Wednesday, April 27, 2016

လက်ခံနားလည်ပေးနိုင်ကြပါစေ



ဆုံးမတယ်ဆိုတဲ့အသုံးအနှုန်းနဲ့ အကြံပေးတယ်ဆိုတဲ့အသုံးအနှုန်း နှစ်ခုဟာ အသက်အရွယ်အကြီးအငယ်ကိုလိုက်ပြီး ခေါ်ဆိုကြတာမို့ သဘောအတူတူပဲလို့ ဆိုချင်ပါတယ်။ ရှင်းပါဦမယ်။ အရွယ်အားဖြင့်ကြီးတဲ့သူကို ငယ်တဲ့သူက ပြောရင် အကြံပေးတယ်လို့ ပြောဆိုသုံးနှုန်းပြီး၊ ငယ်တဲ့သူကို ကြီးတဲ့သူကပြောရင် ဆုံးမတယ်လို့ ပြောကြပါတယ်။ အကျိုးအကြောင်းဆီလျော်စွာ ပြောဆိုလာတဲ့စကားကို စဉ်းစားပြီး နားလည်လက်ခံပေးတာဟာ ပြောဆိုလို့လွယ်ကူတယ်ဆိုတဲ့မင်္ဂလာတစ်ပါးပဲဖြစ်တယ်။

လူနတ်တို့ရဲ့စီးပွားချမ်းသာတိုးတက်ဖို့အတွက် နတ်တွေက တောင်းပန်လို့ ဘုရားရှင် မင်္ဂလာသုတ်ကို ဟောတော်မူခဲ့တာပါ။ ဒါကြောင့် ကြီးသူ၊ငယ်သူမည်မဆို အကြံပေးပြောဆိုဆုံးမလာတာကို စဉ်းစားနာလည်လက်ခံပေးတာဟာ သောဝစဿတာမင်္ဂလာ လို့ ပြောချင်ပါတယ်။ ဒါဟာ ဘ၀မှာ တိုးတက်အောင်မြင်ဖို့ လမ်းစပါပဲ။ သူတစ်ပါးပြောသမျှကို ချက်ခြင်းငြင်းဆန်မှုမပြုဘဲ စဉ်းစားနားလည်လက်ခံပေးတယ်ဆိုရင် ဘ၀အောင်မြင်မှု တစ်ဝက်လောက် ရတယ်” လို့ စာရေးဆရာ “အမရာလင်း”က သူ့ရဲ့အတွေးကို တင်ပြထားတာကိုဖတ်ပြီး စာရေးသူရဲ့အတွေ့ကြုံကိုလဲ တင်ပြချင်ပါသေး တယ်။
လွန်ခဲ့တဲ့ ခုနှစ်နှစ်ဝန်းကျင်လောက်တုန်းက အခုလိုမျိုး စာမရေးဖြစ်သေးပါ။ ရေးတော့ရေးချင်တယ်။ဒါပေမယ့် မရေးတတ်ဘူး လို့ပဲ ရိုးသားစွာ ၀န်ခံပါရစေ။ ဒီလိုစာရေးဖြစ်ဖို့ အကြောင်းဖန်လာတာကတော့……
တစ်နေ့ စာရေးဆရာဝင်းမြအောင်(မြိတ်)နှင့်အတူ အမျိုးသမီးတစ်ဦးလဲ ရောက်ရှိလာပါတယ်။ သူမဟာ စာရေးဆရာမ ‘မြတ်နိုးရှင်း’ လို့ မိတ်ဆက်ပေးလို့ သိရပါတယ်။ ဒီလိုနဲ့ စကားပြောဖြစ်ခဲ့ရာက ကိုယ်ဖတ်မှတ်ထားတဲ့ စာအကြောင်းပေအကြောင်းများကို ပြောဖြစ်ခဲ့ပါတယ်။ မြတ်နိုးရှင်းက “အရှင်ဘုရား…..စာပေအကြောင်းတွေ ပြောနိုင်တာပဲ၊ စာရေးပါလား” လို့ အကြံပြုလာပါတယ်။ စာမရေးတတ်တဲ့အကြောင်း၊ စာရေးဖို့ဆို တာ ငယ်ငယ်ကတည်းကနေ အခုအထိ အလေ့အကျင့်မရှိကြောင်း၊ မိဘထံစာရေးရင် စာကြောင်းရေ လေးကြောင်းပြည့်အောင် မရေးဖူးကြောင်းလဲ ပြောပြလိုက်ပါတယ်။
သူမက “အရှင်ဘုရား….စာရေးတာလွယ်ပါတယ်ဘုရား၊ အရှင်ဘုရားမရေးလို့ပါ”
“ဒကာမတို့ကတော့ စာရေးနေတာ ဆိုတော့ ပြောအားရှိတာပေါ့၊ကျုပ်တို့ ရေးဖို့ဆိုတာ မလွယ်ဘူးလေ”
“အရှင်ဘုရား….တပည့်တော်လျှောက်ပါရစေ…..စာရေးတတ်ချင်တယ်ဆိုရင် ခုနင်က အရှင်ဘုရားပြောတဲ့ စာရေးမတတ်ဘူး ဆိုတာကြီးကိုပဲ စာရွက်ပေါ်ရေးချလိုက် စာရေးတတ်သွားပါလိမ့်မယ်ဘုရား” လို့ ပြောပြီး ပြန်သွားခဲ့ပါတယ်။
စဉ်းစားရပြီပေါ့… “မရေးတတ်ဖူးဆိုတာကြီးကိုပဲ ရေးချလိုက်” ဆိုတဲ့စကားဟာ သူက ငါ့ကို အရွဲ့တိုက်ပြီး ပြောလိုက်တာများလား၊ လူက ဘုန်းကြီးကို အရွဲ့တိုက်ပြီးတော့ ပြောမှာလဲမဟုတ်ဘူး။ အကြောင်းရှိနိုင်တယ်။ လက်တွေ့ရေးကြည့်မယ်ဆိုပြီး၊ ကွန်ပျုတာကိုဖွင့်ကာ အစမ်းရေးကြည့်ပါတယ်။ ရေးဖြစ်တဲ့စာကတော့ ခုနင်က စာရေးဆရာမ မြတ်နိုးရှင်း ကျောင်းပေါ်တက်လာတာကအစ ပြန်သွားတဲ့အထိ စာမျက်နှာ တစ်ဝက်ခန့် ရေးဖြစ်ခဲ့ပါတယ်။ အရင်တုန်းက စာကို လေးကြောင်းပြည့်အောင် မရေးဖူးခဲ့။ အခုတော့ အေဖိုးစာရွက် တစ်ဝက်ခန့်ရေးနိုင်လာတာကြောင့် တွေးပြီး ပီတိဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ကိုယ့်ရဲ့ အတွေးတွေကို ဘာသာရေးနဲ့ဆက်နွယ်ပြီး တင်ပြခဲ့တဲ့အပြင် အွန်လိုင်းကမေးလာတဲ့ ပုစ္ဆာများကိုလဲ အတတ်နိုင်ဆုံး ဖြေဆိုရေးသားနိုင်ခဲ့တယ်။
ဒါဟာ စာရေးဆရာမ မြတ်နိုးရှင်းရဲ့ အကျိုးအကြောင်း ဆီလျော်တဲ့ အကြံပေးမှုကို စဉ်းစားဝေဖန်ပြီး လက်ခံပေးလို့ပဲဖြစ်ပါတယ်။ အဲဒီလိုနဲ့စာပေနယ်ထဲရောက်ခဲ့ပါတယ်။ တစ်နေ့ အနန္တဂုဏ်ရည်မဂ္ဂဇင်းတိုက်၊အယ်ဒီတာချုပ် ဦးထွန်းအောင်ကျော်ဆီက ဖုန်းဝင်လာတယ်၊ စာအုပ်ကိစ္စ ပြောကြတယ်။ ပြီးတဲ့အခါ စာရေးဆရာရွှေဘိုစောလွင်က စာရေးသူကို စကားပြောချင်တယ်ဆိုလို့ နားထောင်ပေးလိုက်ပါတယ်။ “ဆရာတော်ဦးကောဝိဒပါလားဘုရား”
“ဟုတ်ပါတယ်ဒကာကြီး ပြောပါ”
“တပည့်တော်က ရွေဘိုစောလွင်ပါဘုရား၊ စကားပြောခွင့်ပြုပါဘုရား၊ အခြားမဟုတ်ပါဘူး။ အရှင်ဘုရား… စာရေးတာက စာဟန်နဲ့ စကားပြော ဟန် မကွဲဘူး။ ရှင်းရှင်းလင်းလင်းလေး ရေးစေချင်ပါတယ်ဘုရား၊ မြန်မာစာကို တပည့်တော်တို့အရှင်ဘုရားတို့ မထိန်းသိမ်းရင် ဘယ်သူ ထိန်းသိမ်းမလဲဘုရား” လို့ ပြောလာပါတယ်။ အဲဒီတုန်းက ဒေါသမထွက်ဘဲ သူပြောတာကို သေသေချာချာစဉ်းစားကာ “ဒကာကြီး…ပြောတာ ဦးဇင်းသဘောပေါက်ပါတယ်။ ဒကာကြီးပြောတဲ့ အတိုင်း သတိထားဆင်ခြင်ပြီးရေးပ့ါမယ်။ ဒီလိုပြောပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဒကာကြီး” ပြန်ပြောလိုက်ပါတယ်။
အဲဒီကတည်းက စာရေးတဲ့အခါ စာဟန်နဲ့စကားပြောဟန်ကို သတိထားပြီး ရေးနိုင်လာပါတယ်။ ငါလိုဘုန်းကြီးကို လူတစ်ယောက်က ဒီလိုပြောရကောင်းလားဆိုပြီး ခံပြင်း ဒေါသထွက်မိမယ်ဆိုရင် အခုလိုမျိုးလဲ အဆင်ပြေအောင် ရေးနိုင်လာမှာမဟုတ်ပါ။
ဒါကြောင့်လဲ တစ်ဖက်သူ ပြောလာတဲ့စကားကို သေချာချာစဉ်းစားပြီး နားလည်လက်ခံပေးလိုက်တာဟာ ကိုယ့်အတွက် ကြီးပွားတိုးတက်ဖို့ လမ်းစပဲလို့ ပြောချင်ပါတယ်။
တစ်နေ့ လင်မယားနှစ်ယောက် ကျောင်းပေါ်တက်လာကာ ၀တ်ပြုအပြီး “အရှင်ဘုရား…တပည့်တော်ကို မှတ်မိပါသလားဘုရား…တပည့်တော် မြင့်ခိုင်လေဘုရား” လို့ သူ့ကိုယ်သူ မိတ်ဆက်လာပါတယ်။အဲဒီအခါကျမှအမှတ်ရလာပါတော့တယ်။ ကိုမြင့်ခိုင်ဟာ လွန်ခဲ့တဲ့ ခုနှစ်နှစ်လောက်က မြိတ် တက္ကသိုလ်မှာ မြန်မာစာ ကထိက တာဝန်ဖြင့် တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အခုအခါမှာတော့ ပြည်တက္ကသိုလ်မှာ လ/ထ မြန်မာစာကထိက ဖြင့် တာဝန်ထမ်းဆောင်နေတဲ့သူပါ။
အဲဒီမှာ ကိုမြင့်ခိုင်က “အရှင်ဘုရား….တပည့်တော် ပြည်တက္ကသိုလ်မှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတစ်ခု ပြောချင်ပါတယ်၊ တပည့်တော် ပြည်တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့အခါ တစ်နေ့ တပည့်တော် စာသင်ခန်းထဲ စာသင်နေတုန်း ကျောင်းသား တစ်ယောက်ဟာ စာသင်ပြတာကိုလဲ နားမထောင် အခန်းထဲက မိန်းခလေးတွေကို ဟိုကြည့်ဒီကြည့်ပြီး၊ အနီးအနား က ယောင်္ကျားလေးတွေကိုလဲ ဟိုတို့ဒီဆိတ် လုပ်နေတာ တွေ့ရတော့ ‘စာသင်တာ စိတ်မ၀င်စားဘဲ မင်းဘာတွေလျှောက်လုပ်နေတာလဲ၊ မင်းဒီလိုလုပ်တာ အများက အတုခိုးပြီး လျှောက်လုပ်ရင်ဘယ့်နှယ်လုပ်မလဲ၊မင်းစာမသင်ချင်ရင် စာသင်ခန်းထဲက အခုထွက်သွားကွာ’ လို့တပည့်တော် ပြောလိုက်တယ်။ ပြောလိုက်တာကလဲ ကရုဏာဒေါသနဲ့ပြောလိုက်မိတာပါ။ အဲဒီအခါ ကျောင်းသားက ‘ဆရာကလည်း ဒေါသချည်းပါပဲလား’လို့ ပြန်ပြောပါတယ်။ တပည့်တော်လဲ အဲဒီအခါကျမှ သူပြောလာတဲ့စကားကြောင့် သေသေချာချာ စဉ်းစားမိတော့တယ်။အော်…. ငါ ဒေါသထွက်နေပါလား၊ ဒေါသနဲ့ပြောမိရင် ထပ်ပြီး မှားဦးမှာပဲ၊ ဆိုပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းလိုက်လို့ အဆင်ပြေသွားတာပါဘုရား၊ တကယ်လို့သာ ဒီနေရာမှာ သူကကျောင်းသားပဲ ငါကဆရာပဲ ငါ့ကိုပြောစရာလိုလားဆိုပြီး စိတ်ဆိုးဒေါသထွက်ပြီး ကျောင်းသားကို တုန့်ပြန်ပြောနေမယ်ဆိုရင် ပြဿနာက မပြီးတော့တဲ့အပြင် ကိုယ်ပါသိက္ခာကျ၊ အရှက်ရနိုင်ပါတယ်။ အခုတော့ တပည့်ဖြစ်တဲ့သူက အလွန်ငယ်တယ်ဆိုပေမယ့် သူပြောစကားကို သတိထားပြီးသေသေချာချာ စဉ်းစားလိုက်တော့ ပြဿနာက ပြီးစီးသွားတဲ့အပြင် ကိုယ့်အတွက်လဲဆင်ခြင်စရာတွေ ဆင်ခြင်နိုင်တော့တာပေါ့ဘုရား” လို့ ပြောပြပါတယ်။
အရွယ်အားဖြင့် အလွန်ငယ်တဲ့ တပည့်တစ်ယောက်က လူပုံအလယ်မှာ ပြောလိုက်တဲ့စကားကြောင့် ကျောင်းဆရာတစ်ယောက်အနေနဲ့ အရှက်ရတဲ့အပြင် ဒေါသထွက်စရာပါ။သို့သော်လည်း တပည့်ဖြစ်ပေမယ့်လို့ သူပြောတဲ့စကားကို သတိထားဆင်ခြင်မိရာက ကိုယ့်အတွက်ပါ သတိထားဆင်ခြင်နိုင်လာတာဖြစ်တယ်။ဒါကြောင့်လဲ ဘုရားရှင်က ပြောဆိုလာတဲ့စကားကို နာယူလွယ်မယ်ဆိုရင် ကြီးပွားကြောင်းမင်္ဂလာပါပဲလို့ ဟောတော်မူခဲ့တာပါ။
ဘုရားရှင်လက်ထက်တော်အခါက ဆန္နအမတ်ဆိုတာ ရှိပါ။ သူဟာ မြတ်စွာဘုရားအလောင်းတော်ရဲ့ ဖွားဘက်တော် ခုနှစ်ဦးအနက် တစ်ဦး အပါအ၀င်ဖြစ်ပါတယ်။ ဘုရားလောင်းတော် ဘုရားအဖြစ်သို့ရောက်တော်မူပြီးတဲ့နောက် ဆန္နအမတ်ဟာ ဘုရားရှင်ထံမှာ ရဟန်းပြုတော်မူခဲ့ပါတယ်။ ဆန္နအမတ်ဟာ ရဟန်းဖြစ်ပြီးတဲ့နောက် စာပေလဲမသင်၊ တရားလဲအားမထုတ်ဘဲ နေလာခဲ့ပါတယ်။ အရှင်ကောင်း အရှင်မြတ်တွေကို တွေ့ရင်လဲ ဒေါသချောင်းချာင်းထွက်ကာ....
ကိုယ်တော်တို့……ဘုရားအလောင်းတော် တောထွက်တော်မူစဉ်က ဘုရားအလောင်းတော် နောက်ပါးမှာ ဘယ်သူလိုက်ကြလို့လဲ၊ ငါတစ်ဦး ထဲလိုက်ပါရတယ်။ အခု ဘုရားရှင် ပွင့်တော်မူလာတဲ့အခါကျမှ ငါကတော့ အဂ္ဂသာဝကအရှင်သာရိပုတ္တရာ၊ငါကတော့ အဂ္ဂသာဝက အရှင်မောဂ္ဂလာန်ဆိုပြီး မဏ္ဍပ်တိုင်တက်ကာ ထောင်လွှားနေကြတယ် လို့ဆိုပြီး အဂ္ဂသာဝကအရှင်မြတ်နှစ်ပါးကို ဆဲရေးတိုင်းထွာနေပါတယ်။
မြတ်စွာဘုရားရှင်ဟာ ထိုအကြောင်းကို ရဟန်းတော်များထံက ကြားသိရတဲ့အခါ ဆန္နမထေရ်ကို ခေါ်ပြီး ဆုံးမတော်မူပါတယ်။ ဘုရားရှင်ဆုံးမ တော်မူတုန်းခဏတော့ ညိမ်ချက်သားကောင်းနေပေမယ့်၊ နောက်ပြန်ပြီးတော့ ဆဲရေးပြန်ပါတယ်။ ဒုတိယအကြီမ် ဘုရားရှင် ဆုံးမတယ်။ ဒါပေမယ့် ဆန္နမထေရ်ဟာ ခွေးမြီးတောက် ကျည်တောင့်စွပ်သလိုပါပဲ၊ မာန်မာနထောင်လွှားက ပြန်ပြီး ဆဲရေးနေပြန် ပါ တော့တယ်။ဘုရားရှင်လဲ နောက်ဆုံးအကြိမ် “ချစ်သား…ဆန္န…..အရှင်သာရိပုတ္တရာ၊အရှင်မောဂ္ဂလာန်တို့ဆိုတာ သင့်အတွက် မိတ်ဆွေကောင်း၊ သူတော်ကောင်းတွေ ဖြစ်တယ်။ ဒီလိုသဘောရှိတဲ့အရှင်မြတ်ကောင်းတွေကို သင်တစ်သက်လုံး ပေါင်းဖေါ်သွားပါလို့ ဆုံးမသြ၀ါဒပေးတော်မူပါ။ ဒါပေမယ့် ဆန္နမထေရ်ဟာ အရင်အတိုင်း ဆဲရေးမြဲဆဲရေးနေပြန်တယ်။ ရဟန်းတော်များက ဆန္နမထေရ်အကြောင်းကို ဘုရားရှင်အား လျှောက်ထားလာကြပြန် တယ်။ အဲဒီအခါ ဘုရားရှင်က “ချစ်သားရဟန်းတို့….ဆန္နရဟန်းဟာ ငါဘုရားသက်တော်ထင်ရှားရှိစဉ် ဒီအနေအထားကနေ ပြုပြင်လို့ရမှာမဟုတ်ဘူး၊ ငါဘုရား ပရိနိဗ္ဗာန်ပြုပြီးတဲ့အခါမှပဲ ရနိုင်မယ်” လို့ ရဟန်းတော်များကို မိန့်တော်မူတော့ ရဟန်းတော်များဖက်ကလဲ ဘယ်သူမှလဲ ဆုံးမသြ၀ါဒမပေး၊ ဥပေက္ခချကာ နေလာလိုက်တော့တယ်။ ဒီလိုနဲ့ ဘုရားရှင် ပရိနိဗ္ဗာန်စံခါနီးမှာ အရှင်အာနန္ဒာက လျှောက်လို့ ဗြဟ္မဒဏ်ပေးရမယ် ဆိုတဲ့အကြောင်း ဘုရားရှင်ကမိန့်တော် မူတယ်။ ဗြဟ္မဒဏ်ဆိုတာ ရဟန်းတော်များက ဆန္နထေရ်နဲ့ ကံကြီးကံငယ်ပြုခြင်းလဲမရှိ၊ ဆုံမသြ၀ဒလဲမပေးဘဲလျစ်လျုရှုထား တာကို ပြောတာပါ။ နောက်ပိုင်းမှာ မထေရ်ဟာ ရဟန်းတော်များအား သူ့ကို ဒီလိုမျိုးလုပ်ပြီး မဖျက်ဆီးပါနဲ့ လို့ အထပ်ထပ်တောင်း ပန်ပြီး ရဟန်းတရားအားထုတ်လိုက်တာ ရဟန္တာဖြစ်သွားပါတယ်။
ဒါကြောင့် သူတစ်ပါးက အကျိုအကြောင်းဆီလျော်စွာ ပြောဆိုလာတဲ့စကားကို စဉ်းစားနားလည်လက်ခံပေးမယ်ဆိုရင် ဆန္နလိုဖြစ်မှာ မဟုတ်ဘူး ဆိုတာပါပဲ။ နောက်တစ်ခုပြောချင်သေးတယ်။ဘုရားရှင်လက်ထက်က ပေါဌိလမထေရ်ဆိုတာ ရှိတယ်။ သူဟာ ပိဋကတ်သုံးပုံကို တတ်ကျွမ်းကာ အာဂုံလဲဆောင်ထားနိုင်သူဖြစ်တယ်။ တစ်နေ့ ဘုရားရှင်က “အလကား ပေါဋ္ဌိလကြီး” လို့ လူပုံအလယ်မှာ အပြောခံရတာနဲ့စပ်လို့ သတိသံဝေဂရကာ တစ်ပါးထဲ တောထဲကို ထွက်လာခဲ့ပါတယ်။ တစ်နေရာမှာ ရဟန်းတော်များ သီတင်းသုံးနေတဲ့ ကျောင်းတိုက်ကြီး တစ်တိုက်ကို တွေ့တာနဲ့ လှည့်ဝင်လာရာ ကျောင်းတိုက်ရှိမထေရ်ကြီးတစ်ပါးနဲ့တွေ့ပါတယ်၊ ဒါနဲ့မထေရ်ကြီးထံမှာကမ္မဋ္ဌာန်းတောင်းတယ်၊ မထေရ်ကြီးက အခြားတစ်ပါးကို ညွန်ပြန်တယ်၊ဒီလိုနဲ့ ခုနှစ်နှစ်အရွယ် ကိုရင်လေးတစ်ပါးထံကို ရောက်ပါတယ်။ သူ့ကို ကမ္မဋ္ဌာန်းပေးဖို့ ကိုရင်လေးကိုပြောပါတယ်။ ကိုရင်လေးကလဲ မထေရ်ကို တောင်ပို့ကြီးဥပမာပေးပြီး ပြောပြပါတယ်။ မထေရ်ကြီးလဲ ကိုရင်လေးပြောတဲ့စကားကို ရိုရိုသေသေ နားထောင်လို့ စဉ်းစားလက်ခံပေးကာ တရားအားထုတ်လိုက်တဲ့အခါ မကြာမီမှာ ရဟန္ဆာ ဖြစ်တော်မူခဲ့ပါတယ်။
အချုပ်ပြောလိုတာကတော့ ပြောဆိုဆုံးမလို့ လွယ်ကူတယ်( စဉ်းစားနားလည်လက်ခံပေးတယ်)ဆိုရင် မိမိဘ၀ဟာ ရာနှုန်းပြည့်အောင်မြင်နိုင် တယ်ဆိုတာကို တင်ပြချင်တာပါ။ ဒါကြောင့် စာချစ်သူများလဲ ကြီးကြီးငယ်ငယ်ရွယ်ရွယ်လတ်လတ် ဘယ်သူဆို ဆီလျော်တဲ့စကားကို ပြောလာတဲ့အခါ ချက်ခြင်းဆုံးဖြတ်ချက်မချဘဲ စဉ်းစားပြီး နားလည်လက်ခံပေးနိုင်ရင် ကြီးပွားတိုးတက်နိုင်တယ်ဆိုတာပြောရင်း….
ကြီးပွားတိုက်ကြပါစေ
ဦးကောဝိဒ(မြိတ်)

No comments:

Post a Comment