ကျွန်တော်တို့သည် ဒုစရိုက် ၁၀ – ပါးကို ရှောင်ကြဉ်ကြရန်အတွက် ကာယကံဒုစရိုက် ၃ – ပါး၊ ၀စီကံ ၄- ပါး၊ မနောကံ ၃ – ပါးဟု ခွဲခြားနားလည်ကြပါသည်။ ထိုတွင် ကာယကံ ၃ – ပါးနှင့် ၀စီကံလေးပါး ကျူးလွန်မှုကို ထင်ရှားစွာ သဘောပေါက်ပါသည်။ ထိုကံတို့ကို ကျူးလွန်မိရာတွင် အကယ်၍ မနောကံ (စေတနာ) မပါလျှင် ကမ္မပထ မမြောက်ဟုလည်း နားလည်ပါသည်။
မနောကံ (အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ)တို့သည်လည်း ကာယကံ၊ ၀စီကံ အဆင့်အထိ ရောက်မလာလျှင် ကမ္မပထ မြောက်ပါသလား။ အဘယ်အဆင့်အထိ ကျူးလွန်မှ ကမ္မပထ မြောက်သည်ကို သိလိုပါသည်။
မောင်မှုးတို့အဖွဲ့ (ဝေယျာဝစ္စအသင်း)
ကာယကံ ၃-ပါးနှင့် ၀စီကံ ၄-ပါးကို ကျူးလွန်မိရာတွင် မနောကံ (စေတနာ) မပါလျှင် ကမ္မပထပထ မမြောက်ဟု နားလည်ပါသည်-ဟူရာ၌ “ဒုစရိုက် ၁၀-ပါးတွင် ကာယကံ ၃-ပါး၊ ၀စီကံ ၄-ပါးကို အရကောက်လျှင် စေတနာကို ရ၏။ မနောကံ ၃-ပါးကို အရကောက်လျှင် စေတနာနှင့် ယှဉ်သော “လောဘ၊ ဒေါသ၊ ဒိဋ္ဌိ” တို့ကို ကောက်ရ၏။
ထို့ကြောင့် အဋ္ဌသာလိနီအဋ္ဌကထာတွင် “ဧတေသု ဟိ ပဋိပါဋိယာ သတ္တ စေတနာဓမ္မာဝ ဟောန္တိ၊ အဘိဇ္ဈာဒယော တယော စေတနာသမ္ပယုတ္တာ” “အကုသလကမ္မပထတရား ဆယ်ပါးတွင် ကာယကံသုံးပါး၊ ၀စီကံလေးပါးအားဖြင့် ၇-ပါးသော တရားတို့၏ တရားကိုယ်ကို စေတနာ၊ အဘိဇ္ဈာစသော သုံးပါးသော တရားတို့၏ တရားကိုယ်ကို စေတနာနှင့်ယှဉ်သော တရားများကို ကောက်ယူရမည်”ဟု မိန့်ဆိုထား၏။
“မနောကံ (အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ)တို့သည်လည်း ကာယကံ၊ ၀စီကံအဆင့်အထိ ရောက်မလာလျှင် ကမ္မပထ မြောက်ပါသလား”-ဟူရာ၌ ကာယကံ ၀စီကံအဆင့်အထိ မရောက်သော်လည်း ကမ္မပထ မြောက်ပါသည်။ ကာယကံ ၀စီကံအဆင့်အထိ ရောက်သွားလျှင် ကာယကံ ၀စီကံ ဟူ၍သာ ခေါ်ဆိုရပါတော့သည်။ မနောကံဟူ၍ မခေါ်နိုင်တော့ပါ။ ကာယကံ, ၀စီကံအဆင့်သို့ မရောက်သော်လည်း ကာယဒွါရ, ၀စီဒွါရအဖြစ်သို့ ရောက်သော မနောကံကား ရှိပါသည်။
အဋ္ဌကထာလာသည့်ဥပမာများကို ဘာသာပြန်ဆိုပြပါမည်။
(က) တောမုဆိုးတစ်ယောက်သည် “သမင်တောသို့ သွားအံ့”ဟု လေးကို စီရင်၏၊ ညှို့ကို ကျစ်၏၊ လှံကို သွေး၏၊ ထမင်းကို စား၏၊ အ၀တ်ကို ပြင်ဝတ်၏၊ ဤသို့လျှင် လေးကိုစီရင်ခြင်းအစရှိသည်ဖြင့် ကာယဒွါရ၌ လှုပ်ရှားခြင်းသို့ ရောက်၏။ (သို့ရာတွင်) ထိုမုဆိုးသည် တော၌ တနေကုန် လှည့်လည်ပါသော်လည်း ယုန်ကလေးကြောင်ကလေးကိုမျှ မရ။ ဤသို့သော အကုသိုလ်ကံသည် ကာယကံ မည်-မမည် မေးငြားအံ့၊ မမည်ဟူ၍ ဖြေအပ်၏။ အဘယ်ကြောင့်ဆိုသော်- ကမ္မပထသို့ မရောက်သောကြောင့်တည်း။ (ကိုယ်ဖြင့် ၀ါ- ကာယဒွါရဖြင့် ပြုအပ်သော မကောင်းသော အမူအကျင့်များ ဖြစ်သောကြောင့် ကာယဒုစရိုက်ဟူ၍ကား ခေါ်နိုင်၏။)
ဝစီဒွါရအရာ၌လည်း “သမင်တောကို သွားမယ်ဟေ့၊ လေးတွေဘာတွေ မြန်မြန်ပြင်ဆင်ကြ” စသည်ဖြင့် စေခိုင်း၍ ရှေးနည်းအတိုင်းသာလျှင် တော၌ တစုံတခုသော သားကောင်ကိုမျှ မရခဲ့သော် ၀စီဒွါရ၌ လှုပ်ရှားခြင်းသို့ကား ရောက်၏။ ကမ္မပထမမြောက်သည်၏ အဖြစ်ကြောင့် ကာယကံကား မမည်။ ၀စီဒုစရိုက်ဟူ၍ကား ခေါ်နိုင်၏။
သို့ရာတွင် ထိုတောမုဆိုးအား သတ္တ၀ါတို့ကို သတ်လိုသော သေကြေပျက်စီးစေလိုသော စိတ်ဖြစ်သောကြောင့် (ဗျာပါဒ) မနောကံကား ဖြစ်၏။ (ဤကား မနောကံ၏ ကာယဒွါရ၊ ၀စီဒွါရအဆင့်သို့ ရောက်ပုံတည်း။)
အချုပ်အားဖြင့် ကာယကံသည် ကာယဒွါရ၊ ၀စီဒွါရတို့၌ ဖြစ်၏။ မနောဒွါရ၌ မဖြစ်။
ဝစီကံသည်လည်း ကာယဒွါရ၊ ၀စီဒွါရတို့၌ ဖြစ်၏။ မနောဒွါရ၌ မဖြစ်။
မနောကံသည်ကား ဒွါရသုံးပါလုံး၌ ဖြစ်၏-ဟု မှတ်သားသင့်ပါသည်။
အနည်းငယ် ထပ်ရှင်းရလျှင် — လူတစ်ယောက်သည် ကိုယ်တိုင် ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသု မိစ္ဆာစာရတို့ကို ပြုသည်ဆိုပါစို့၊ ထိုသူ၏ ပါဏာတိပါတစသော ကံများသည် ကာယကံမည်၏။ ဒွါရအားဖြင့်လည်း ကာယဒွါရ၌ ဖြစ်၏။ ထိုသူအား ထိုအကုသိုလ်ကံများ ပြုရာတွင် ပါဝင်သော အကုသိုလ်စိတ်တို့နှင့်အတူ (မနောကံထဲက) အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ-တို့လည်း ပါဝင်နိုင်၏။ သို့ရာတွင် ထိုအဘိဇ္ဈာ-စသည်တို့ကို မနောကံ-ဟု မခေါ်ရ၊ စေတနာ၏ အသင်းအပင်းဝင်များသာ ဖြစ်၏။
နှုတ်ဖြင့် “သွားလော့၊ ဤအမည်ရှိသောသူကို သတ်ချေလော့၊ ဤသို့သော ဥစ္စာကို ခိုးချေလော့” စသည်ဖြင့် စေခိုင်းရာ၌ ကံအားဖြင့် ကာယကံ မည်၏။ ဒွါရအားဖြင့် ၀စီဒွါရ၌ ဖြစ်၏။ ထိုကံပြုရာတွင် ပါဝင်သော အဘိဇ္ဈာစသည်တို့ကား စေတနာ၏ အသင်းအပင်းဝင်များသာ ဖြစ်သောကြောင့် မနောကံဟု မခေါ်ရပါ။
အကြင်အခါ၌ အဘိဇ္ဈာနှင့်တကွဖြစ်သောစိတ်ဖြင့် ကိုယ်အင်္ဂါကို လှုပ်ရှားစေလျက် လက်ကိုကိုင်ခြင်း (လက်ဖြင့်ကိုင်ယူခြင်း) စသည်တို့ကို ပြု၏၊ ဗျာပါဒနှင့်တကွဖြစ်သောစိတ်ဖြင့် တုတ် လှံကန်ကို သုံးသပ်ကိုင်ယူခြင်း စသည်တို့ကို ပြု၏၊ မိစ္ဆာဒိဋ္ဌိနှင့် တကွဖြစ်သောစိတ်ဖြင့် “ကုမာရနတ် ပရမီသွာနတ် စသည်တို့သည် သုဂတိ ဒုဂ္ဂတိကို စီရင်တတ်သည်ဖြစ်၍ မြတ်ကုန်၏” ဟု ထိုနတ်တို့၌ ရှိခိုးခြင်း လက်အုပ်ချီခြင်း စသည်တို့ကို ပြု၏။ ထိုအခါ၌ ကံအားဖြင့် မနောကံဖြစ်၏၊ ဒွါရအားဖြင့် ကာယဒွါရ၌ ဖြစ်၏။ ဤကား မနောကံသည် ကာယဒွါရ၌ ဖြစ်ပုံတည်း။ ဤကာယဒွါရ၌ဖြစ်သောမနောကံတွင် ပါဝင်သော စေတနာကို ကာယကံဟု မခေါ်ရ။
အကြင်အခါ၌ အဘိဇ္ဈာနှင့်တကွဖြစ်သော စိတ်ဖြင့် “သူတစ်ပါး၏ အကြင်ဥစ္စာများသည် ငါ့ဥစ္စာများ ဖြစ်လာပါမူ ကောင်းလေစွ” ဟု ဆို၍ သူတစ်ပါးပစ္စည်းဥစ္စာများကို တပ်မက်သောအားဖြင့် မိမိသို့ရှေ့ရှု ကြံစည်၏။ ဗျာပါဒနှင့်တကွဖြစ်သော စိတ်ဖြင့် “ဤသတ္တ၀ါတို့သည် သတ်အပ် နှောင်ဖွဲ့အပ်ကုန်မူကား ကောင်းလေစွ” စသည်ဖြင့် ပြောဆို၏။ မိစ္ဆာဒိဋ္ဌိနှင့်တကွဖြစ်သောစိတ်ဖြင့် “အလှူ၏ အကျိုးသည် မရှိ၊ ပူဇော်ခြင်း၏ အကျိုးသည် မရှိ” စသည်ဖြင့် ပြောဆို၏။ ထိုအခါ၌ ကံသည် မနောကံဖြစ်၏။ ဒွါရအားဖြင့် ၀စီဒွါရ ဖြစ်၏။ ဤကား မနောကံသည် ၀စီဒွါရ၌ ဖြစ်ပုံတည်း။ ထို၌ပါသော စေတနာကို ၀စီကံဟု မခေါ်ရ။
အကြင်အခါ၌ ကိုယ်အင်္ဂါ နှုတ်အင်္ဂါတို့ကို မလှုပ်ရှားစေမူ၍ ဆိတ်ကွယ်ရာ၌ နေလျက် အဘိဇ္ဈာ-ဗျာပါဒ- မိစ္ဆာဒိဋ္ဌိနှင့်တကွဖြစ်ကုန်သော စိတ်တို့ကို ဖြစ်စေ၏။ ထိုအခါ၌ ကံသည် မနောကံဖြစ်၏။ ဒွါရလည်း မနောဒွါရပင် ဖြစ်၏။ ဤကား မနောကံ မနောဒွါရ၌ ဖြစ်ပုံတည်း။ ဤသို့ ကိုယ်အင်္ဂါ နှုတ်အင်္ဂါတို့ကို မလှုပ်ရှားစေမူ၍ စိတ်သက်သက်ဖြင့် ကြံစည်ရာကာလ၌ စေတနာသည်လည်းကောင်း စေတနာနှင့်ယှဉ်သော တရားတို့သည်လည်းကောင်း မနောဒွါရ၌သာလျှင် ဖြစ်ကုန်၏။ ဤသို့လျှင် မနောကံသည် ဒွါရသုံးပါးလုံး၌ ဖြစ်ပါသည်။
“အဘယ်အဆင့်အထိ ကျူးလွန်မှ ကမ္မပထ မြောက်သည်ကို သိလိုပါသည်။”ဟူရာ၌ ကံတစ်ခုတိုင်းတွင် ကမ္မပထမြောက်ဖို့ ပြည့်စုံရမည့် အင်္ဂါများရှိပါသည်။ ထိုအင်္ဂါများ ပြည့်စုံမှ ကမ္မပထမြောက်ပါသည်။
ထိုအင်္ဂါများကို မဖော်ပြခင် ရှင်းလင်းစွာ သိထားသင့်သည်တို့ကို ဦးစွာပထမ ဖော်ပြချင်ပါသည်။ ဗုဒ္ဓဘာသာဝင် အများစုသည် “စေတနာဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ” ဟု ကြားဖူးနေကျအတိုင်း ကံဟုဆိုလျှင် စေတနာတစ်ခုတည်းကိုသာ မှတ်ထင်တတ်ပါသည်။
အဋ္ဌသာလိနီအဋ္ဌကထာ ကမ္မကထာတွင် “ကိံ ပနေတံ ကမ္မံ နာမာတိ စေတနာ စေ၀ ဧကစ္စေ စ စေတနာသမ္ပယုတ္တကာ ဓမ္မာ။” (စေတနာနှင့် စေတနာနှင့်ယှဉ်သောတရားအချို့သည် ကံမည်၏) ဟု ဖွင့်ဆိုကာ စေတနာသမ္ပယုတ္တက ဓမ္မ = စေတနာနှင့်ယှဉ်သော တရားများအရ “ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ရှစ်ပါး၊ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ၊ အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒိဋ္ဌိ”- အားဖြင့် ၂၁-ပါးသော တရားတို့ကို ကောက်ပြထား၏။ ထို ၂၁-ပါးသည်လည်း ကံမည်၏။ ကံမြောက်၏-ဟု မှတ်သားသင့်ပါသည်။ (အဘိ၊ဋ္ဌ၊၁၊ ၁၃၀-၁၃၁)
ဒုစရိုက် ၁၀-ပါးကို ကာယကံ၊ ၀စီကံ၊ မနောကံ-ဟု သုံးမျိုးခွဲခြားရာ၌ “ကာယဒွါရ၌ အဖြစ်များသောကြောင့် ကာယကံ-ဟု ခေါ်ခြင်းဖြစ်၏။ ကာယ၀ိညတ်ကို ကာယဒွါရဟု ခေါ်၏။ ၀စီဒွါရ၌ အဖြစ်များသောကြောင့် ၀စီကံ-ဟု ခေါ်၏။ ၀စီဒွါရဟူသည် ၀စီဝိညတ်တည်း။ မနောဒွါရ၌ အဖြစ်များသောကြောင့် မနောကံဟု ခေါ်၏။ မနောဒွါရ-အရ ဤနေရာ၌ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ-တို့နှင့် အတူတကွဖြစ်သော အကုသိုလ်ဇောစိတ်တို့ကို ယူရ၏။ (အကုသိုလ်ဇောစိတ်ကို ယူရာ၌ မောဟမူစိတ်ဖြင့် အဘိဇ္ဈာစသည်တို့ မဖြစ်နိုင်သောကြောင့် လောဘမူ၊ ဒေါသမူဇောစိတ်ကိုသာ ယူ၊ ကုသိုလ်မနောကံအရာ၌ ကုသိုလ်ဇောစိတ်ကို မနောဒွါရ-ဟု ခေါ်၏။) (သင်္ဂြီုဟ်ဘာဋီ-၃၈၂)
ကာယဒွါရ၌ အဖြစ်များသောကြောင့်သာ ကာယကံဟု ခေါ်ခြင်းဖြစ်ရကား အနည်းငယ်အားဖြင့် ၀စီဒွါရ၌လည်း ဖြစ်နိုင်သေး၏ဟု မှတ်ပါ။ ဥပမာ ပါဏာတိပါတကို ကိုယ်တိုင်ပြုလျှင် ကာယဒွါရ၌ ဖြစ်၏။ သူတစ်ပါးကို အသတ်ခိုင်းလျှင် ၀စီဒွါရ၌ ဖြစ်၏။ ထိုသို့ဝစီဒွါရ၌ ဖြစ်သော်လည်း ကာယကံဟု အမည်ပေးပြီးသား သတ်မှတ်ပြီးသားဖြစ်သောကြောင့် ၀စီကံဟုကား မခေါ်တော့ချေ။
ဝစီကံစသည်၌လည်း နည်းတူသိ။ ဥပမာ မုသာဝါဒကို နှုတ်ဖြင့်ပြောလျှင် ၀စီဒွါရ၌ ဖြစ်၏။ စာဖြင့် ရေးပြလျှင် ကာယဒွါရ၌ ဖြစ်၏။- စသည်ဖြင့် သိပါ။
မနောကံ ၃ ပါးတို့၏ ကမ္မပထမြောက်နိုင်သည့် အဆင့်အနေအထားတို့ကို ဖော်ပြပါတော့မည်။
သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံစည်တတ်၊ မက်မောတတ်သော တဏှာလောဘသည် အဘိဇ္ဈာမည်၏။ (၁) သူတစ်ပါး၏ ပစ္စည်းဥစ္စာဖြစ်ခြင်း၊ (၂) မိမိသို့ စိတ်ဖြင့်ညွတ်စေခြင်း-ဟု ကမ္မပထမြောက်ကြောင်း အင်္ဂါနှစ်ပါးရှိ၏။ ထိုအဘိဇ္ဈာသည် သူတစ်ပါး၏ ပစ္စည်းဥစ္စာ၌ လောဘဖြစ်ရုံ တပ်မက်ရုံမျှဖြင့် ကမ္မပထမမြောက်သေး။ “ထိုသူတစ်ပါး၏ ဥစ္စာသည် ငါ့ဥစ္စာဖြစ်လာပါမူ ကောင်းလေစွ”ဟု မိမိသို့ ညွတ်စေသော မတရားလောဘသည်သာ ကမ္မပထမြောက်၏။
စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော ဒေါသသည် ဗျာပါဒမည်၏။ ထိုဗျာပါဒသည် သူတစ်ပါးတို့ ပျက်စီးစေခြင်းငှါ စိတ်ဖြင့်ပြစ်မှားခြင်း လက္ခဏာရှိ၏။ (၁) တစ်ပါးသောသတ္တ၀ါဖြစ်ခြင်း၊ (၂) ထိုတစ်ပါးသော သတ္တ၀ါ၏ ပျက်စီးရာပျက်စီးကြောင်းကို ကြံစည်ခြင်းဟု အင်္ဂါနှစ်ပါးရှိ၏။ သာမန်ဒေါသဖြစ်ရုံမျှဖြင့် ကမ္မပထမမြောက်သေး၊ “ဤသူ့ကို သတ်ရပါမူ ကောင်းလေစွ၊ ဤသူ ပျက်စီးပါမူ ကောင်းလေစွ” ဟု တစ်ပါးသောသတ္တ၀ါ၏ ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည်သောအခါ ကမ္မပထမြောက်လေတော့၏။
ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သောအားဖြင့် မြင်တတ်သောအမြင်သည် မိစ္ဆာဒိဋ္ဌိမည်၏။ ထိုမိစ္ဆာဒိဋ္ဌိသည် “ပေးကမ်းလှူဒါန်းခြင်း၏ အကျိုးသည်မရှိ” စသည်ဖြင့် ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သောအားဖြင့် မြင်ခြင်းလက္ခဏာရှိ၏။ (၁) ၀တ္ထု၏ ယူအပ်သောအခြင်းအရာမှ ဖောက်ပြန်သည်၏ အဖြစ်၊ (၂) ချွတ်ယွင်းဖောက်ပြန်မဟုတ်မမှန်သည်၌ မှန်သည်ဟု ထင်ခြင်း-ဟု အင်္ဂါနှစ်ပါးရှိ၏။ မိစ္ဆာဒိဋ္ဌိအမျိုးမျိုးရှိရာတွင် “နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိ-အားဖြင့် နိယတမိစ္ဆာဒိဋ္ဌိကြီးသုံးပါးသာ ကမ္မပထမြောက်၏။ အခြားသောဒိဋ္ဌိများဖြင့် ကမ္မပထမမြောက်။ (အဘိ၊ဋ္ဌ၊၁၊ ၁၄၄)
ဤမျှဖြင့် ပြည့်စုံလောက်ပြီဟု ထင်ပါသည်။
အရှင်ကောဝိဒ (ယော)
No comments:
Post a Comment