ဤဓါရဏပရိတ်တော်ကို စီစဉ်ရေးသားသူသည် ပါဠိဘာသာကို အနည်းငယ်သာလိုက်စားဖူးသော်
လည်း ကျွမ်းကျင်စွာပညာရှိများလက်ခံလောက်အောင် တတ်မြောက်ဟန်မတူပါ။ ၇၇ ကုဋေသော
ဘုရားရှင်တို့ဟောကြားသည်ဟူ၍ ရေးသားပြီးမှ ဘုရားအဆူဆူများက ဟောသည်ဟုဆိုလျှင် ပရိတ်ကို လူတွေပိုပြီးယုံမည်ဟုတွေးပြီး၊ ၉၉ ဆူ သောဘုရားရှင်ဟောခဲ့သည်ဟု ထပ်ရေးရာမှ ရှေ့နောက်မညီ
ဖြစ်သွားဟန်တူသည်။
ထိုသို့ ရှေ့နောက်မညီဖြစ်သွားမည်ဆိုလျှင် ပညာရှိများ အတွေးအခေါ်ရှိသူများ အထင်
သေးသေးသွားလိမ့်မည်ဟု တွေးမိဟန်မတူပေ။ ဤတစ်ချက်တည်းနှင့်ပင် ပါဠိဘာသာ ကောင်းစွာမတတ်ကျွမ်းသူက ရေးသားထားခြင်းဖြစ်ကြောင်းပေါ်လွင်ပါသည်။
(ပါဠိဘာသာကိုမြင်တိုင်းဘုရားဟောဟု မယူဆသင့်ပေ။)
ဓါရဏပရိတ်တော်ထဲ၌ မန္တာန် မန္တရားများ ကို အားပေးနေသောအချက်များပါရှိနေခြင်းသည်
ထိုပရိတ်ကိုရေးသားသူကိုယ်တိုင်က တန္တရဗုဒ္ဓဘာသာနှင့် ဟိန္ဒူဝါဒကို နှစ်သက်သူဖြစ်နေခြင်းကြောင့်ပင်။
အပိုဒ် ၁ မှ အပိုဒ် ၅ ထိသည် ထေရ၀ါဒနှင့် ညီညွတ်ပါသည်။ ပါဠိတော်၌တိုက်ရိုက်လာသော
ဘုရားရှင်တို့မှာသာ သီးသန့်ရှိသည့် အာဝေဏိကဂုဏ်တော် ၁၈ ပါး ပါနေသောကြောင့်ပင်။ ဓါရဏ
ပရိတ်စွမ်းသည်မှာလည်း ထိုအာဝေဏိကဂုဏ်တော် ၁၈ ပါးပါနေသောကြောင့်ပင်ဖြစ်သည်။
ထေရ၀ါဒနှင့် ဆန့်ကျင်နေပါသလားဟုမေးထားရာ အာဝေဏိကဂုဏ်တော် ၁၈ ပါး အနေနှင့်ကား
ထေရ၀ါဒနှင့်မဆန့်ကျင်ပါ။ ပရိတ်၏အစွမ်းကိုပြောရာ၌ သေသောသစ်ပင်ကိုရှင်စေနိုင်၏ဟူသော
စကားသည်ကား သဘာဝကိုဆန့်ကျင်နေသောကြောင့်ထေရ၀ါဒနှင့်မညီညွတ်ပါ။ ဤပရိတ်ကိုရွတ်လျှင် ဤသို့အန္တရာယ်ကင်းမည်ဟု ဘုရားရှင်မဟောပါဘဲလျက် ဟောသည်ဟုမုသားသုံးထားခြင်းသည် ဓါရဏပရိတ်တော်နှင့်ဆန့်ကျင်နေပေသည်။
ဤဓါရဏပရိတ်တော်ကိုရွတ်နေခြင်းဖြင့် အကျိုးရှိစေနိုင်ပါသလားဟူသော အမေး၌ အတ္တနောမတိ
ပြုပြင်ဖြည့်စွက်ချက်များစွာပါနေသော်လည်း အာဝေဏိကဂုဏ်တော် ၁၈ ပါး ပါနေသည့် အတွက်
ထိုက်သင့်သောကောင်းကျိုးကို ရမည်သာဖြစ်သည်။ ပြုပြင်စရာဖြည့်စွက်စရာ နုတ်ပယ်စရာမလိုသော
ပရိတ် ၁၁ သုတ်၊ ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်၊ ပဋ္ဌာန်း ပစ္စယနိဒ္ဒေသစသည်များကိုရွတ်ဆိုပူဇော် ပါကလည်း အန္တရာယ်ကင်း ဘေးရှင်းပြီး ချမ်းသာသုခမျိုးစုံကိုရရှိနိုင်သည်ဖြစ်သော ကြောင့် အပိုအားကိုးစရာမလိုအပ်တော့ပါကြောင်း ဖြေကြားလိုက်ပါသည်။
{(မေတ္တာရှင်ရွှေပြည်သာ)စိတ်ဝင်စားဖွယ်ကောင်းသောအမေးအဖြေများမှ ကူးယူရေးသားပူဇော်ပါသည်။}
ဦးသိန်းဝေ။
https://www.facebook.com/thein.wai.167
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment