ဘုရားရှိခိုးခြင်းသည် စိတ်တည်ငြိမ်အောင်ပြုလုပ်သည်ဟု မှားယွင်းစွာ ထင်မြင်သူအချို့ ရှိကြလေသည်။ အမှန်စင်စစ် ယင်းထက် အဓိပ္ပါယ်များစွာ ကျယ်ဝန်းသည်ကို သိရှိရန် လိုအပ်ပါသည်။
ဘုရားရှိခိုးပူဇော်ရန်
နည်းလမ်းမှာ - ရတနာသုံးပါးအပေါ် ယုံကြည်မှုထက်သန်သော သဒ္ဒါ၊ စင်ကျယ်သော သီလ၊
တည်ငြိမ်သော သမာဓိ၊ မပြန့်လွင့်သော သတိ၊ သစ္စါလေးပါးနှင့် မြတ်တရားအကျိုး
အကြောင်းတို့ကို သိမြင်သော ပညာ စသည့် ဗိုလ် အင်္ဂါ ငါးပါး ကပ်၍ ရှိခိုးရမည်ဟု
အဘိဓမ္မာကျမ်းတွင် မြတ်စွာဘုရားရှင်ကိုယ်တိုင် အတိအလင်း ဟောကြားထားပါသည်။
အချိန်မှန်ကိုက်
အဓိဌာန်ပြီး ဘုရားရှိခိုးခြင်း၊ ဂါထာရွတ်ခြင်း၊ မေတ္တာသုတ်
ရွတ်ဖတ်ပူဇော်ခြင်း အစရှိသဖြင့်တို့က သဒ္ဒါ၊ သတိ၊ သီလ၊ သမာဓိ၊ ပညာ စသည်တို့
အမြဲစွဲကပ်၍ သာသနာ အဓွန့်ရှည်ရန်၊ ဘုရားဟော တရား မပျောက်ပျက်ရန်
အကျိုးဆောင်ခြင်းတစ်မျိုးဖြစ်ရာ အမြဲပြုသော မဟာကုသိုလ်မျိုး
ဖြစ်ရသည်။ သို့သော်လည်း ယခုခေတ်အခါ ယင်းသို့ အကျိုးသိမြင် ရှိခိုးခြင်းထက်
အခြားရည်ရွယ်ချက်များ ဖြင့် ရှိခိုးနေကြသည်။ ဥပမာ- ကံ့ညံ့များ ပျောက်ရန်၊
ချမ်းသာရန်၊ အသက်ဘေးလွတ်မြောက်ရန်၊ စီးပွားဥစ္စာ တိုးပွားရန်၊
စာမေးပွဲအောင်ရန်၊ ရာထူးတိုးရန် ဟူ၍ ဖြစ်သည်။ အမှန်စင်စစ် ယင်းသို့
အကျိုးမျော်၍ ရှိခိုး ခြင်းသည် လောဘစိတ် အခြေခံခြင်းဖြစ်သောကြောင့်
ကိလေသာပို၍ စွဲမြဲရသည်။ အကုသိုလ်ဖြစ်တတ်သည်။ သို့တည်းမဟုတ် ညံ့ဖျင်းသော
ကုသိုလ် ဖြစ်ရသည်။
ထို့ပြင် ဘုရားရှိခိုးခြင်းဟူသည်
ပြုခဲ့သော အပြစ်၊ အကုသိုလ်များ ပျောက်စေ ရန်လည်း မဟုတ်ပါ။ မည်သည့် ကံကိုမှ
ဘုရားက ပြန်လည် ပြုပြင် စီရင်ပေး၍မရ။ ဘုရားရှိခိုးခြင်းက မိမိဟာ သဒ္ဒါ၊ သတိ၊
သမာဓိ၊ ပညာ၊ သီလ စတာတွေနဲ့ ပြည့်စုံနေသေးပြီး ရတနာသုံးပါးကို
အမြဲပူဇော်ဆည်း ကပ်တယ်ဆိုတာကို ပြန်လည် အမှတ်ရ သတိကပ်စေခြင်း၊ သာသနာ
မကွယ်ပျောက်စေရန် ဘုရားဟော ဂါထာများကို ပြန်လည် ရွတ်ဖတ်ခြင်း၊ နတ်လူ
အပေါင်း အမျှဝေသည်က မေတ္တာ ဘာဝနာ ကုသိုလ်ယူခြင်း၊ စသည်ဖြင့်
စသည်ဖြင့်ဘုရားရှိခိုးခြင်း၏ အကြောင်းတရား များက အင်မတန် ပေါများလှပါတယ်။ အကြောင်းတရားများသလောက် အကျိုးတရား အဖြင့် မဟာကုသိုလ်ထူးများ ရသည်။
ထို့ကြောင့် ဘုရားရှိခိုးခြင်းဟူသည် စိတ်တည်ငြိမ်အောင်လုပ်သည် ဆိုသော
သေးသိမ်သည့်အတွေးကို ပျောက်ပျက်စေပြီး ဘုရားဟောတရား အတိုင်း
ကြောင်းကျိုးသိမြင် ရှိခိုးပူဇော်ရန် လိုအပ်ပါသည်။
ဘုရားဟောတရား၊
သုတ်၊ ဂါထာ၊ ကျမ်းများကို မကွယ်ပျောက်စေခြင်းငှာ အဓိပ္ပါယ်လေ့လာသိရှိပြီး
ရွတ်ဖတ်ပူဇော်ခြင်းက သာသနာကို တည်တံ့စေသကဲ့သို့ မဂ်ဖိုလ်၊ နိဗ္ဗာန် ရောက်
အကျိုးထူးလှပါသည်။ အမှန်ကိုသိ ဥာဏ်မျက်စိဖြင့် လေ့လာသိမြင်
ကျင့်ကြံနိုင်ကြပါစေသော်။
---
ေေေ အောင်ခမ်း (ရိုးရာလေး)
No comments:
Post a Comment