Tuesday, October 28, 2014

ဆရာတော်ကြီးများ၏ဆုံးမစကားများ...။

အမှန်တရားက နဂိုရှိပြီးသားပါ။
ဖန်တီးယူလို့ မရပါဘူး။
ဖန်တီးထားတဲ့ အမှန်တရားဆိုတာလည်း
ဘယ်တော့မှ မတည်မြဲသလို မှန်လည်း မမှန်နိုင်ပါဘူး။ လွတ်လပ်စွာ တွေးခေါ်ခွင့် ရှိပေမယ့်
အမှားကိုအမှန် အမှန်ကိုအမှားလို့
လိမ်ညာပြောလို့ မရပါဘူး။

(ဓမ္မဒူတ) အရှင်ဆေကိန္ဒ
♦ကိုယ့်အကြောင်း ကိုယ်သိအောင် ကြိုးစားပါ။
♦ကိုယ့်လမ်း ကိုယ်လျှောက်ပါ။
♦ကိုယ့်အလုပ် ကိုယ်လုပ်ပါ။
♦ကိုယ့်နေရာ ကိုယ်နေပါ။
♦ကိုယ့်အတွက်ကြောင့် သူတစ်ပါး စိတ်မဆင်းရဲပါစေနဲ့။
-(ပိုင်းလော့ဆရာတော်) အရှင်ဇေယျာပဏ္ဍိတ
“ ဓမ္မဖြင့် မြတ်သောဘ၀သို့ ”
••••••••••••••••••••••••
“ ဘဝ အဆင့်အတန်း မြင့်ချင်ရင် . .
မြတ်စွာဘုရား ဟောသော တရားတော်ကို
ကျင့်သုံးပါ။
ကိုယ်, နှုတ် ယဉ်ကျေးသူအဖြစ်နဲ့ အဆင့်
အတန်းမြင့်ချင်ရင် . .သီလကို ကျင့်ပါ။
စိတ်ယဉ်ကျေးသူအဖြစ်နဲ့ အဆင့်အတန်း
မြင့်ချင်ရင် . . သမာဓိကို ကျင့်ပါ။
စိတ်ဓာတ်ဖွင့်ဖြိုး အသိဉာဏ်တိုးသူအဖြစ်နဲ့ 
ဘဝအဆင့်အတန်းမြင့်ချင်ရင် ပညာအကျင့်ကို
ကျင့်ပါ။ ”
- ( ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနရိပ်သာဆရာတော်ကြီး )
“ လူမိုက်နည်း မကျင့်သုံးနဲ့ ”
••••••••••••••••••••••
“ လူတစ်ယောက် သတ္တိရှိတယ်ဆိုတာ
တစ်ဖက်သားကို လက်သီးနဲ့ထိုးမှ၊ တုတ်နဲ့ချမှ
မဟုတ်ဘူး။ ဒါက လူမိုက်တို့ရဲ့ အမူအရာပဲ။
အမှန်က အခုလို သည်းခံခြင်းတရားနဲ့ ပြည့်စုံ
ပြလိုက်မှသာ သတ္တိအစစ်၊ သူတော်ကောင်း
တို့ရဲ့သတ္တိ မှတ်ထားကြစမ်းပါ။
ဒေါသရှေ့ထားပြီးမခံချင်တရားနဲ့ တုံ့ပြန်လိုက်ရင်
အဲဒါ ကိုယ့်ဘက်က အပြတ်အသတ် ရှုံးတော့တာပဲ။
ဘုရားဟောလည်းရှိသည်ပဲ။
- “ ရန်ကို ရန်ချင်း မတုံ့လျဉ်းနဲ့ ”တဲ့၊
- “ ဆဲရေးလာသူကို ကိုယ်က ပြန်၍ မဆဲခြင်းဖြင့်
အောင်နိုင်ရာ၏ ” တဲ့။
- အဲဒါတွေ အသုံးပြုကြစမ်းပါ။ ဘုရားရှင်ကိုယ်တော်
မြတ်ကြီးက ကျင့်သုံးစေလို့သာ ဟောထားတာ၊
ဒါကြောင့် လူတစ်ဦးရဲ့သတ္တိဟာ “ သည်းခံခြင်းတရား ”
လို့ ပီပီသသကြီး မှတ်သားထားလိုက်ကြစမ်းပါ။ ”
- ( ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး
အရှင်ဇနကာဘိဝံသ )
“ စိတ်အလိုမကျသူအပေါ်၌ အပြစ်များစွာဖို့ပြီး
မုန်းစိတ်တွေ မွေးမြူနေမိလျှင် မိမိသာလျှင်
ဦးစွာအမှားပြုသူ ဖြစ်၏။ အခြားသူများ၏ရှေ့တွင် ”
မလိုသူ၏အပြစ်ကို ထပ်ပြန်တလဲလဲ မပြောအပ်ပါ။
( တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး )

"ဒီနေ့ကောင်းဖို့က အဓိက"
•••••••••••••••••••••••••••••••
ပြီးဆုံးခဲ့တဲ့အတိတ်အကြောင်း
ဖြစ်မလာသေးတဲ့ အနာဂတ်အကြောင်းတွေကို
မလိုအပ်ဘဲတွေးတောနေပြီး
စိတ်ပင်ပန်းမနေသင့်ပါဘူး။
မသေခင်ကိုယ်တကယ်ပိုင်တဲ့" ပစ္စုပ္ပန် "
တစ်ခဏလေးမှာပဲ
စိတ်ကိုတည့်တည့်ချထားပြီး
လုပ်သင့်လုပ်ထိုက်တာကို
အကောင်းဆုံးဖြစ်အောင်လုပ်ရပါမယ်။
- အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )

No comments:

Post a Comment