Thursday, February 26, 2015

ဘာဝနာမယ ပညာ။

        ဘာဝနာမယ ဆိုတာကျတော့ ကိုယ့်သန္တာန်မှာ အကြိမ်ကြိမ် အထပ်ထပ်ဖြစ်အောင်
ကြိုးစားခြင်းက ထုတ်လုပ်ပေးတဲ့ ပညာမျိုး ဖြစ်ပါတယ်။ အာရုံပေါ် စိတ်ကလေး လေ့ကျင့်
ပေးပြီး။ ဆိုပါစို့-  တရားအားထုတ်တဲ့အခါ ထွက်လေ၀င်လေ အာရုံလေးပေါ်မှာ စိတ်နဲ့အာရုံ

ထပ်တလဲလဲတွေ့နေအောင် လေ့ကျင့်ပေးရပါတယ်။ ၅- မိနစ်က ၁၀- မိနစ်၊ ၁၀- မိနစ်က
နာရီဝက်၊ ၁- နာရီ၊ ၂- နာရီ၊ ၃- နာရီ ဆိုတာ စဉ်ဆက်မပြတ် ထွက်လေ၀င်လေလို့ဆိုတဲ့
အာရုံလေးပေါ်မှာ စိတ်ကလေးကို ကပ်ထားပြီးတော့ အာရုံနဲ့ စဉ်ဆက်မပြတ် လေ့ကျင့်ပေး
နေတာကို ဘာဝနာလို့ ခေါ်ပါတယ်။
         အဲဒီလို မိမိသန္တာန်မှာ စိတ်ကိုလေ့ကျင့်ပေးလို့ တိုးတက်ဖြစ်ပေါ်လာတဲ့ ဘာဝနာက
ထုတ်လုပ်ပေးလိုက်တဲ့ အသိပညာကို ဘာဝနာမယပညာလို့ ပြောရပါတယ်။ အရင်တုန်းက
မမြဲတာတွေ၊ ပြောင်းလဲနေတာတွေ မသိပါ၊ မမြင်ပါ။ စိတ်ကလေးနဲ့အာရုံ ကပ်ပြီးတော့
လေ့ကျင့်ပေးလိုက်တဲ့အခါကျတော့ စက္ကန့်မလပ် ဖြစ်ပြီးပျက်နေတာပါလား ဆိုတာကို သိ
လာပါတယ်။ ၀ိပဿနာဉာဏ်ရင့်ရင် ရင့်သလောက်ပဲ ပိုပြီးပိုပြီး သိလာပါတယ်။
         နောက်ဆုံးမှာ ဖြစ်တယ်ဆိုတာတောင် မမြင်ဘဲ၊ ပျက်တာတွေချည်းပဲ မြင်နေပါတယ်။
အဲဒီလို ၀ိပဿနာဉာဏ် ရင့်သန်သွားလို့ရှိရင် လောကကြီးမှာ ဖြစ်နေတယ်ဆိုတာတောင် မရှိ
လောက်အောင် အပျက်တွေက မြန်လွန်းအားကြီးနေတယ်ဆိုတာ မြင်လာပါတယ်။
အဲဒီလိုအမြင်မျိုးကို ဘာဝနာမယလို့ ခေါ်ပါတယ်။
         အဲဒီကနေ တဆင့်တက်တဲ့အခါ ကိလေသာတွေကို ဖယ်ရှားနိုင်တဲ့ မဂ်ဉာဏ်၊ ထိုကိလေ
သာတွေရဲ့ အပူတွေကို ထပ်မံငြိမ်းသတ်ပေးနိုင်တဲ့ ဖိုလ်ဉာဏ်တို့ကိုရပြီး စိတ်ဟာ ကိလေသာ
တွေက လုံးဝလွတ်သွားပြီး ၀ိမုတ္တိ- လွတ်မြောက်မှု ဆိုတာကို ရရှိသွားပါတယ်။ လွတ်မြောက်
တယ်ဆိုတာ ဘယ်တော့မှ ပြန်မဆက်စပ်တော့ပါ၊ မလွတ်သေးရင် ပြန်ဆက်စပ်မိနေပါတယ်။
လွတ်သွားပြီဆိုတာ လုံးဝစပ်ဆက်လို့ မရတော့ပါ။ အဲဒီလို မဂ်, ဖိုလ်, နိဗ္ဗာန်ထိအောင် ရသွားတဲ့
ဉာဏ်ကို ဘာဝနာမယဉာဏ်၊ ဘာဝနာမယပညာ လို့ခေါ်ပါတယ်။
        ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း တရားတော်ကို ကိုယ်စီ ကိုယ်စီ
သဘောကျပြီးတော့ ပုထုဇဉ်ဘ၀ကို လွန်မြောက်ပြီး သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် စတဲ့
ထူးခြားတဲ့ အရိယာပုဂ္ဂိုလ်ဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။
 { ၁၃၇၁-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၉)ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြို့ကုန်းအရှေ့
တရားပွဲ ဖြစ်မြောက်ရေး အကျိုးဆောင်အဖွဲ့၏ ဒုတိယအကြိမ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့်
ဓမ္မပူဇာအခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားသော ဖြစ်နိုင်တာ နှင့်
မဖြစ်နိုင်တာ တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။   }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment