တချို့လူတွေဟာ တံငါလုပ်မှ ချမ်းသာကြွယ်ဝတယ်၊
ချမ်းသာလာလို့ ဒီအလုပ်ဖြုတ်ပြီး တခြားအပြစ်မဲ့တဲ့
အလုပ်ကိုလုပ်လိုက်ရင် ဆုံးရှုံးမွဲတေကုန်ရောပဲ။
တချို့သူတွေဟာ ၀က်မွေးမှ ပစ္စည်းဥစ္စာတွေ
တိုးတက်ကြီးပွား ချမ်းသာလာတယ်။
သည်အခါ မကောင်းမှုဖြစ်တဲ့ သည်အလုပ်ကို စွန့်ပြီး
ကောင်းမွန်စင်ကြယ်တဲ့ အလုပ်တခုခုကို ပြောင်းလဲပြီး
လုပ်လိုက်ရင် အကျိုးမပေးဘဲ မွဲသွားပြန်ရောပဲ။
တခါ အဲဒီ တံငါအလုပ်တို့ ၊၀က်မွေးသားထုတ်
အလုပ်တို့ကို ပြန်လုပ်လိုက်ရင် အဲဒီလူတွေဟာ
ချမ်းသာကြွယ်ဝ လာပြန်ရော၊
အဲဒါဟာ ဘယ်လိုကုသိုလ် အကျိုးပေးမျိုးပါလဲ ဆရာတော်။
ဒကာကြီးတို့ ဉာဏ်လင်းအောင် ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ အင်း....ဒီနေရာမှာ ဒါနကုသိုလ်ကို
လုပ်ပုံနည်း နှစ်မျိုးနဲ့ မှတ်ရမယ်။
(၁)။ သာဝဇ္ဇဒါနမျိုး- အလှူပေးရန်အတွက် နွား၊ငါး၊
ဝက်၊ကြက်တို့ကို ကိုယ်တိုင် မွေးမြူ၍သော်လည်းကောင်း၊
အရှင်ဝယ်ယူ၍သော်လည်းကောင်း သတ်ဖြတ်ချက်ပြုတ်
ကျွေးမွေးပေးလှူခဲ့သော ဒါနမျိုး၊
အပြစ်နှင့်တကွ ဖြစ်သောကြောင့် အဲဒီ ဒါနသမားဟာ
ကုသိုလ်ကံပြုစဉ်က သာဝဇ္ဇဒါန အပြစ်မကင်းတဲ့
ကုသိုလ်ကို ပြုလုပ်လာတဲ့ ကံကြောင့် အပြစ်မကင်းတဲ့
ပါဏာတိပါတ အလုပ်ကိုလုပ်မှ ကြွယ်ဝချမ်းသာတယ်လို့
သိမှတ်ရမယ်။
(၂)။အန၀ဇ္ဇဒါနမျိုး- သားကောင်စသည် မသတ်ဖြတ်ဘဲ၊
ပံသုကူအသားများကိုသာ ရှာဖွေဝယ်ယူ၍(ပါဏာတိပါတ)
ကံမပါစေဘဲ သန့်ရှင်းစွာ ပေးလှူ ကျွေးမွေးခဲ့သော
ဒါနကုသိုလ်မျိုးကတော့ ဆိုစရာမရှိတော့ဘူး၊ သိရောပေါ့။
သက်သတ်လွတ်ဆိုတာ မဟုတ်ဘူးနော်။
သက်သတ်လွတ် သမားက ဒေ၀ဒတ်ဂိုဏ်းနဲ့
ဆက်စပ်နေတယ်၊ ဒါကိုလည်း သတိပြုကြ။
သက်သတ်လွတ်ဆိုတိုင်း အထင်ကြီးမနေကြနဲ့။
ကိုယ့်ရောဂါနဲ့ကိုယ်စားတာက ဆိုစရာ မရှိပါဘူး။
ဒကာ။ ။ ဒီလို ရှင်းရှင်းလင်းလင်းနဲ့ သိထားရတာ
အလှူရှင်တို့အတွက် ကျေးဇူးများလိုက်တာ ဆရာတော်။
တိုတိုတုတ်တုတ်ကလေးနဲ့ မှတ်သားဖွယ်ရာ
ကောင်းလိုက်တာ ဘုရား။
ဒေ၀ဒတ်က ဘုရားထံသွားပြီး တပည့်သား
သံဃာတော်တွေ သက်သတ်လွတ် စားဖို့ အရေးဆို
တောင်းတော့ ဘုရားက အခွင့်မပေးလို့ သံဃာဂိုဏ်းခွဲကာ
သက်သက်လွတ်ဂိုဏ်း ထောင်တယ်ဆိုတာများလည်း
ကြားဖူးပါတယ် ဆရာတော်။
-【အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ】
Posted by►
www.facebook.com/youngbuddhistassociation.mm

No comments:
Post a Comment