ဖိုးတုတ်ဆိုတဲ့ လူတစ်ယောက်ရှိတယ်၊ သူက ဘာလုပ်လဲဆိုတော့ ဘုရားတည်ရန်ဆိုတဲ့ အတိတ်နဲ့ ထီတစ်စောင်ထိုးလာသတဲ့။
ထီဖွင့်တော့ ထီကပေါက်လာတယ်။ ဘယ်လောက် ပေါက်လဲဆိုတော့ ငွေတစ်သောင်းထီ ပေါက်လာတယ်။ တစ်သောင်းထီပေါက်တော့ သူ့ရည်ရွယ်ချက် ရှိတဲ့အတိုင်း ဘုရားတည်မယ်ပေါ့။ ငါးထောင်နဲ့ မြေနေရာ တစ်နေရာ ဝယ်လိုက်သတဲ့၊ ကျန်တဲ့ငါးထောင်နဲ့ ဘုရားတည် မယ်ပေါ့၊
အဲဒီ ငါးထောင်ပေးပြီးတော့ မြေနေရာဝယ်လို့ ပြီးပြီလည်းဆိုရော လူရှုပ်တစ်ယောက်က အဲဒီမြေနေရာဟာ သူပိုင်ပါတယ် ဆိုပြီးတော့မှ အမှုလာလုပ်တယ်။ အမှုလာလုပ်တော့ တစ်ခါတည်း ရှုပ်လိုက်တဲ့ အလုပ် ဖိုးတုတ်တစ်ယောက် အလုပ်ရှုပ်လိုက်တာ နောက်တော့ ဘုရားတည်မလို့ထားတဲ့ ငွေငါးထောက် အကုန်ပြုတ်တော့၊ အကုန်ကုန်တော့ နောက်ထပ် လက်ထဲမှာရှိတဲ့ ပိုက်ဆံတစ်သောင်းခွဲတောင် ကုန်လိုက်သေးတယ်။ အဲဒီတော့ ဖိုးတုတ်တစ်ယောက် စိတ်ဓါတ်ကျလိုက်တာ၊ စိတ်ညစ်လိုက်တာ ငါ ဘုရားတည်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထီထိုး ထီလည်းပေါက်တယ် တကယ်တည်မယ်ဆိုတော့လည်း ငါကြံစည်သလို ဘာတစ်ခုမှ မဖြစ် အနှောင့်အယှက်တွေနဲ့သာ တွေ့နေရတယ်ဆိုပြီး စိတ်ဓါတ်တွေကျ စိတ်ဆင်းရဲပြီး အဲလိုနေသတဲ့။
တစ်နေ့သောအခါမှာ သူက ဘုန်းကြီးကျောင်းရောက်သွား ဘုန်းကြီးကျောင်းရောက်တော့ ဘုန်းတော်ကြီး ဦးတိဿ၊ ဘုန်းတော်ကြီး ဦးတိဿအနား ရောက်သွားတော့ သူ့အကြောင်းအရာတွေကို လျှောက်ထားပြတယ်။ ဘုန်းကြီးဘုရား တပည့်တော် ဒီလို ရည်ရွယ်ချက်နဲ့ ထီထိုးတာ ဘုရားတည်ဖို့၊ ထီလည်းပေါက်ပါတယ်။ ဘုရားတည်မလို့လုပ်တော့ အဲဒီလိုတွေ ရှုပ်ကုန်တယ်ဘုရား၊ တပည့်တော်တော့ စိတ်ဆင်းရဲနေပြီ စိတ်ဓါတ်တွေကျနေပြီလို့ အဲဒီလို လျှောက်သတဲ့။
ဒီတော့ ဘုန်းတော်ကြီး ဦးတိဿက - ဖိုးတုတ် ဘာဖြစ်လို့ ဘုရားတည်ချင်တာလဲ။
ကုသိုလ်လိုချင်လို့ဘုရား။
အော် ကုသိုလ်လိုချင်လို့ ဘုရားတည်ချင်တယ်ဆိုရင်လည်း ဖိုးတုတ်ရယ်၊ လွယ်ပါတယ်ကွ၊
ဘုရားတည်ချင်ရင်လေ ငွေလည်းမလိုဘူးကွ၊ မြေလည်းမလိုဘူးကွ ငွေမပါဘဲ မြေမပါဘဲ ဘုရားတည်လို့ ရပါတယ်ကွဆိုတော့ ဖိုးတုတ်က အံ့အားသင့်သွားတယ်။
အာ … ဘုန်းကြီးဘုရား မြေမရှိဘဲ ငွေမရှိဘဲ ဘယ်လိုလုပ်ပြီး ဘုရားတည်မှာလဲ ဘုရား၊ အမိန့်ရှိပါဦးဘုရား။
အော် … မင်းမှာ နှလုံးသား ရှိသားပဲကွ။ နှလုံးသားမြေကြီးရှိပြီးသား
ရပါတယ်ဘုရား ငယ်ငယ်ကတည်းကစပြီး ရနေတာပါ။
အေး အဲဒီ “နမော တဿ” ကို ပါးစပ်ထဲတင် ထွက်သွားမယ့် “နမော တဿ” မဆိုရဘူးကွ။ အဲဒါကို လေးလေးနက်နက် ဘုရားအာရုံထိ ယူပြီးတော့မှ မင့်နှလုံးသားထဲမှာ ထည့်ပေးလိုက်စမ်း။ ချက်ချင်း ဘုရားတည်တာပဲ အဲဒါနဲ့
မင်း “သရဏဂုံ သုံးပါး” ကော ဆိုတတ်သလား။
ဆိုတတ်တာပေါ့ဘုရား၊ တပည့်တော် ငယ်ငယ်လေး ကလေးလေးကစပြီး ရတာပဲ။
အေး .. အဲဒါကို ပါးစပ်ဖျားတွင် ထွက်သွားမယ့် “သရဏဂုံ” မဆိုရဘူးကွ သဒ္ဓါတရားနဲ့ ယုံယုံကြည်ကြည်၊ ပညာတရားနဲ့ လေးလေးနက်နက်၊ သတိတရားနဲ့ စူးစူးစိုက်စိုက် နှလုံးသားထဲမှာ အာရုံယူပြီးကာမှ လုပ်ရတယ်။ အဲဒါ ဘုရားတည်တာပဲ ဖိုးတုတ်ရဲ့။ မင်း .. “ဣတိပိသော ဘဂဝါ” တော့ ရတယ်ထင်ပါရဲ့။
ရပါတယ်ဘုရား၊ ကျောင်းသားလေးက စပြီး တပည့်တော် ရနေတာပဲ။
အေး အဲဒါလည်း မင်း ပါးစပ်ဖျားတင် ထွက်သွားမယ့် “ဣတိပိသော ဘဂဝါ အရဟ”ံ ဆိုတာတွေ မဆိုရဘူးကွ၊ ပါးစပ်ထဲတွင် ထွက်သွားရုံနဲ့ မဆိုရဘူး။ စိတ်နှလုံးထဲ ရောက်အောင် လေးလေး နက်နက် အာရုံယူပြီးတော့မှ အဲလို လုပ်ရတယ်။ မြေကြီးပေါ်မှာ ဘုရားတည်တာက အရင်းအနှီး လည်းအများကြီး စုရဆောင်းရ၊ ရှာရဖွေရတယ်၊ အချိန်လည်း အများကြီးပေးရတယ်၊ နှလုံးသား ဘုရားတည်တာက ကိရိယာ တန်ဆာပလာ ဘာမှ မလိုဘူး။
တကယ်ယုံတဲ့ သဒ္ဓါတရားရှိဖို့လိုတယ်၊ တကယ် စွမ်းအားတည်ငြိမ်တဲ့ ပညာရှိဖို့ လိုတယ်။ အာရုံကို တကယ် စူးစူးစိုက်စိုက် မိမိရရ ဖမ်းနိုင်တဲ့ သတိလိုတယ်။ ဒီလောက် အရင်းအနှီး ကိရိယာ တန်ဆာပလာလေးရှိရင် ဖိုးတုတ် ဘုရားတည်ဖို့ ဘာမှ မခက်ဘူးကွ၊ မြေကြီးပေါ် ဘုရားတည်ရတာက လနဲ့ရက်နဲ့ ချီပြီးတော့ အချိန်အများကြီး ယူရတယ်။ နှလုံးသားထဲ ဘုရားတည်တာက စက္ကန့်ပိုင်း၊ မိနစ်ပိုင်းမှာ ချက်ချင်း ပြီးသွားတာကွ။
အဲလို စသည်ဖြင့် ဘုန်းကြီးက စိတ်ဓါတ်ကျနေတဲ့ ဖိုးတုတ်တစ်ယောက်ကို ဘုရားတည်နည်း သေသေချာချာ ပြောပြတော့ ဖိုးတုတ်တစ်ယောက် တစ်ခါတည်း ရွှင်လန်းတက်ကြွလာတယ်။
အာ ဘုန်းကြီးဘုရား ဒီလို ဘုရားတည်လို့ ဖြစ်မှန်းသိရင် တပည့်တော် ဘယ်လိုလုပ် စိတ်ဆင်းရဲခံ နေမလဲဘုရား၊ အပင်ပန်းခံနေမလဲ၊ တပည့်တော် စောစောက ဒါမျိုးသိရင် ဒီပုံစံနဲ့ တည်မှာပေါ့၊ ကဲ ဒါဖြင့် တပည့်တော် ယနေ့ကစပြီးတော့ နှလုံးသား ဘုရားတည်တော့မယ် ဘုရား ဆိုပြီးတော့ အချန်မဆိုင်းပါဘူး၊
ဖိုးတုတ်တစ်ယောက် ချက်ချင်း နှလုံးသား ဘုရားတည်တာ၊ “သရဏဂုံ” သုံးပါးဆိုတော့လည်း လေးလေးနက်နက် စိတ်အစဉ်မှာ အာရုံယူလို့ ဆိုတတ်လာတယ်၊ “နမောတဿ” ဆိုတော့လည်းပဲ လေးလေးနက်နက် အာရုံယူပြီးတော့ ဆိုတတ်လာတယ်၊ “ဘုရားဂုဏ်တော်” ပွားတဲ့အခါမှာလည်း လေးလေးနက်နက် အာရုံယူပြီးတော့ သက်တော်ထင်ရှား ဘုရားရဲ့ ဂုဏ်တွေ အာရုံပြုတတ်လာတယ်။
ပြီးတော့ “မေတ္တာတရား” ပါ တွဲပြီးတော့ ပွားများ၊ နှလုံးသားထဲ ဘုရားထည့်လိုက်တော့မှ ဖိုးတုတ် တစ်ယောက် တစ်ခါတည်း စိတ်အားတွေ တက်ပြီးတော့မှ ကြည်ပြီးတော့မှ လူကို တစ်မျိုး ရွှင်လန်း တက်ကြွလာတယ်။
အဲဒါနဲ့ ရတနာသုံးပါးကျေးဇူး မေတ္တာကျေးဇူးကြောင့် အရှိန်အဝါတွေတက်၊ အလုပ်လုပ်ရတာကောင်း၊ ပတ်ဝန်းကျင်က လေးစား၊ နောက်ဆုံး စောစောက အမှုလာလုပ်တဲ့ လူရှုပ်တစ်ယောက် သူက ကိုယ်တိုင် လာတောင်းပန်ရတယ်။
ကိုဖိုးတုတ်ရယ် ဘုရားတည်မှာမှန်းသိရင် မြေကြီးပေးမှာပေါ့၊ ကျွန်တော်က ဒီလိုမှန်းမှ မသိဘဲ၊ ကိုင်း ဘုရားတည်မှာဆို ယူပါဗျာ ကိုဖိုးတုတ်လို့ ပြောသတဲ့။
ပြောတော့ ကိုဖိုးတုတ်က မလိုပါဘူးဗျာ ဘုရားတည်ပြီးပါပြီ။
အော် ကိုဖိုးတုတ် ဘယ်သွားတည်လဲ။
ကျုပ်နှလုံးသားထဲ တည်ပြီးပြီလေ။
နှလုံးသားထဲမှာ ဘုရားရှိတယ်၊ ရတနာသုံးပါး ရှိတယ်၊ နှလုံးသားထဲ တည်ပြီးပြီ။
သူတည်တဲ့ ဘုရားက နှလုံးသားထဲ တိုက်ရိုက်တည်တယ်ဆိုတော့ ချက်ချင်း စွမ်းအားက တက်တာကိုး။
မြေကြီးပေါ်တည်တဲ့ ဘုရားက အရုံမပြုရင် ဘာမှ တတ်နိုင်မှာမှ မဟုတ်ဘဲ၊ နှလုံးသားထဲ တည်တဲ့ ဘုရားက နှလုံးသားထဲရောက်နေတော့ စွမ်းအားက ချက်ချင်းတက်တာကိုး၊ မြေကြီးပေါ် တည်တဲ့ ဘုရားက အာရုံမပြုရင် ဘာမှ လုပ်မပေးနိုင်ဘူး။ ဒါကြောင့် ဖိုးတုတ်က ပြောတာ ကျွန်တော့် နှလုံးသားထဲ ဘုရားတည်ပြီးပြီတဲ့၊ ခင်ဗျားမြေကြီး ကျုပ်မလိုချင်တော့ဘူး တဲ့။
ဟာ မဟုတ်ပါဘူးဗျာ ကျွန်တော်လည်း ကုသိုလ်ရအောင် ယူပါဗျာ၊ ကျွန်တော် မှားမိတာလည်း ခွင့်လွှတ်ပါ ဘာညာနဲ့ တောင်းပန်သတဲ့၊ မြေကြီးကိုလည်း ဘုရားတည်လိုက်ပါသတဲ့။
မြေကြီးပေါ်မှာ ဘုရားတည်နိုင်တာဟာ ဖိုးတုတ်က နှလုံးသား ဘုရားတည်လိုက်တဲ့ စွမ်းအားပါ။
တိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ
ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယော) ဆရာတော်
(နှလုံးသားဝယ် ဘုရားတည် မှ)
credit to - ချိုသူ
မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့ အရိပ်
http://www.infinitydhamma.com/မှတဆင့်ခံစားတင်ပြသည်။
No comments:
Post a Comment