Monday, November 11, 2013

“လမ်း”


ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် လမ်းစကား ပြောနေကြသော ရဟန်းငါးရာတို့ကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။

ဘုရားရှင်သည် ရဟန်းများစွာနှင့်တကွ ဒေသစာရီ လှည့်လည်တော်
မူပြီးလျှင် ဇေတ၀န်ကျောင်းတော်သို့ ပြန်ရောက်သောအခါ


နောက်ပါရဟန်းများစွာတို့အထဲမှ ရဟန်းငါးရာတို့သည်
တရားသဘင်၌ စုဝေးပြီးလျှင် လျှောက်လာခဲ့ရသော လမ်းကြောင်းတို့၏ အဆိုးအကောင်းကို ပြောဆိုနေကြ၏။

ထိုစဉ်တွင် ဘုရားရှင် ကြွလာတော်မူကာ အောက်ပါဒေသနာတော်ကို
ဟောကြားတော်မူလေသတည်း။

လမ်းကြောင်းအားလုံးတို့တွင် အင်္ဂါရှစ်ပါးရှိသော မဂ်လမ်းကြောင်းသည် အမြတ်ဆုံး ဖြစ်၏။
သစ္စာအားလုံးတို့တွင် အရိယာသစ္စာလေးပါးသည် အမြတ်ဆုံး ဖြစ်၏။
တရားအားလုံးတို့တွင် ရာဂကင်းရာ နိဗ္ဗာန်သည် အမြတ်ဆုံး ဖြစ်၏။
အခြေနှစ်ချောင်းရှိသော သတ္တ၀ါအားလုံးတို့တွင် မြတ်စွာဘုရားသည် အမြတ်ဆုံး ဖြစ်၏။

အင်္ဂါရှစ်ပါးရှိသော ဤမဂ်လမ်းကြောင်းသည်သာလျှင်
ဉာဏ်အမြင် စင်ကြယ်ရေးအတွက် လမ်းကြောင်းအမှန် ဖြစ်၏။
ဤမဂ်လမ်းကြောင်းမှတစ်ပါး အခြားလမ်းကြောင်း မရှိချေ။
ထို့ကြောင့် သင်တို့သည် ဤမဂ်လမ်းကြောင်းသို့သာ
လျှောက်သွားကြကုန်လော့။
ဤမဂ်လမ်းကြောင်းသည် မာရ်နတ်မင်း မမြင်နိုင်သော လမ်းကြောင်း
ပေတည်း။

သင်တို့သည် ဤမဂ်လမ်းကြောင်းကို လျှောက်သွားကြကုန်သည်ရှိသော် ဆင်းရဲခြင်း၏ အဆုံးကို ပြုကြရကုန်လတ္တံ့။
ငါဘုရားသည် ရာဂစသည် ဆူးငြောင့်ကင်းသော လမ်းကြောင်းကို ကိုယ်တိုင်သိ၍ သင်တို့အား မဂ်လမ်းကြောင်းကို ဟောကြားအပ်ပြီ။

သင်တို့သည် ကိုယ်တိုင် အားထုတ်ကြကုန်လော့။
ဘုရားရှင်တို့သည် လမ်းကြောင်းမှန်ကို ညွန်ပြရုံမျှသာ ဖြစ်ကုန်၏။
ကျင့်ကြံကုန်လျက် ကိလေသာကို ရှို့မြှိုက်ကြသော သူတို့သည်သာ မာရ်နတ်မင်း၏ အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်ကုန်၏။

ဒေသနာတော်အဆုံး၌ ထိုရဟန်းငါးရာတို့ ရဟန္တာ ဖြစ်ကြလေကုန်၏။

( ဓမ္မပဒ။ မဂ္ဂ၀ဂ် )

http://yatanavasatemple.ning.com မှတဆင့်ခံစားတင်ပြသည်။

No comments:

Post a Comment