Friday, November 15, 2013

ယောကျာင်္းဘ၀ ရလိုသော်


အရှင်ဘုရား၊ တပည့်တော်တို့ မိန်းမသားဘ၀ကနေ ယောင်္ကျားဘ၀ကို ရအောင် လုပ်နိုင်တဲ့ နည်းလမ်းရှိနိုင်ပါသလား၊ ယခု ရရှိနေတဲ့ မိန်းမသားဘ၀ရဲ့ ဒုက္ခတွေကို စိတ်ကုန်နေပါပြီ၊ ဒါကြောင့် ရနိုင်တဲ့ နည်းလမ်းရှိရင် ညွှန်ပြပေးပါဘုရား ၊

စင်္ကာပူက အမျိုးသမီးလေးတစ်ယောက်က မေးလာတဲ့ မေးခွန်းပါ၊ တကယ်ပဲ စိတ်ကုန်တာလား၊ ခဏတဖြုတ် ညစ်ညူးပြီး လျောက်ထားတာလား ဆိုတာ ကာယကံရှင်ပဲ သိပါလိမ့်မယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ စာပေမှာ ဘုရားရှင် ဟောထားတဲ့ စကားလေး တခွန်း ရှိတယ်၊ “ဘ၀နိကန္တိက တဏှာ” တဲ့၊ လူတိုင်း လူတိုင်း တိရိစ္ဆာန်တွေမှာရော နတ်ဗြဟ္မာတွေ အပါအ၀င်ပေါ့၊ ပုထုဇဉ် သတ္တ၀ါ အားလုံး ဟာ မွေးဖွားမလာခင် ပဋိသန္ဓေ နေစဉ်မှာကတည်းက လက်ရှိဘ၀ ခန္ဓာကိုယ်ကို တွယ်တာ မက်မော သာယာတတ်တဲ့ စိတ် ဆိုတာ ရှိတတ်ကြတယ်၊

သတ္တ၀ါတိုင်းဟာ ကိုယ့်ရုပ်ရည် ချောမောတာ၊ ဆံပင်လေးတွေ ဖြောင့်ဆင်းလှပနေတာ၊ အသားအရေစိုပြေ ၀င်းနေတာ၊ လက်သည်း ခြေသည်းလေးတွေ နီထွေးနေတာ၊ ဒီလို အသေးစိတ်လေးတွေက လူတိုင်းမှာ တခုမဟုတ် တခု သာယာ မြတ်နိုးစရာ အနေနဲ့ ရှိတတ်ကြပါတယ်၊

အဲဒီ သာယာတဲ့ စိတ်ကလေး ကြောင့်ပဲ သတ္တ၀ါတွေဟာ ကိုယ့်ရဲ့ လက်ရှိဘ၀ကနေ နီးစပ်တဲ့ ဘ၀ကိုပဲ ပြန်လည်ရောက်ရှိကြတာဖြစ်တယ်၊ ( ဥပမာ ) ဒီဘ၀ မိန်းမသားဘ၀နဲ့ သေလွန်ခဲ့ရင် နောက်ဘ၀လဲ လူဘ၀ ပြန်ရမယ် ဆိုရင်ပေါ့ ၊ မိန်းမသားဖြစ်ဖို့ ၇၀ ရာခိုင်နှုန်း သေချာနေပါပြီ၊ ကျန်တဲ့ ၃၀ ရာခိုင်နုန်းက ပြုလုပ်ထားတဲ့ အခြားကံတွေကြောင့် အခြားဘ၀ကို ရနိင်ပါမယ်၊

အဲဒီ ဘ၀နိကန္တိက တဏှာ စိတ်လေးဟာ ဘယ်လောက် ဆွဲဆောင်အား ကောင်းသလဲ ဆိုတာ ကျမ်းဂန်တွေမှာ အထောက်အထားတွေ အများကြီး တွေ့ရပါတယ်။ ရာဇဂြိုလ်ဘုရင် ဗိမ္ဗိသာရရဲ့ မိဖုရား ခေမာထေရီ၊ ဥပ္ပလ၀ဏ်ထေရီ၊ စတဲ့ ရဟန္တာမကြီးတွေ၊ ယသော်ဓရာ၊ ပဋာစာရီ၊ ကိသာဂေါတမီ၊ ၀ိသာခါကျောင်းအမကြီး အစရှိတဲ့ ပါရမီရှင်အမျိုးသမီးအားလုံးဟာ လည်း ကမ္ဘာပေါင်းတသိန်း ပါရမီ ဖြည့်ခဲ့ပေမယ့် ဘ၀တိုင်းလိုလို မိန်းမသားဘ၀ကိုပဲ တောင့်တ ပြီး ဖြတ်သန်းခဲ့ကြတာက သက်သေပါ။

ဒီနေရာမှာ ပြောစရာက သူတို့က အခု ပြောမဲ့ နည်းလမ်းကို မသိကြတာလဲ ဖြစ်ကောင်းဖြစ် နိုင်ပါတယ်၊ မသိလို့ မကျင့်ဘူး၊ မကျင့်လို့ မဖြစ်တော့ဘူးပေါ့။ ဒီလိုပဲ ယောကျားလေးတွေကလဲ ကိုယ့်ရဲ့ လက်ရှိဘ၀ကို တွယ်တာစိတ်နဲ့ ဘ၀တွေကို ဖြတ်သန်း ခဲ့ကြလို့ နီးစပ်ရာ ဘ၀ကိုပဲ ဖြစ်ကြတယ်။ ကာမေသုမိစ္ဆာစာရကံ၊ ပရဒါရကံမျိုး မကျူးလွန်ဘူး ဆိုရင် သူတို့လဲ ဘ၀တိုင်း ယောကျာ်းဘ၀ကိုပဲ ဖြစ်ရမှာပါ။

ဣတ္ထိယော ပန ဒါနာဒီနိ ပုညာနိ ကတွာ ဣတ္ထိဘာဝေ ဆန္ဒံ ၀ိရာဇေတွာ ဣဒံ နော ပုညံ ပုရိသတ္တဘာဝ ပဋိလာဘာယ သံဝတ္တတူ တိ စိတ္တံ အဓိဋ္ဌဟိတွာ ကာလံ ကတွာ ပုရိသတ္တဘာဝံ ပဋိလဘန္တိ၊

ပဋိဒေ၀တာ ဟုတွာ သာမိကေ သမ္မာပဋိပတ္တိဝသေနပိ ပုရိသတ္တဘာဝံ ပဋိလဘန္တေ၀။

နည်းလမ်း (၁) အနေနဲ့ မိန်းမသားတွေဟာ ကုသိုလ်ကောင်းမှု့ မှန်သမျှ ပြုလုပ်တိုင်း ပြုလုပ်တိုင်း မိန်းမသားဘ၀ကို စိတ်ကုန်တဲ့ စိတ်နဲ့၊ ( စိတ်ကုန်တယ် ဆိုတာ ခဏတဖြုတ် စိတ်ဆင်းရဲတာမျိုးလောက် မဟုတ်ပါဘူး၊ သတိ သံဝေဂ ရလောက်အောင် စိတ်ကုန်တာမျိုးပါ) ယောကျာ်းစိတ်ဓာတ်မျိုးနဲ့ စိတ်ကို အဓိဋ္ဌာန်ပြီး ဒီကုသိုလ်ကောင်းမှု့ဟာ ယောကျားဘ၀ ရဖို့အတွက် အထောက်အပံ့ ဖြစ်ပါစေ ဆိုပြီး ဆုတောင်း ရပါမယ်၊

( ဣတ္ထိဘာဝေ ဆန္ဒံ ၀ိရာဇေတွာ ) ဆိုတဲ့ ပါဠိက အထက်က ပြောခဲ့တဲ့ ဘ၀နိကန္တိက တဏှာ ကို ရည်ညွှန်းပါတယ်၊ အဲဒီစိတ်ကို ကုသိုလ်ယူချိန် ဆုတောင်းချိန်မှာ ပယ်ဖျောက်ထားရပါမယ်၊

နည်းလမ်း (၂) ကတော့ အိမ်ထောင်သည် အမျိုးသမီးတွေအတွက် ကိုယ့်အိမ်ထောင်ဖက် အမျိုးသားအပေါ် မယားဝတ္တရားကျေပွန်အောင် ပြုစုယုယပေးရင်လဲ ယောကျားဘ၀ကို ရနိုင်ပါသတဲ့၊

စာရေးသူ အမြင်မှာတော့ ကိုယ့်ကံက ဆိုးလွန်းလို့ အိမ်ထောင်ဖက်က အရိုအသေ ပေးရလောက်အောင် အဆင့်မရှိပေမယ့်ကိုယ်က ၀တ္တရားကျေပွန်အောင်မေတ္တာမပျက် ပြုစုပေးပြီး ဆုတောင်းမယ် ဆိုရင် ပိုသင့်လျော်မယ် လို့ ထင်မိပါတယ်။ ဘာကြောင့်ဆို ကိုယ်က လိုချင်တာ ရှိနေတာကိုး၊ တခုကို လိုချင်လျင် တခုကို ပေးဆပ်ရမှာ ရင်းနှီးရမှာက လောက သဘာဝ ပါပဲ။

မေးခွန်းအနေနဲ့ ဒီလောက်ဆို လုံလောက်ပြီ ထင်ပါတယ်၊ သို့ပေမယ့် အဲဒီ ယောကျာ်းဘ၀ မိန်းမသားဘ၀နဲ့ ပက်သက်ပြီး ဘုရားရှင်လက်ထက်တော်က တကယ့်အဖြစ်အပျက်လေးကို ဆက်စပ်နေတာမို့ ဗဟုဿုတအနေနဲ့ မှတ်သားစေလိုပါတယ်။
“၀စီဘေဒ- ထိတိုင်းရှ”

မြတ်စွာဘုရားရှင်လက်ထက်တော်က သောရေယျမျြို့မှာ တဦိးတည်းသော သူဋ္ဌေးသား သောရေယျ ဆိုတာ ရှိခဲ့ဖူးတယ်၊ သူ့မှာ ဇနီး နဲ့ သားသမီး ၂ ယောက်လဲ ရှိတာပေါ့။ တနေ့မှာ အဖော်သူငယ်ချင်း နဲ့ နောက်ပါ အခြံအရံတွေနဲ့ မြစ်ဆိပ်ကို ရေချိုးအသွား လမ်းမှာ မြို့အပြင်ဘက် ဆွမ်းခံဝင်ဖို့ သင်္ကန်းရုံနေတဲ့ ရဟန္တာမထေရ် အရှင်မဟာကစ္စည်း ကို မြင်လိုက်မိတယ်၊ အဲဒီ အရှင် ကိုယ်ခန္ဓာကလဲ ရွှေရောင် လို ၀င်းဝါ လှပနေသတဲ့။ ဒါကို မြင်ရတဲ့ သောရေယျ သူဋ္ဌေးသားက လူငယ်တို့ သဘာဝ မကြံစည်သင့်တာကို ကြံလိုက်မိတယ်၊

အဟော ၀တ အယံ ၀ါ ထေရော မမ ဘရိယာ ဘဝေယျ၊ မမ ၀ါ ဘရိယာယ သရီရ၀ဏ္ဏော ဧတဿ သရီရ၀ဏ္ဏော ၀ိယ ဘဝေယျာ တိ။

( အော် ဒီမထေရ်များ ငါ့ ဇနီး ဖြစ်ရင် တော်တော် ကောင်းမှာပဲ၊ ဒါမှမဟုတ် ငါ့ဇနီး ရဲ့ ခန္ဓာကိုယ်အဆင်းဟာ သူ့ လို ၀င်းဝါနေရင် သိပ်ကောင်းမှာပဲ )- လို့ မတော်မလျော် ကြံစည်လိုက်တာနဲ့ တပြိုင်နက် ယောက်ျားလိင်အင်္ဂါ ပျောက်ပြီး မိန်းမသားအဖြစ် ပြောင်းလဲ သွားခဲ့တယ်၊
နောက်တော့ ဒီဘာဝရုပ် ပြောင်းသွားတာကို ရှက်လွန်းလို့ သူငယ်ချင်းတွေ မသိအောင် ထွက်ပြေးးပြီး တက္ကသိုလ်ပြည်က သူဋ္ဌေးသားတယောက်နဲ့ ရေစက်ဆုံလို့   သားသမီး ၂ ယောက် ရပြန်တယ် ၊  တနေ့မှာတော့ သောရေယျ သူဋ္ဌေးသားဘ၀က ခင်မင်ခဲ့တဲ့ ငယ်သူငယ်ချင်းကို   တက္ကသိုလ်ပြည် ရောက်နေတာ တွေ့လိုက်တော့ သောရေယျ မြို့က သူဋ္ဌေး ဘယ်သူ ဘယ်သူတွေ အကြောင်းမေးမြန်းပြီး သူတို့ သားလေးရော ဘယ်မှာလဲ လို့ မေးလိုက်တယ်၊ ဒီတော့  သူငယ်ချင်း လုပ်သူက မပြောပါနဲ့တော့ကွာ ၊  သူ့မိဘတွေရော ငါတို့ရော  သေပြီ ထင်လို့ ရက်လည် ဆွမ်းသွပ်တွေတောင် လုပ်ပြီးသွားပါပြီ၊  ဆိုပြီး ၀မ်းနည်းပက်လက်နဲ့   ပြောပြရှာတယ်။

အမောင်   အဲဒီ သောရေယျ သူဋ္ဌေးသားဟာ ကျမ ပါပဲ၊
ဟယ် အရှင်မ ဘယ်လို ပြောလိုက်တာလဲ ၊ သွားစမ်းပါ၊ ကျနော်တို့ သူဋ္ဌေးသားက နတ်သားလေးလို ခန့်ညား တယ်၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..
အမောင်  အဲဒီ ရေချိုးသွားတဲ့ နေ့က အရှင်မဟာကစ္စည်းမထေရ်ကို တွေ့လိုက်တယ် မဟုတ်လား၊
အင်း တွေ့မိပါတယ်၊ အဲဒါ ဘယ်လို ဆိုင်သလဲ အရှင်မ..
ဆိုင်ပါသော်ကော၊ အဲဒီမထေရ်ကို ဒီလို ဒီလို စိတ်နဲ့ ပြစ်မှားမိလိုက်လို့  ယောက်ျားလိင်  ပျောက်ပြီး မိန်းမသားဘ၀ကို ရောက်နေ တာပါ၊ လို့ သေချာရှင်းပြလိုက်တော့ ဟိုက တအံတသြနဲ့။

ဒါဆို  အဲဒီ မထေရ်ကို အရှင်မက မတောင်းပန်ဘူးလား၊  တောင်းပန်ရင် ပျောက်နိုင်ပါတယ်၊ ဆိုပြီး နောက်တော့ မထေရ်ကို အိမ်မှာ ဆွမ်းပင့်ကပ်ပြီး - -
“အရှင်ဘုရား  ဒီအိမ်ရှင်မက အရင်က တပည့်တော် သူငယ်ချင်းယောကျာ်းလေးပါဘုရား။ သူက  အရှင်ဘုရား အပေါ်မှာ ဒီလို ဒီလို ပြစ်မှားမိခဲ့ ပါတယ်၊ ဒါကြောင့် အခုလို မိန်းမသားဘ၀ကို ရောက်နေရတာပါ။ အခု ၀န်ချ တောင်းပန်ပါတယ်။ သည်းခံစေချင်ပါတယ် ဘုရား..”
မထေရ်ကလဲ “တေန ဟိ ဥဋ္ဌဟထ၊ ခမာမိ ဝေါ အဟံ” -   ဒါဆိုလဲ ထပါတော့ ၊ ငါ  ခွင့်လွှတ်ပါတယ် လို့ မိန့်တော်မူလိုက်တယ်၊  ခမာမိ - ခွင့်လွှတ်ပါတယ် ဆိုတဲ့ စကား ဆုံးတာနဲ့ သူဋ္ဌေးသမီးဘ၀ကနေ အရင်ဘ၀ကို ပြန်လည်ရောက်ရှိသွားတယ်။
ဒီတော့ တက္ကသိုလ်ပြည်က လက်ရှိ အိမ်သား ကလဲ  အမောင် ဒီကလေး ၂ယောက်က ၀မ်းနဲ့ လွယ်ပြီး မွေးထားရတာမို့ မိဘ ပါပဲ၊ ဒီမှာပဲ နေပါ  တဲ့။

သောရေယျ သူဋ္ဌေးသားကတော့ ပါရမီတွေ ရင့်ကျက်လာပြီ လို့ ဆိုရပါမယ်၊ လိင်အင်္ဂါပြောင်းလဲခြင်းဖြစ်စဉ်တွေကို စဉ်းစားမိပြီး လူ့ဘ၀ကြီးကို စိတ်ကုန်လာတယ်၊ ငြီးငွေ့လာတယ်၊ ဒါကြောင့် မိန်းမသားဘ၀နဲ့တော်ခဲ့ဖူးတဲ့သူဋ္ဌေးသားကို ခွင့်တောင်းတယ်၊ “အမောင် သူများနဲ့ မတူပဲ  ထူးဆန်းတဲ့ ဘ၀အနေနဲ့   ယောကျာ်းကနေမိန်းမသား၊ မိန်းမသား ဘ၀ကနေ ယောကျာ်းဘ၀ အနေနဲ့ ကျင်လည်ရတာကို စိတ်ကုန်ပါပြီ၊ လူ့ဘ၀ကြီးကို ငြီးငွေ့ပါပြီ၊ သာသနာ့ဘောင်ကို ၀င်ပါရစေ၊ ဒီကလေးနှစ်ယောက် အတွက်ကတော့  အရှင့်သား တာဝန်ပါပဲ” လို့ ပြောဆိုပြီး   အားလုံး လွှဲအပ်ခဲ့တယ်။

အရှင်မဟာကစ္စည်း အထံမှာ ရဟန်းဝတ် ခဲ့ပေမယ့်  လူတွေက ဟိုးလေးတကျော် အုန်းအုန်း ကျွတ်ကျွတ် နဲ့  လိုက်လာပြီး အရှင်ဘုရား   အဖေဘ၀နဲ့ အမေဘ၀ က သားသမီး  ၄ ယောက်မှာ ဘယ်သားသမီးကို ပိုချစ်ပါသလဲ -  လို့ မေးမြန်းတာ ခံရပြန်တယ်၊
ကု စ္ဆိယံ ၀ုတ္ထကေသု အာဝုသော -  ကိုယ်တိုင် ၀မ်းနဲ့ လွယ်ပြီး မွေးရတဲ့ ကလေးကို ပို ချစ်ပါတယ် တဲ့။

ဒီနေရာမှာ  ဖခင် မေတ္တာ နဲ့ မိခင် မေတ္တာ ဘယ်လို ကွာခြားတယ် ၊ နက်ရှိုင်းတယ် ဆိုတာကို သက်သေ အနေနဲ့ ထုတ်ဖော် သွားတာပါ၊ ဒါကြောင့်လဲ မိခင် မေတ္တာ ကို ဘယ်သူမှ တုနှိုင်းမမှီ နိုင်ဘူးလို့  မြတ်စွာဘုရားက ဟောကြားခဲ့တာပေါ့။
လူတွေရဲ့ အုန်းအုန်း ကျွတ်ကျွတ် ဒဏ်တွေက သတိ သံဝေဂစိတ်ကို ပိုမိုတိုးပွားစေပြီး  အခြံအရံပရိသတ်တွေကို ရှောင်လွဲချင်လို့ တပါးတည်း သွား ရပ် ထိုင် လျောင်း  နဲ့ ၀ိပဿနာ ရှု့လိုက်တာ နောင်တချိန်မှာတော့ သောရေယျရဟန္တာရယ် လို့ သမိုင်းတွင်သွားခဲ့တယ်၊
 ရည်မှန်းထားသည့်အတိုင်း မြင့်မြတ်သော ယောကျားဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ ..ဟုသာ..

အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ) ဖြေကြားသည်။
Date.5.Mar.2013
ခင်မင်ရသူ အမျိုးသမီးတစ်ယောက်က အမျိုးသမီးဘ၀ကိုစိတ်ကုန်ကြောင်း၊ ယောကျာ်းဘ၀ကိုတောင့်တကြောင်း ထပ်မံမေးမြန်းတဲ့အတွက် ပြန်လည်မျှဝေလိုက်ပါတယ်။   
http://www.dhammayaungchi.com/  မှတဆင့်တင်ပြသည်။

No comments:

Post a Comment