Monday, November 11, 2013

တွန်းပို့ခြင်းကို ခံနေကြရသူများ။

     လောကကြီးဟာ ပို့ဆောင်ခေါ်ငင်ခြင်း ခံနေရတယ် သို့မဟုတ် တွန်းပို့ခြင်းကို ခံနေရတယ်။
ငယ်ငယ်တောင်ကျေး ကလေးဘ၀ကနေ တဖြည်းဖြည်း ကြီးကြီးလာတယ်။ နေ့စဉ်နှင့်အမျှ အိုလာ
ကြတယ်။ “ဇာတိ”ဆိုတဲ့တရား ရလာတဲ့အချိန်က စပြီးတော့ ဇာတိက “ဇရာ” ဆိုတဲ့ မှတ်တိုင်ကို

ရောက်အောင် တွန်းပို့နေတာ။ ဇရာမှတ်တိုင်ကို ရောက်တော့လည်း ဇရာက ဒီအတိုင်းနေတာ မ
ဟုတ်ဘူး “ဗျာဓိ” ဘက်ကို တွန်းပို့လိုက်ပြန်တယ်။
         အိုလာပြီဆိုလို့ရှိရင် ဘာမှမကောင်းတော့ဘူး၊ ဒါပေမဲ့ ဘ၀မှာ ပျော်နေကြတဲ့ ပုဂ္ဂိုလ်တွေ
ကျတော့ ကောင်းတာလေးတွေကိုရွေးပြီး ပျော်တတ်ကြသေးတယ်။ လူ့ရဲ့ခန္ဓာကိုယ်ကြီးက တရွေ့ရွေ့နဲ့ ကောင်းတဲ့ဘက် သွားနေတာ အဟုတ်ဘူး၊ မကောင်းတဲ့ဘက်ကို သွားနေတာ။ နောက်ဆုံးရောက်မယ့် မှတ်တိုင်ကြီးက “မရဏ”ဆိုတဲ့ မှတ်တိုင်ပဲ။ အဲဒီ ရောက်သွားလို့ရှိရင် တဘ
ဝ ပြီးကြပြန်ရော၊ ပြီးသွားတော့ အဆုံးသတ်သလားလို့ဆိုရင် အဆုံးမသတ်သေးဘူး။ ကုသိုလ်
ကောင်းမှုလေးလုပ်ပြီး နောင်ဘ၀ကျတော့ ဒီ့ထက် ကောင်းတဲ့ဘ၀ ရောက်ပါ့ရစေဘုရား ဆိုတော့
လာပြန်ပြီပေါ့ တစ်ကျော့။
         “ဘ၀တဏှာ” (ထာဝရရှိနေမှုကို တွယ်တာနေတဲ့တဏှာ) က ရှိနေသမျှ အဲဒီတဏှာက ဆွဲ
ခေါ်သွားပါတယ်။ ဒီ့ထက်ကောင်းတဲ့ဘ၀ကို မျှော်ပြန်တယ်။ ဆင်းရဲတဲ့သူက ချမ်းသာချင်တယ်။
ချမ်းသာတဲ့သူက ပိုပြီးတော့ ချမ်းသာချင်တယ်။ ရာထူးဂုဏ်သိမ် ပြည့်စုံချင်တယ်။ (ဝေဒနာ ပစ္စယာ တဏှာ) ။
         တပည့်တော်ဘုရား နိဗ္ဗာန်မရောက်မီစပ်ကြား နောင်ဘ၀မှာ မတောင့်မတ မကြောင့်မကျ
ရတဲ့ဘ၀၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံတဲ့ဘ၀၊ ပညာတတ်တဲ့ဘ၀မျိုးမှာ ဖြစ်ပါရစေ ဆိုပြီးတော့ တောင်းလိုက်တာက “ဘ၀”။(ဘ၀သစ်)
         ဘာကြောင့်တောင်းလဲ ?။ အတွယ်အတာလေး ရှိနေလို့။ ဘာဖြစ်လို့ တွယ်လဲ ?။ အမှန်မသိ
လို့။ ဒါကြောင့်မို့ မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာဆိရင် “အ၀ိဇ္ဇာ နီဝရဏာနံ၊ တဏှာ သံယောဇ
နာနံ” -သတ္တ၀ါတို့ရဲ့ အခြေအနေမှာ “အ၀ိဇ္ဇာ”က အမှန်မမြင်ရအောင် ပိတ်ကာပေးထားတယ်တဲ့။
“တဏှာ” က နှောင်ကြိုးတည်းထားတယ်တဲ့။ ဆိုလိုတာက အမှန်မသိတော့ ကြိုက်တာပေါ့။
         “တဏှာ”က တွယ်တယ်။ တဏှာတွယ်ပြီးတော့ ကံတရားတွေလုပ်၊ ထိုကံတရားတွေက
ဘ၀သစ်တစ်ခုကို ဖန်တီးပေးလိုက်တယ်။ ဒီလိုနဲ့ သံသရာကြီးမှာ တစ်ပတ်ပြီးတစ်ပတ်  အဆုံးမ
သတ် လည်နေပါတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက..   “  ဥပနီယျတိ လောကော အဓုဝေါ ”
“လောကော”- လောကကြီးကို၊ “ဥပနီယျတိ”- ဇာတိက ဇရာသို့၊ ဇရာက ဗျာတိသို့၊ ဗျာတိက မရ
ဏသို့  အမြဲတွန်းပို့၍ နေပါပေတော့၏။ “လောကော” လောကကြီးဟာ၊ “အဓုဝေါ” ဘယ်တော့မှ
တည်ငြိမ်နေတာ မရှိပေဟူ၍၊ “ဘဂ၀ါ” မြတ်စွာဘုရားသည် “အဝေါစ” ကောင်းစွာမသွေ ဟော
ကြားတော် မူခဲ့ပါပေသတည်း။ ။
{၂၀၀၇ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ မင်္ဂလာဈေးဓမ္မာရုံ၌ အဂ္ဂမဟာ
ပဏ္ဍိတ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့်
ရှုကြည့်ခြင်း တရားတော်မှ ကောက်နုတ်ရေးသားပါသည်။ }
  “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
-------------------------------------------------------------
ယခုခါမူ၊ လူလည်းဖြစ်လာ၊
သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊
ဟောကြားမည့်သူ၊ လူလည်းမရှား၊
သို့ပါလျက်သားနှင့်မူ.....
တရားမလိုက်၊ အမှားကို ကြိုက်ကြလျှင်၊
အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်၊
အပါယ်လေးလီ၊ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့၊
လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်။ ။
(ဦးပုည)

No comments:

Post a Comment