မြတ်စွာဘုရားသည် နာလန္ဒမြို့ ပါဝါရိက သူဌေး၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်
မူစဉ် တစ်ချိန်တွင် ရွာသူကြီးက ပစ္စ န္တရစ်မှာ နေသော ပုဏ္ဏားများသည် လူသေလျှင် သေသူကို
နတ်ပြည်သို့ တင်ပေးကြကြောင်း လျှောက်ထားပြီးနောက် “ မြတ်စွာဘုရားလည်း ထိုကဲ့သို့ ပြု
လုပ်ပေးနိုင်ပါသလား ” ဟု ဆက်လက်၍ မေးမြန်း လျှောက်ထား၏။
မြတ်စွာဘုရားက “ ရွာသူကြီး၊ သင် သဘောပေါက်သလို ဖြေပါ ” ဟု မိန့်ကြားပြီး
နောက် သူကြီးကို မေးခွန်းထုတ်တော်မူ၏။ “ သူကြီး၊ ကျောက်ဖြာကို ရေထဲချလိုက်ပြီး ဒီ
ကျောက်ဖြာကြီး ရေပေါ်မှာ ပေါလော ပေါ်နေပါစေလို့ ကြီးမားလှတဲ့ လူထုကြီးက ၀ိုင်းဝန်း
ဆုတောင်း တောင်းပန်ရင် အဲဒီ ကျောက်ဖြာကြီး ရေပေါ် ပေါ်ပါမည်လား” ။
“ မပေါ်နိုင်ပါ ဘုရား ”
“ အဲဒီ ဥပမာအတိုင်းပဲ သူကြီး၊ ဒုစရိုက်အမှု ပြုတဲ့သူကို ဒီလူသေရင် နတ်ပြည် ရောက်
ပါစေလို့ လူတွေက ၀ိုင်းဝန်းပြီး ဘယ်လိုပင် ဆုတောင်း၊ ဘယ်လိုပင် တောင်းပန်သော်လည်း
အဲဒီသူဟာ နတ်ပြည် မရောက်နိုင်ဘူး။ အပါယ်ကျမှာပဲ”။
“ နောက်တစ်ခု မေးဦးမည်။ သင် သဘောပေါက်သလို ဖြေပါ သူကြီး။ ထောပတ်အိုးကို
ဖြစ်စေ၊ ဆီအိုးကိုဖြစ်စေ ရေနက်ကြီးထဲ နှစ်ခွဲလိုက်ပြီး ရေပေါ် ပေါ်လာတဲ့ ထောပတ်တွေ၊ ဆီ
တွေကို “ ရေထဲ မြုပ်ကြပါ၊ မပေါ်ကြပါနဲ့ ” လို့ လူတွေက ၀ိုင်းဝန်း ဆုတောင်းကြ တောင်းပန်
ကြရင် အဲဒီ ထောပတ်တွေ ဆီတွေ ရေထဲ မြုပ်ပါမည်လား “
“ မမြုပ်ပါ ဘုရား ”
“ အဲဒီ ဥပမာအတိုင်းပဲ သူကြီး၊ သုစရိုက်အမှု ပြုတဲ့လူကို ဒီလူသေရင် အပါယ်ကျပါစေ
လို့ လူတွေက ၀ိုင်းဝန်းပြီး ဘယ်လိုပင် ဆုတောင်း၊ ဘယ်လိုပင် တောင်းပန်သော်လည်း ဒီလူ
ဟာ အပါယ်မကျနိုင်ဘူး၊ နတ်ပြည် (သုဂတိဘုံ)ကို ရောက်မှာပဲ ”။
မြတ်စွာဘုရား၏ ဥပမာဖြင့် ရှင်းပြချက်ကို ရွာသူကြီး လွန်စွာ နှစ်သက်သွားသဖြင့် ဥပ
သကာ အဖြစ် ခံယူလိုက်၏။ ( သံ ၂၊ ၂၉၈ )
တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း ဆုတောင်းရုံ တောင်းပန်ရုံမျှဖြင့် မရနိုင်၊
ကိုယ်တိုင်အားထုတ်၍ ပြုလုပ်မှသာလျှင် ရနိုင်ကြောင်း သိရှိနားလည်ကြပြီး ကိုယ်တိုင်ကျင့်ကြံ
နိုင်ကြကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
{လူငယ်သင် ချမ်းမြေ့ အခြေပျိုးဗုဒ္ဓဘာသာမှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment