Saturday, November 16, 2013

ဗုဒ္ဓဘာသာ ကူးပြောင်းလာသူတို့၏ အဓိဋ္ဌာန် (၂၂) ချက်





ဟိုတလောက အိန္ဒိယနိုင်ငံ၊ Bombay ဘုံဘေ၊ ယခု မွန်ဘိုင်းMumbai မြို့၊ ကလျန်းဒေသ Kalyan ဒေသမှာ ဟိန္ဒူဘာသာကနေ ဗုဒ္ဓဘာသာကူးပြောင်းခြင်း အခမ်းအနားကို တခုတ်တရ မှတ်တမ်းတင်လိုက်တာ ဗုဒ္ဓဘာသာဝင်များအားလုံးအတွက်အားတက်စရာ၊ ကြည်နုးစရာ၊ ဂုဏ်ယူစရာမြင်ကွင်းတစ်ခု ဖြစ်ခဲ့တယ်၊ ဖေ့ဘွတ်မှာလည်း ရှယ်ယာသူပေါင်း ထောင်ဂဏန်းအထိ ရှိခဲ့တယ်၊
စာရေးသူမှာတော့  ၀င်လာတဲ့မက်ဆေ့ တွေကို မနိုင်မနင်း delete နေခဲ့ရတယ်၊ အခုတဖန် အဆိုပါ ဘာသာပြောင်းလာသူများ၏ အဓိဋ္ဌာန်များကို သိလိုပါတယ် လို့ မေးမြန်းလာတာကြောင့် အတုယူသင့်တာအတုယူ၊ ဗဟုဿုတဖြစ်စေရန် ဆက်လက် ဖော်ပြ လိုက်ပါတယ်၊

၁။ ကျွန်ုပ်သည် ဗြဟ္မာ,ဗိဿနိုးနှင့် မဟေသွာရ တို့ကို ဖန်ဆင်းရှင်လို့ မသတ်မှတ်ပါ၊ ထိုသူတို့အား ယုံကြည်ရှိခိုးခြင်းလည်း ဘယ်တော့မှ မလုပ်ပါ၊
၂။ ကျွန်ုပ်သည် ဟိန္ဒူအများစု God အဖြစ် ကိုးကွယ်နေကြသော ရာမနှင့် ကရစ်ရှနကို ဘယ်တော့မှ ကိုးကွယ်မည်မဟုတ်ပါ၊
၃။ ကျွန်ုပ်သည် ဟိန္ဒူတို့ကိုးကွယ်နေကြသော ဂေါရီ (Gauri), Ganapati နှင့် အခြား ရိုးရာ နတ်ထီး နတ်မများကို အသိအမှတ်မပြု၊ မရှိခိုးပါ၊

၎။ ကျွန်ုပ်သည် ထာဝရဘုရားက အမြဲတမ်း လူဝင်စားပြန်ဖြစ်ခြင်း ဆိုသည်ကို မယုံကြည်ပါ၊
၅။ ကျွန်ုပ်သည် ဂေါတမဗုဒ္ဓသည် ဗိဿနိုးဝင်စားသော ၉ ပါးမြောက် န၀မအ၀တာရ-ဘုရားအလောင်းဆိုသော  ဟိန္ဒူအယူအဆကို စနောက်ကျီစယ်သောသဘောဖြင့်ပင် ၀ါဒဖြန့်မည် မဟုတ်ပါ။
၆။ ကျွန်ုပ်သည် ဟိန္ဒူတို့ရိုးရာစဉ်လာဖြစ်သော ပူဇော်မှု (Shraddhapaksha) မလုပ်ပါ၊ သေသူအတွက် ရည်စူးအပ်သော ဆန်လုံး ဂျုံလုံးစသည်ဖြင့် ပြုလုပ်ထားသော ခဲဘွယ် Pind ကိုလည်း မပေးပါ၊ 

၇။ ကျွန်ုပ်သည် မြတ်စွာဘုရား၏ တရားတော်များနှင့် ဆန့်ကျင်ဘက်ကိစ္စမှန်သမျှ ဘာတစ်ခုမှ မလုပ်တော့ပါ၊  
၈။ ကျွန်ုပ်သည် ဗြဟ္မဏ၀ါဒ၊ ပုဏ္ဏားတို့ကျင်းပလေ့ရှိသော ရိုးရာဓလေ့  မည်သည့်ပွဲမျိုးကိုမဆို မလုပ်တော့ပါ၊
၉။ ကျွန်ုပ်သည် All human being are equal- လူလူချင်း အတူတူပဲ၊ မည်သူမှ မြင့်မြတ်သည်၊ ယုတ်နိမ့်သည် မရှိ ဆိုသည်ကို ယုံကြည်ပါသည်၊( ဒါကတော့ ဇာတ်နိမ့်၊ ဇာတ်မြင့်စနစ်ကို တွန်းလှန်ထားတဲ့ သဘောပါ)  

၁၀။ ကျွန်ုပ်သည် လူသားချင်းတန်းတူညီမျှ အခွင့်ရေးရဖို့အတွက် ဆက်လက်ကြိုးပမ်းပါမည်။
၁၁။ ကျွန်ုပ်သည် ဘုရားရှင်ဟောကြားထားသည့် မဂ္ဂင် ၈ပါးအကျင့်တရားကို လိုက်နာကျင့်သုံးပါမည်။
၁၂။ ကျွန်ုပ်သည် မြတ်စွာဘုရားဟောကြားခဲ့သော ပါရမီဆယ်ပါး ကျင့်စဉ်များကို စွမ်းနိုင်သမျှ လိုက်လံကျင့် သုံးပါမည်၊( ဒီနေရာမှာ Dr Embedkar ကြီးက ဘုရားအလောင်းဆုပန်တယ်လို့လဲ သူ့တပည့်များကယုံကြည် ကြတယ်၊ စာရေးသူအမြင်တော့ ပါရမီဖြည့်ကျင့်တယ် ဆိုတာ သာမာန် ရဟန္တာဖြစ်ပြီးကျွတ်တမ်းဝင်ဖို့လည်း လိုအပ်တာမို့ ထည့်ထားတယ် လို့ သုံးသပ်မိတယ် )

၁၃။ ကျွန်ုပ်သည် သတ္တ၀ါအားလုံးတို့အား စိတ်ဓာတ်အင်အားကိုလည်း ပေးပါမည်၊ ချစ်ခြင်းမေတ္တာဖြင့်လည်း ကာကွယ်စောင့်ရှောက်ပါမည်၊ ( ဒီအင်္ဂါကြောင့် ယနေ့ခေတ်မှာ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသူတွေ များနေတယ်လို့ သုံးသပ်မိတယ်)
၁၄။ ကျွန်ုပ်သည် သူတစ်ပါး ပစ္စည်းကို မခိုးယူပါ၊
၁၅။ ကျွန်ုပ်သည် ပရဒါရကံမကျူးလွန်တော့ပါ၊ ( ဤနေရာ၌ အိမ်ထောင်သည်အချင်းချင်း၊ လူလွတ်နှင့် အိမ်ထောင်သည်ဖောက်ပြန်ခြင်းကို ပရဒါရကံဟုခေါ်ဆိုပြီး လူလွတ်အချင်းချင်းကို ကာမေသုမိစ္ဆာစာရကံ ဟု ရှေးရှေးဆရာတော်ကြီးများက သတ်မှတ်လေ့ရှိကြသည် )

၁၆။ ကျွန်ုပ်သည် မုသားစကား မပြောဆိုတော့ပါ။
၁၇။ ကျွန်ုပ်သည် မူးယဇ်စေသော အရာများကို  မသောက်သုံးတော့ပါ။
၁၈။ ကျွန်ုပ်သည် မြတ်စွာဘုရားရှင်၏တရားတော်များဖြစ်သော wisdom ပညာ၊ morality-ကိုယ်ကျင့်တရား၊ kindness- ကြင်နာခြင်းကရုဏာတရား သုံးပါးကိုလက်ကိုင်ထား၍ လူ့ဘ၀တွင် ဆက်လက်ကျင့်သုံးနေထိုင်ပါမည်။

၁၉။ ကျွန်ုပ်သည် လူသား၏တိုးတက်ကြီးပွားမှုကို ပိတ်ဆို့တားဆီးတတ်သော၊ အန္တရာယ်ကို ဖြစ်စေသော၊ လူသားအားလုံး မညီမျှခြင်း၊ နိမ့်ကျခြင်းကို ဖြစ်စေသော ဇာတ်နိမ့်၊ ဇာတ်မြင့်ခွဲခြားဆက်ဆံခြင်း ဟိန္ဒူဝါဒကို စွန့်လွှတ်ပြီး ဗုဒ္ဓဓမ္မကိုသာလျင် သက်ဝင်ယုံကြည်ပါမည်။
 
၂၀။ ကျွန်ုပ်သည် မြတ်စွာဘုရားတရားတော်သည်သာလျင်  လောကတွင် သဒ္ဓမ္မသူတော်ကောင်းတရား စစ်စစ် အမှန်တရားဟူ၍ ခိုင်မြဲစွာ ယုံကြည်ပါသည်။
 
၂၁။ ကျွန်ုပ်သည် ဘုရားရှင်၏တရားတော်တို့ကို သက်ဝင်ယုံကြည်ခြင်းဖြင့် သံသရာတွင် ပြန်လည် မွေးဖွားခြင်းဟူသော ပဋိသန္ဓေနေခြင်း (rebirth)ကိုလည်း ယုံကြည်လက်ခံပါသည်။
 
၂၂။ ကျွန်ုပ်သည် ယခုအချိန်မှစကာ  မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်အတိုင်း လိုက်နာကျင့်သုံးပါမည် ဟု ခိုင်မြဲစွာ အဓိဋ္ဌာန်ပြုပါသည်။
အရှင်သုနန္ဒာလင်္ကာရ
M A ( ပန်းကမ္ဘာ )
http://www.dhammayaungchi.com/  မှတဆင့်တင်ပြသည်။

No comments:

Post a Comment