မကောင်းသော အရာဌာန၌ ၀ါသနာဟူသည် ကိလေသာ၏
သတ္တိတည်း။ ကောင်းသော ဌာန၏ ၀ါသနာကား သမ္မာဆန္ဒပင်တည်း။ ထိုဝါသနာသည်
သတ္တ၀ါတှို့၏ သန္တာန်၌ ဘ၀တိုင်းမှာ စွဲကပ်နေ၏။ ထို့ကြောင့် ရှေးကံအားလျော်စွာ
ရာဂစရိုက် အားကြီးနေပါမူ ထိုရာဂအတွက် ယောက်ယက်ခတ်တတ်သော ၀ါသနာသည်
စိတ်အစဉ်မှာ စွဲထုံနေရကား ထိုစရိုက်ဆိုးကို ယခုဘ၀၌ တရားသဖြင့်
မနှိမ်ချိုးပါလျှင် ထိုဝါသနာ အထုံ စွဲကပ်၍ နောက်ဘ၀များသို့
လိုက်ပါသွားတတ်၏။ ဒေါသ မောဟ ၀ိတက်များလည်း ဤနည်းပင်တည်း။
ပညာစရိုက်ရှိသူလည်း စရိုက်အားလျော်စွာ
အခွင့်သာသလောက် ကြိုးစားပါလျှင် ထိုပညာ၏ အထုံဝါသနာသည် မိမိ၌ စွဲကပ်လေရကား
နောက်နောင်အခါ သံသရာတစ်လျှောက်လုံးပင် ပညာတုံးကြီးဖြစ်နေတတ်သည်။
ဘုရားဆုကိုပန်လျှင် ပညာဓိက၊ သာဝကဆုကို ပန်လျှင် ရှင်သာရိပုတ္တရာကဲ့သို့
ပညာဘက်၌ ဧတဒဂ်ရကြသည်မှာ ထိုဝါသနာဘာဂီက ဆက်တိုင်းမီနေသောကြောင့် ဖြစ်ပေသည်။
ထို့ကြောင့် ယခုဘ၀၌ပင် မကောင်းသော ဒုစရိုက်များ မပျောက်၍ စရိုက်ကောင်း
တစ်ခု အထမြောက်အောင် ထူထောင်ကြဖို့ အရေးကား စဉ်းစားတိုင်း ကြီးလေးကြသည်။
ရာဂစရိုက်ရှိသူသည် ရာဂနည်းပါးအောင် တွေ့ရာ
အာရုံများ၌ အသုဘဟု ရူလေ့ရှိရမည်။ သို့မှသာ ရာဂအထုံ ပျောက်သွားပါလိမ့်မည်။
ဒေါသစရိုက်ရှိသူသည် ဒေါသနည်းပါးအောင် မေတ္တာတရားကို ကြိုးစားရလိမ့်မည်။
မေတ္တာဓာတ်သည် အအေးဓာတ်ဖြစ်၍ ဒေါသ၏ အပူဓာတ်ကို ငြိမ်းနိုင်သည်။
မောဟစရိုက်ရှိသူသည် မောဟနည်းပါးအောင် ပညာရှိထံ ချည်းကပ်၍ မေးမြန်းမည်။
အာနပါနကမ္မဋ္ဌာန်းကိုလည်း ပွားများရမည်။ အမေးအမြန်းများလျှင် အသိဉာဏ်တိုးပွား၍
မောဟအထုံကင်းသွားလိမ့်မည်။ သဒ္ဓါ ပညာ ဟူသော စရိုက်ကောင်းရှိသူကား
မိမိမှာရှိနေသော ထိုစရိုက်များကို ၀မ်းသာအားရ သဘောကျပြီး တိုးပွားသည်ထက်
တိုးပွားအောင် ကြိုးစားရမည်။
ဤမျှသော စကားအစဉ်ဖြင့် စရိုက်ဝါသနာ
အကြောင်းများပြီးခဲ့ပြီ။ ဤသို့ ရေးသားရကြောင်း ကောင်းမူပဋိပတ်
အကျင့်မြတ်ကြောင့် များစွာသော လူအပေါင်းတို့ စရိုက်ကောင်း ရကြပါစေ။ ငါ၏
အဖော်အပေါင်းဟူသမျှလည်း ယခုဘ၀ကစ၍ စရိုက်ကောင်း ရှိအောင် ကြိုးစား၍
စရိုက်ဆိုးများကို အစွမ်းကုန်ပယ်ရှားနိုင်ကြပါစေ။
စာပေပညာကို နေ့စဉ်ပို့ချရေးသားနေသော ငါ့အတွက်ကား
အဖိုးတန်လှသော ပညာစရိုက်သည် ငါ၏သန္တာန်၌ သာမန်မက အမြုတေတမျှ
ခိုင်မြဲတည်တံ့ပါစေ၊ ထိုပညာကြောင့်ပင် အမှန်အကန်ကိုသာ ယုံကြည်တတ်သော
သဒ္ဓါစရိုက်လည်း အလွဲအမှားကို ပယ်ရှား၍ အဖြောင့်အမှန်ကိုသာ
ယုံကြည်လေ့ရှိအောင် စွမ်းဆောင်နိုင်ပါစေ။
စရိုက်ဝါသနာ၊ ကြောင်းအရာကို၊ ကောင်းစွာရေးလတ်၊
ပဋိပတ်ကြောင့်၊ အမြတ်စရိုက်၊ လူတိုင်းဆိုက်၍၊ သိုက်မြိုက်ကြစေ၊ ငါ့အနေမူ၊
ဘဝေဘ၀၊ ဖြစ်သမျှ၌၊ ရာဂ ဒေါသ၊ မောဟ ၀ိတက်၊ စရိုက်တွက်ကြောင့်၊
ယောက်ယက်ခတ်ပျော်၊ လျှပ်ပေါ်ခြင်း၊ လော်လည်ကင်းလျက်၊ သန့်ရှင်းဝေဆာ၊
စေတနာနှင့်၊ သဒ္ဓါပြိုးပြက်၊ ဉာဏ်ရောင်လက်၍၊ ဆက်ဆက်မပြောင်း၊
ကောင်းထက်ကောင်းသား၊ အပေါင်းကြီးငယ်၊ အသွယ်သွယ်လည်း၊ ငါ့နှယ့်နည်းတူ၊
စရိုက်ဖြူသည်၊ နိဗ္ဗူထုတ်ချောက် ရောက်ရန်သော်ဝ်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment