်ပေါ်ရန်၊ ဖြစ်ပေါ်ပြီးသော ဒေါသများ ပျောက်ကင်းရန် မေတ္တာဘာဝနာကိုလည်း ပွားများရမည်ဖြစ်ပါသည်။
ဤသို့ဖြင့် “ရဟန်းတို့ အမျက်မထွက်ခြင်း “အဒေါသ”သည် ရှိ၏၊ ယင်းအဒေါသသည် ကုသိုလ်၏ အကြောင်းရင်းတည်း။ အမျက်မထွက်သောသူသည် ကိုယ် နှုတ် စိတ်ဖြင့် အားထုတ်၏၊ ယင်း အားထုတ်မှုသည်
ကုသိုလ်တည်း။ အမျက်မထွက်သူသည် အမျက်ထွက်ခြင်း “ဒေါသ” မနှိပ်စက်အပ် မသိမ်းယူအပ်သော စိတ်ရှိသည် ဖြစ်၍ ငါသည် အားရှိ၏၊ စွမ်းနိုင်၏ဟု သတ်ဖြတ်ခြင်းဖြင့်သော် လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့် သော်လည်းကောင်း၊ ဆုံးရှုံးစေခြင်းဖြင့်သော် လည်းကောင်း၊ ကဲ့ရဲ့ခြင်းဖြင့်သော်လည်းကောင်း၊ နှင်ထုတ်ခြင်း ဖြင့်သော်လည်းကောင်း ထင်ရှားမရှိသော ၀တ္ထုဖြင့် (အပြစ်ကို ဆို၍) သူတစ်ပါးအား ဆင်းရဲကို မဖြစ်စေ။ ယင်းသို့ မဖြစ်စေခြင်းသည်လည်း ကုသိုလ်မည်၏။ ဤသို့လျှင် အဒေါသကြောင့် ဖြစ်ကုန်သော အဒေါသလျှင် အကြောင်းရင်း ရှိကုန်သော အဒေါသလျှင်ဖြစ်ကြောင်း ရှိကုန်သော အဒေါသလျှင် အထောက်အပံ့ ရှိကုန်သော မြောက်မြားစွာသော ဤကုသိုလ်တရားတို့သည် ထိုသူအား ဖြစ်ကုန်၏။ (အင်္ဂုတ္တိုရ်၊ တိကနိပါတ်၊ အကုသလမူလသုတ်) ဟူသော ဒေသနာတော်နှင့်အညီ ကုသိုလ်တရားများ ဖြစ်ပွားနိုင်ကြပါသည်။
အရှင်ကောဝိဒ (ယော)

No comments:

Post a Comment