ကျွန်တော်ကိုယ်တိုင် မဝေခွဲနိုင်သည့် သီလဆိုင်ရာ အောက်ပါမေးခွန်းများကို ဖြေကြားပေးပါရန်…
(က) သီလသည် ကိုယ် (ကာယကံ) နှင့် နှုတ် (၀စီကံ) တို့ကို ကောင်းစွာစောင့်ထိန်းရုံဖြင့် ပြည့်စုံပါသလား။
(ခ) စေတနာသီလ နှင့် စေတသိကသီလအထူး။
(ဂ) ကုသိုလ် အကုသိုလ် ကံမြောက်မှုနှင့် ကံမမြောက်မှု ခြားနားချက်။
လေးစားစွာဖြင့်
မောင်သစ္စာ (သုံးခွ)
(က) နှင့် (ခ) ကို တပေါင်းတည်း ဖြေဆိုပါမည်။
(က) သီလယတိ ကာယ၀စီကမ္မာနိ သမ္မာ ဒဟတီတိ သီလံ။
ကာယ၀စီကမ္မာနိ – ကိုယ်မှု နှုတ်မှုတို့ကို၊ သီလယတိ- သမ္မာ ဒဟတိ- ကောင်းစွာထားတတ်၏၊ ဣတိ-တသ္မာ- ထို့ကြောင့်၊ သီလံ- သီလမည်၏။
အကုသိုလ်မဖြစ်အောင် ကိုယ်မှုနှုတ်မှုတို့ကို ကောင်းစွာထားတတ်သော စေတနာသည် သီလမည်၏။
ဤဖွင့်ဆိုချက်အရ သီလသည် ကိုယ် (ကာယကံ) နှင့် နှုတ် (၀စီကံ) တို့ကို ကောင်းစွာစောင့်ထိန်းရုံဖြင့် ပြည့်စုံပါသည်။ မြတ်ဗုဒ္ဓ၏ ၄၅-၀ါ ကာလပတ်လုံး ဟောတော်မူအပ်သော ဒေသနာတော်များကို အနှစ်ချုပ်ကြည့်လျှင် သီလ-သမာဓိ-ပညာ ဟု သိက္ခာသုံးပါးသာ ဖြစ်၏။ ထိုသိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် ကိလေသာအဆင့်သုံးဆင့်ကို ပယ်ရှားနိုင်၏။ ထိုတွင်…
“သီလေန စ တဒင်္ဂပ္ပဟာန၀သေန ကိလေသပ္ပဟာနံ ပကာသိတံ ဟောတိ၊ သမာဓိနာ ၀ိက္ခ မ္ဘနပ္ပဟာန ၀သေန၊ ပညာယ သမုစ္ဆေဒပ္ပဟာန၀သေန။”
“ထိုမှတပါး သီလဖြင့် တဒင်္ဂပဟာန်အလိုအားဖြင့် ကိလေသာကို ပယ်ခြင်းကို ပြ၏၊ သမာဓိဖြင့် ၀ိက္ခမ္ဘနပဟာန်အလိုအားဖြင့်၊ ပညာဖြင့် သမုစ္ဆေဒပဟာန် အလိုအားဖြင့် (ကိလေသာကို ပယ်ခြင်းကို ပြ၏)။”
“တထာ သီလေန ကိလေသာနံ ၀ီတိက္ကမပဋိပက္ခော ပကာသိတော ဟောတိ၊ သမာဓိနာ ပရိယုဋ္ဌာနပဋိပက္ခော၊ ပညာယအနုသယပဋိပက္ခော။”
“ထို့ပြင် သီလဖြင့် (ကာယကံ ၀စီကံမြောက် ကျူးလွန်သော) ၀ီတိက္ကမကိလေသာတို့၏ ဆန့်ကျင်ဘက်ကို ပြ၏၊ သမာဓိဖြင့် (စိတ်သန္တာန်၌ထကြွ နှိပ်စက်သော) ပရိယုဋ္ဌာန ကိလေသာတို့၏ ဆန့်ကျင်ဘက်ကို ပြ၏၊ ပညာဖြင့် (အကြောင်းညီညွတ်လျှင် ဖြစ်ပေါ်လာနိုင်သဖြင့် ကိန်းနေသည်ဟု ဆိုအပ်သော) အနုသယကိလေသာတို့၏ ဆန့်ကျင်ဘက်ကို ပြ၏။” ဟူသော ၀ိသုဒ္ဓိမဂ်လာ ဖွင့်ဆိုချက်များအတိုင်း သီလသည် ၀ီတိက္ကမကိလေသာဟူသော ကာယကံမြောက် ၀စီကံမြောက် လွန်ကျူးမှုများကို တဒင်္ဂပဟာန်အားဖြင့် ပယ်သတ်နိုင်၏။ သို့ရာတွင် သီလဖြင့် မသတ်မိအောင် မခိုးမိအောင် ထိန်းထားသော်လည်း စိတ်၌ကား သတ်လိုစိတ် ခိုးလိုစိတ်များ ထကြွသောင်းကျန်းနိုင်သေး၏။ ထိုစိတ်၌ ထကြွသောင်းကျန်းသည့်အဆင့် ပရိယုဋ္ဌာနကိလေသာကို သမာဓိဖြင့် ပယ်သတ်နိုင်၏။ သို့ရာတွင် အမြစ်ပြတ်ကား မပယ်သတ်နိုင်သေး။ သမာဓိတန်ခိုး ဈာန်တန်ခိုးဖြင့် ဖယ်ခွါထားနိုင်ရုံ ၀ိက္ခ မ္ဘနပဟာန် အဆင့်သာ ရှိသေး၏။ အခွင့်သင့်လျှင် အကြောင်းညီညွတ်လျှင် ဖြစ်ပေါ်လာနိုင်သော စိတ်ထဲတွင် ကိန်းအောင်နေသကဲ့သို့ဖြစ်သော အနုသယအဆင့် ကိလေသာကိုကား ပညာဖြင့်သာ အမြစ်ပြတ် ပယ်သတ်နိုင်၏။
ဆက်လက်၍ ၀ိသုဒ္ဓိမဂ်၌ လာရှိသော သီလဆိုင်ရာအဖွင့်များကို မဟာစည်ဆရာတော်ဘုရားကြီး၏ ၀ိသုဒ္ဓိမဂ် မြန်မာပြန်မှ ထုတ်နှုတ်ပြဆိုပါဦးမည်။
“(က) သီလ-ဟူသည်အဘယ်နည်း၊
(ခ) အဘယ်အနက်သဘောကြောင့်သီလမည်သနည်း၊
(ဂ) ထိုသီလ၏လက္ခဏာ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်တို့ကား ဘယ်သည်တို့နည်း၊
(ဃ) သီလ၏ အကျိုးကား အဘယ်နည်း၊
(င) သီလသည် အဘယ်မျှ အပြားရှိသနည်း၊
(စ) သီလ၏ ညစ်ညူးကြောင်းကား အဘယ်နည်း၊
(ဆ) သီလ၏ ဖြူစင်ကြောင်းကား အဘယ်နည်း။
ထို (မေးခွန်းအပေါင်း)၏ အဖြေမှာ အောက်ပါအတိုင်း ဖြစ်သည်။
(က) သီလ-ဟူသည် အဘယ်နည်း-ဟူသော မေးခွန်း၌…. (ပါဏာတိပါတ) သတ္တ၀ါကို သတ်ခြင်းအစရှိသည် တို့မှ ကြဉ်ရှောင်သော သူ၏၎င်း၊ (ဥပဇ္ဈာယ၀တ်အစရှိသော) ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်သောသူ၏၎င်း၊ (ကုသိုလ်) စေတနာ အစရှိသော တရားတို့သည် (သီလမည်၏)။ ထို့ကြောင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌….
“သီလ-ဟူသည် အဘယ်နည်း-ဟူရာ၌ စေတနာသည် သီလမည်၏၊ စေတသိက်သည် သီလမည်၏၊ ပိတ်ဆို့ စောင့်စည်းခြင်းသည် သီလမည်၏၊ မလွန်ကျူးခြင်းသည် သီလမည်၏” ဟု….ဟောတော်မူပေ၏။
ထို (ပဋိသမ္ဘိဒါမဂ်)၌ စေတနာသီလမည်သည်မှာ သတ္တ၀ါကို သတ်ခြင်းအစရှိသည်တို့မှ ကြဉ်ရှောင်သောသူ၏၎င်း၊ (ဥပဇ္ဈာယ၀တ် အစရှိသော) ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်သောသူ၏၎င်း (ကုသိုလ်) စေတနာပေတည်း။
စေတသိက်သီလ-မည်သည်မှာ သတ္တ၀ါကို သတ်ခြင်း အစရှိသည်တို့မှ ကြဉ်ရှောင်သော သူ၏ ကြဉ်ရှောင်မှု (၀ိရတီစေတသိက်)ပေတည်း။
တနည်းအားဖြင့် စေတနာသီလ မည်သည်မှာ သတ္တ၀ါကို သတ်ခြင်း စသည်တို့ကို ပယ်စွန့်သောသူ၏ ခုနစ်ပါးသော (ကုသိုလ်) ကမ္မပထစေတနာ တို့ပေတည်း။
စေတသိက်သီလ မည်သည်မှာ “သူတပါး၏စည်းစိမ်ကို ရလိုသမှု ရှေးရှုကြံခြင်း-ဟူသော အဘိဇ္ဈာကိုပယ်၍ အဘိဇ္ဈာကင်းသော စိတ်ဖြင့် နေ၏” ဤသို့ အစရှိသော နည်းဖြင့် ဟောထား (အပ်ကုန်)သော အနဘိဇ္ဈာ, အဗျာပါဒ, သမ္မာဒိဋ္ဌိ တရားတို့ပေတည်း။
(သံဝရော သီလံ) ပိတ်ဆို့ စောင့်စည်းခြင်းသည် သီလမည်၏-ဟူရာ၌ စောင့်စည်းခြင်း – သံဝရသည် (၁) ပါတိမောက္ခသံဝရ၊ (၂) သတိသံဝရ၊ (၃) ဉာဏသံဝရ၊ (၄) ခန္တီသံဝရ၊ (၅) ၀ီရိယသံဝရ-ဟူ၍ ငါးပါး အပြားရှိ၏။
ထိုငါးပါးတို့တွင် “ဤပါတိမောက္ခသံဝရနှင့် ပြည့်စုံ၏ ကောင်းစွာ ပြည့်စုံ၏” ဟူသော ဒေသနာ၌ (လာသော) ဤစောင့်စည်းမှုသည် ပါတိမောက္ခသံဝရပေတည်း။
“စက္ခုနြေ္ဒကို စောင့်ရှောက်၏၊ စက္ခုနြေ္ဒ၌ ပိတ်ဆို့စောင့်စည်းခြင်းသို့ ရောက်၏” ဟူသော ဒေသနာ၌ (လာသော) ဤစောင့်စည်းမှုသည် သတိသံဝရပေတည်း။
“အဇိတ ဟု ခေါ်တော်မူ၍ မြတ်စွာဘုရားက ဟောတော်မူသည်မှာ-“လောက၌ အကြင်(ကိလေသာ) ရေ အယဉ်တို့သည် (ရှိကုန်၏)၊ ထို (ကိလေသာ) ရေအယဉ်တို့ကို တားမြစ်စရာကား အမှတ်ရမှု-သတိပေတည်း။ (ကိလေသာ) ရေအယဉ်တို့ကို ပိတ်ဆို့စရာကို ပြောပြရမည်၊ ၎င်းတို့ကို ပညာဖြင့် ပိတ်ဆို့ရာ၏” ဟူသော ဒေသနာ၌….(လာသော) ဤ စောင့်စည်းမှုသည် ဉာဏသံဝရပေတည်း။ ပစ္စည်းတို့ကို မှီဝဲ (ရာ၌ ဆင်ခြင်) မှုသည်လည်း ဤဉာဏသံဝရ၌ အတွင်းဝင်၏။
“အအေးကို အပူကို သည်းခံတတ်၏” ဤသို့အစရှိသော နည်းဖြင့် ဟောထားသော စောင့်စည်းမှု သည်ကား ခန္တိသံဝရ မည်၏။
“ဖြစ်ပေါ်လာသော ကာမအကြံအစည်ကို လက်မခံ” ဤသို့ အစရှိသောနည်းဖြင့် ဟောထားသော စောင့်စည်းမှုသည်ကား ၀ီရိယသံဝရမည်၏။ အသက်မွေးမှု၏ စင်ကြယ်ခြင်း-အာဇီဝပါရိသုဒ္ဓိ သည်လည်း ဤ၀ီရိယသံဝရ၌ အတွင်းဝင်၏။
ဤ ပြဆိုခဲ့သော ငါးပါးသော သံဝရကို၎င်း၊ မကောင်းမှုမှ ကြောက်တတ်သော အမျိုးကောင်းသားတို့၏ တွေ့ကြုံရသော (ဒုစ္စရိုတ်) ၀တ္ထုမှ ကြဉ်ရှောင်ခြင်း (၀ိရတီ)ကို၎င်း ဤအလုံးစုံကို သံဝရသီလဟု သိအပ်၏။
“မလွန်ကျူးခြင်းသည် သီလမည်၏” ဟူရာ၌ …. သီလဆောက်တည်ထားသော သူ၏ ကိုယ်၌ ဖြစ်သော မလွန်ကျူးခြင်း, နှုတ်၌ဖြစ်သော မလွန်ကျူးခြင်းကို ဆိုသည်။ ဤဆိုခဲ့သော စကားစုသည် “သီလဟူသည် အဘယ်နည်း” ဟူသော မေးခွန်း၏ အဖြေဖြစ်သည်။ (၀ိသုဒ္ဓိမြန်မာပြန်၊ ပထမတွဲ-၆၃-၄)
(ဂ) ကုသိုလ် အကုသိုလ် ကံမြောက်မှုနှင့် ကံမမြောက်မှု ခြားနားချက်။-ဟူရာ၌ကား
“ကမ္မပထမြောက်လျှင် ပဋိသန္ဓေကျိုးကို ပေးနိုင်သော ဇနကသတ္တိ ဧကန်ရှိ၏။ ကမ္မပထ မမြောက်လျှင်ကား ပဋိသန္ဓေကျိုးကို ပေးနိုင်-မပေးနိုင် ကိန်းသေမဟုတ်၊ တချို့ ပေးနိုင်၏။ တချို့ မပေးနိုင်။ ကမ္မပထမြောက်-မမြောက် ဆုံးဖြတ်ဖို့ရာ ဆိုင်ရာ အင်္ဂါ (လက္ခဏာ) စုံ-မစုံကို ကြည့်ရမည်။ ဆိုင်ရာ အင်္ဂါစုံလျှင် ကမ္မပထမြောက်၏။ အင်္ဂါမစုံလျှင် ကမ္မပထမမြောက်။” (သင်္ဂဟ-ဘာဋီ-၃၅၆) ဟူသည့်အတိုင်း….
“ဆိုင်ရာအင်္ဂါလက္ခဏာစုံလျှင် (ကုသိုလ်-အကုသိုလ်) ကံမြောက်၏။ မစုံလျှင် ကံမမြောက်။ ကံမြောက်သော (ကုသိုလ်-အကုသိုလ်) ကံသည် ပဋိသန္ဓေအကျိုးကို ဧကန်ပေးနိုင်၏၊ ကံမမြောက်လျှင် ဧကန်မပေးနိုင်၊ ပေးသည်လည်းရှိ၏၊ မပေးသည်လည်း ရှိ၏။” ဤသို့ ခြားနား၏။
ဥပမာ — ပါဏာတိပါတ (အကုသိုလ်)ကံ မြောက်ဖို့အတွက် (၁) သက်ရှိသတ္တ၀ါလည်း ဖြစ်ရမည်။ (၂) သက်ရှိသတ္တ၀ါဟုလည်း သိရှိရမည်။ (၃) သေစေလိုသော စေတနာလည်း ရှိရမည်။ (၄) သတ်လည်း သတ်ရမည်။ (၅) သေလည်း သေရမည်။ ဤအင်္ဂါ ငါးချက်စုံမှ ကံမြောက်၏ တစ်ပါးပါး ချို့တဲ့လျှင် ကံမမြောက်ဟု သိပါ။
(သို့ရာတွင် အရှင်ဒေ၀ဒတ်၏ ဘုရားရှင်ကို သတ်ရာ၌ နောက်ဆုံးအင်္ဂါ ချို့တဲ့သဖြင့် ပါဏာတိပါတကံ မမြောက်သော်လည်း ပြစ်မှားလိုစိတ် နှင့် ၀ီရိယတို့ အားကြီးသောကြောင့်လည်းကောင်း၊ အပြစ်မှားခံပုဂ္ဂိုလ်၏ ဂုဏ်ကြီးခြင်းကြောင့်လည်းကောင်း လောဟိတုပ္ပါဒကကံထိုက်ကာ အပါယ်ပဋိသန္ဓေအကျိုးကို ပေးပါသည်။)
ဤမျှဖြင့် ပြည့်စုံပြီဟု ယူဆပါသည်။
“၁၁၀။ သီလမရှိ သမာဓိမရှိဘဲ အနှစ် တစ်ရာပတ်လုံး အသက်ရှည် နေရခြင်းထက် သီလရှိ၍ သမထ, ၀ိပဿနာကို ရှုနေသော သူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။ ( ဓမ္မပဒ)”ဟူသော ဒေသနာတော် အတိုင်း သီလသမာဓိရှိသော နေ့ထူးရက်မြတ်များ ပိုင်ဆိုင်နိုင်ကြပါစေ။
အရှင်ကောဝိဒ (ယော)
No comments:
Post a Comment