Wednesday, November 19, 2014

သုခ ၂-မျိုး


သုခသည် ဝေဒယိတသုခ၊ သန္တိသုခဟု ၂-မျိုးရှိ၏။ ယခုခေတ် လူအများတို့ မြင်ရ၊ ကြားရ၊ နမ်းရ၊ စားသောက်ရ၊ တွေ့ထိရသောအခါ ဖြစ်ပေါ်လာသော ကိုယ်ချမ်းသာခြင်း၊ စိတ်ချမ်းသာခြင်းကို “ဝေဒယိတသုခ”ဟု ခေါ်သည်။ ထိုသို့ ခံစားမူမရှိဘဲ ဒုက္ခခပ်သိမ်း ငြိမ်းအေးခြင်းသဘောကို “သန္တိသုခ”ဟု ခေါ်သည်။

ဝေဒယိတသုခ
ခံစားမူ ဟူသော ဝေဒယိတ သုခသည် ခံစားစံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ်အသစ်ရအောင် ပစ္စည်းဥစ္စာရှာရခြင်း စသော ဒုက္ခဖြင့် ထူထောင်ရ၏။ ထိုအသစ် အသစ်ရအောင် ထူထောင်ရသော ဒုက္ခကား ခံစားရသော သုခနှင့် အဆမတန်ချေ။ ထိုသို့ ဒုက္ခဖြင့် ထူထောင်ကြပြီးနောက် ပေါ်ပေါက်ရရှိသော သုခကလေးဖြင့် တင်းမတိမ်နိုင်ကြသောကြောင့် အပိုအမို အကြွေးယူကာ မတရားခံစားမူအတွက် အပါယ်သွား၍ သုခကြွေးတွေကို အတိုးနှင့်တကွ ဒုက္ခဖြင့် ဆပ်ကြရလေသည်။

သန္တိသုခ
ထိုကဲ့သို့ ခံစားမူနှင့် မရောသော သန္တိသုခ သဘောကား ရုပ်နာမ်သင်္ခါရတို့ ချုပ်ငြိမ်းသဖြင့် ကာမဂုဏ်တွေ ပြည့်စုံလှသော သူဋ္ဌေးတစ်ယောက်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ် ခံစားဖို့ အာရုံများကို ပြင်ဆင်၍ အစေခံတို့က နိုးလာသောအခါ “အအိပ်ဖျက်ရမလား”ဟု ကြိမ်းဝါးမောင်းမဲမည်သာ။ ထိုသူ၏ အိပ်နေစဉ်အခါ၌ ခံစားမူ အထင်အရှားမရှိ။ သို့ပါလျက် နှစ်ခြိုက်စွာ အိပ်ရမူကိုပင် ခံစားမူ သုခထက် နှစ်သက်၍ “အိပ်ရကောင်းလိုက်တာ”ဟု အမွှမ်းတင်ကြသေး၏။ ရုပ်နာမ် အားလုံးကင်း၍ ငြိမ်းချမ်းခြင်း သန္တိသုခကား “မည်မျှလောက် ကောင်းလိမ့်မည်”ဟု မှန်းဆသင့်တော့သတည်း။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment