ရဟန္တာအားလုံး၌ ရနိုင်သော ကိလေသပရိနိဗ္ဗာန်၊ ခန္ဓပရိနိဗ္ဗာန် ၂-မျိုးသည်
“သိဝံ ပတ္ထေထ ဘိက္ခဝေ၊ သိဝံ ပတ္ထေတွာ ဒါနံ ဒါတဗ္ဗံ = ဘိက္ခုတို့၊
ဘေးခပ်သိမ်းတို့၏ အေးငြိမ်းရာ နိဗ္ဗာန်ကို တောင့်တကြလော့၊ နိဗ္ဗာန်ကို
တောင့်တ၍ ဒါနကို ပြုကြလော့၊ သီလကို ဆောက်တည်ကြလော့၊ ဘာဝနာကို ပွားစေကြလော့” ဤသို့ ဗုဒ္ဓမြတ်စွာ တိုက်တွန်းတော်မူအပ်သော နိဗ္ဗာန် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် “ဒုက္ခခပ်သိမ်း အေးငြိမ်းရာဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏”ဟု လူအများ တောင့်တအပ် ဆုတောင်းအပ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားမြတ် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် “ငါဘုရားသည် ယနေ့ညဉ့်၏ နောက်ဆုံးအချိန်၌ ရှေးရှေးဘုရားတို့ ၀င်အပ်သော အမြိုက် နိဗ္ဗာန်သို့ ၀င်ရတော့မည်” ဟု ဆင်ခြင်တော်မူသောအခါ “စိတ်တော်သည် အလွန်ကြည်၏”ဟု မိန့်တော်မူအပ်သော နိဗ္ဗာန်မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် “အနေဇော
သန္တိမာရဗ္ဘ၊ ယံ ကာလ မကရီမုနိ = ငါးဖြာအာရုံ ကာမဂုဏ်၌ တုန်လူပ်တတ်စွာ တဏှာ
ကင်းပြီးသော အကြင် မုနိထွတ်တင် ဘုရားရှင်သည် ဒုက္ခ ခပ်သိမ်း
အေးငြိမ်းရာနိဗ္ဗာန်ကိုရည်ရွယ်တော်မူ၍ ကွယ်လွန်ချိန်ကို ပြုတော်မူပြီ”ဟု အရှင်အနုရုဒ္ဓါ မိန့်တော်မူအပ်သော စကားတော်အရ ဘုရားရှင် ရည်ရွယ်တော်မူအပ်သော သန္တိသုခအမတ - မဟာနိဗ္ဗာနန် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် “နိဗ္ဗာနံ ပန လောကုတ္တရာ သင်္ခါတံ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ၊ မဂ္ဂဖလာန မာရမ္မဏဘူတံ ၀ါနသင်္ခါတာယ တဏှာယ နိက္ခန္တတ္ထာ နိဗ္ဗာနန္တိ ပ၀ုစ္စတိ”ဟု အဘိဓမ္မတ္ထ သင်္ဂဟကျမ်း၌ “မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်”ဟုလည်းကောင်း၊ “နိဗ္ဗာနံ ပရမံ သုခံ”ဟု ဓမ္မပဒအဋ္ဌကထာ၊ သုခ၀ဂ်၊ ဧကဥပါသက၀တ္ထု၌ “နိဗ္ဗာန်သည် အမြတ်ဆုံးသုခ”ဟုလည်းကောင်း၊ “အသင်္ခတာ စ ဓာတု”ဟု ဓမ္မ သင်္ဂဏီ၊ ရူပကဏ္ဍ၊ ဥဒ္ဒေသ၌ “အသင်္ခတဓာတ်”ဟုလည်းကောင်း ဟောတော်မူအပ်သော နိဗ္ဗာန်မဟုတ်သေးပါ။
ပြအပ်ခဲ့သောနိဗ္ဗာန်
၂-မျိုးသည် သစ္စာ ၄-ပါးတွင် နိရောဓသစ္စာ အဖြစ်ဖြင့်ပါဝင်သော၊
သောတာပတ္တိမဂ်ကိုရလျှင်ပင် ၀ိသာခါကဲ့သို့ ၇-နှစ်သမီးအရွယ် သူငယ်မတို့
ထိုက်တန်သမျှ မြင်အပ်သော၊ တစ်ခါမြင်ပြီးလျှင် ဒိဋ္ဌိ ၀ိစိကိစ္ဆာတို့
ကင်းကွာရကြောင်းဖြစ်သော၊ တစ်ခါမြင်ဖို့ရန်လည်း ငါးပါးသီလ
လုံခြုံမူအခြေခံရသော နိဗ္ဗာန်မဟုတ်သေးပါ။
ထို့ကြောင့် ယခုအခါ အကြောင်းတရားတို့ကို မပြုအပ်သောကြောင့် “အသင်္ခတဓာတ်”
အမည်တော်ရသော ဘုရားရှင်သာမက ရဟန္တာ ဟူသမျှတို့သည် ပရိနိဗ္ဗာန်မ၀င်စံခင်ကာလ၌
မကြာမကြာ အာရုံပြု၍နေအပ်သော ပရိနိဗ္ဗာန်စံတော်မူပြီးနောက်လည်း မပျောက်မပျက်
ဆက်လက်တည်ရှိရစ်သော၊ လူအများတို့ ဆုတောင်းအပ်သော၊ ဘုရားရှင်လည်း
ဆုတောင်းဖို့ရန် တိုက်တွန်းတော်မူအပ်သော နိဗ္ဗာန်တရားတော်မြတ်ကို
ရိုသေလေးမြတ်စွာရေးသား ပူဇော်ပါမည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment