Tuesday, December 15, 2015

ပါချုပ်ဆရာတော်၏ "သောတာပန် ဖြစ်ရမည့်သူ"တရားတော်။

        ဗိမ္မိသာရမင်းကြီးရဲ့ သားတော် အဇာတသတ်မင်းဟာ "တိဟိတ်" ပဋိသန္ဓေနေလာ
တာပါ။ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။ သို့သော် "ပါပမိတ္တ" လို့ခေါ်တဲ့ မ
ကောင်းတဲ့ မိတ်ဆွေ- ဒေ၀ဒတ်တို့လို မကောင်းတဲ့ အတွေးတွေ တွေးပြီး၊ မကောင်းတဲ့  အ
ပြောတွေပြော၊ မကောင်းတဲ့ အလုပ်ကို လုပ်တတ်တဲ့ပုဂ္ဂိုလ်ကို ဆရာတင်မိတဲ့အခါ  ပိတုဃာ

တကကံ- အဖသတ်တဲ့ ကြီးလေးတဲ့ ပြစ်မှုကြီးတစ်ခုကို ကျူးလွန်မိပါတယ်။ ကျူးလွန်မိသည့်
အတွက်ကြောင့် သန္ဓေက ဉာဏ်ပါလာလို့ "တိဟိတ်ပုဂ္ဂိုလ်" ဖြစ်လင့်ကစား တရားထူးကိုရနိုင်
တဲ့ အခြေအနေကောင်းက ပျက်စီးသွားပါတယ်။ ဘယ်သူက ဖျက်ဆီးပစ်လိုက်သလဲဆိုရင် သူ
ကျူးလွန်လိုက်တဲ့ ကံက ဖျက်ဆီးပစ်လိုက်တာပါ။ ရဟန်းဘ၀ရဲ့ လက်တွေ့ အကျိုးကို ဖော်ပြ
တဲ့ သာမညဖလသုတ်ကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရှင်းလင်း ဟောကြားတဲ့
အခါ ၀မ်းမြောက်ဝမ်းသာဖြစ်ပြီး အသိဉာဏ်တွေ ပွင့်လင်းသွားပေမယ့်လို့ သောတာပန်အဖြစ်
ရောက်မသွားနိုင်ပါ။
         မြတ်စွာဘုရားကိုယ်တိုင်က အဇာတသတ်မင်းကြီး ထိုနေ့ညက တရားနာပြီး တရားပွဲက
ထပြန်သွားတာနဲ့တစ်ပြိုင်နက် ရဟန်းတွေကို အမိန့်ရှိတာက “ဒီမင်းဟာ ကိုယ့်ကိုယ်ကို ဖျက်ဆီး
လိုက်တာပဲ၊ အကယ်၍သာ သူ့အဖေကိုသတ်ခြင်းလို့ဆိုတဲ့ "ပိတုဃာတကကံ" ကို မကျူးလွန်ခဲ့
ဘူးဆိုရင် ဒီကနေ့ည သူသောတာပန်ဖြစ်ရမှာ” တဲ့။
         ဒါကြောင့် တရားနာပေမယ့်လို့ တရားထူး တရားမြတ် မရနိုင်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဟော
ဒီ "အာနန္တရိယကံ" ၅ -မျိုးကို ကျူးလွန်ထားပြီဆိုလို့ရှိရင် တရားထူး တရားမြတ် မရနိုင်တော့ပါ။
အခြေအနေကောင်းတစ်ခုဟာ ကိုယ့်ရဲ့လုပ်ရပ်ကြောင့် ပျက်စီးသွားပါတယ်။ မွေးရာပါ မဟုတ်ဘဲ
မှားယွင်းချွတ်ချော်မှုကြောင့် ပျက်စီးသွားတာ ဖြစ်ပါတယ်။
          ဒါကြောင့် သောတာပန်မဖြစ်သေးလို့ရှိရင် ကိုယ့်ကိုယ်ကို အထင်ကြီးလို့မရပါ။ ဒီဘဝ
သူတော်ကောင်း၊ နောက်ဘ၀ကျတော့ သူယုတ်မာ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဘယ်လိုမှ အတည်
ပြောလို့ မရနိုင်ပါ၊ ဘုရား အလောင်းတော်ကြီးတွေတောင်မှပဲ မှားယွင်းမှုတွေ အများကြီး  ရှိခဲ့
ပါတယ်။
      ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း တရားတော်ကို ကိုယ်စီ ကိုယ်စီ
သဘောကျပြီးတော့ ပုထုဇဉ်ဘ၀ကို လွန်မြောက်ပြီး သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် စတဲ့
ထူးခြားတဲ့ အရိယာပုဂ္ဂိုလ်ဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။
 { ၁၃၇၁-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၉)ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြို့ကုန်းအရှေ့
တရားပွဲ ဖြစ်မြောက်ရေး အကျိုးဆောင်အဖွဲ့၏ ဒုတိယအကြိမ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့်
ဓမ္မပူဇာအခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားသော ဖြစ်နိုင်တာ နှင့်
မဖြစ်နိုင်တာ တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။   }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
             https://www.facebook.com/thein.wai.167
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment