Thursday, April 28, 2016

မှန်ကန်တဲ့လမ်းညွန်မှုကို ပေးနိုင်ကြပါစေ



စာရေးသူတို့ရဲ့ဒေသမှာ ကွမ်းသီးပင်အမြောက်အမြား စိုက်ပျိုးကြပါတယ်။ ဘယ်နေရာပဲပဲ ကြည့်ကြည့် ကွမ်းပင်များ မျက်စိတစ်ဆုံးပါပဲ။ တနင်္သာရီမြစ်ကမ်း ၀ဲယာ တစ်ဖက်တစ်ချက်တွေမှာ ကွမ်းပင်တွေ ချည်းပါပဲ။ ဒါကြောင့် ကွမ်းသီးဟာ တနင်္သာရီဒေသရဲ့ အဓိကထွက်ကုန်တစ်ခုဆိုရင်လဲ မမှားပါဘူး။ ယခုနှစ် ရာသီဥတုက ပူပြင်းလွန်းတဲ့အတွက် ကွမ်းပင်များ ညိုးနွမ်းကာ သေကျေ ပျက်စီးကြပါ တယ်။
ယခင်နှစ်များကဆိုရင် ဘယ်ကိုပဲကြည့် ကြည့် စိမ်းလန်းစိုပြေနေပေမယ့် အခုတော့ နေပူဒဏ်ကြောင့် အစိမ်းရောင်ကနေ အညိုရောင် ကွက်ကြားဖြစ်ကုန်တာ တွေမြင်ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကွမ်းပင်များ သေကြတဲ့အတွက် မျိုးဆက် မပြတ်အောင် နှစ်တိုင်းဆိုသလို ကွမ်းပင်များကို ပြန်လည် စိုက်ပျိုးထားကြရပါတယ်။ ဒါကြောင့်လဲ ကွမ်းပင်များ သေကြေပျက်စီး ကြပေမယ့် မျိုးမတုံးသွားပဲ ဆက်လက်ရှင်သန်ဖွံ့ဖြိုးဆဲဖြစ်နေပါတယ်။
ဒီလိုပါပဲ တစ်ချိန်က ဗုဒ္ဓဘာသာဟာ နေရာအနှံ့ထွန်းကား ပြန့်ပွားခဲ့ပါတယ်။ အခုအခါမှာ သုတေသနပြုချက်အရ ကမ္ဘာမြေပုံမှာ ဗုဒ္ဓဘာသာဟာ အခြားဘာသာများထက် အရေအတွက် နည်းပါးနေတာကို တွေ့ရပါတယ်။ ပြောချင်တာက အခုလက်ရှိ ဗုဒ္ဓဘာသာဦးရေထက် ပိုပြီး မနည်းပါးရလေအောင် ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြဖို့ အထူးပဲ လိုအပ်လှပါတယ်။ အထက်ကဆိုခဲ့တဲ့အတိုင်း ကွမ်းပင်များ မျိုးမတုံးဖို့အတွက် အပင်ငယ်များကို ဆက်လက်စိုက်ပျိုးကြရသလိုပဲ ဗုဒ္ဓဘာသာ မျိုးမတုံးဖို့အတွက် မျိုးဆက်သစ်တွေ မွေးထုတ်ပေးဖို့ လိုအပ်ပါတယ်။ ဒီအတွက် ရဟန်းရှင်လူ ဒကာ ဆရာအားလုံးမှာ တာဝန်ကိုယ်စီရှိကြပါတယ်။
တစ်နေ့ ကျောက်စရစ်ဆရာတော်ဘုရားရဲ့ ပင့်လျှောက်ချက်အရ ကျောက်စရစ်ရွာကို သွားဖြစ်ပါတယ်။ ကျောက်စရစ်ရွာဆိုတာ တနင်္သာရီမြို့နယ်ထဲမှာ တည်ရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ ကျောက်စရစ်ဘုန်းတော်ကြီးကျောင်းမှာ မနက်ပိုင်း သိမ်ကျောင်းရေစက်ချ အခမ်းအနားပြီးလို့ နေ့ခင်းပိုင်းမှာတော့ ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို စတင်ပါတယ်။ုအခမ်းအနားမှာ သြ၀ါဒချီးမြှင့်ပေးဖို့ ဆရာတော်က အမိန့်ရှိလာတာ ကြောင့် မထင်မှတ်ဘဲ သြ၀ါဒစကား ပြောကြားခဲ့ရပါသေးတယ်။
“ဓမ္မစကူးလ်ဆိုတာ ယနေ့ခေတ်လူငယ်လေးတွေ ယဉ်ကျေးလိမ္မာလာအောင် ဘာသာရေးစာပေများကို သင်ကြားပေးတဲ့ ဓမ္မကျောင်း (တရားကျောင်း)ဖြစ်ပါတယ်။ ဒီသင်တန်းဟာ ဘာသာရေးကို ပညာရေးအသွင်ဖြင့် ကူးပြောင်းသင်ပေးမှာဖြစ်ပါတယ်။ အခုအခါမှာ ပထမတန်းကနေ တတိယတန်းအထိကို ဌာနအသီးသီးမှာ သင်ကြားပို့ချပေးနေကြပါပြီ။ မကြာတဲ့အချိန်အတွင်းမှာလဲ တက္ကသိုလ်ဝင်တန်းအထိ သင်ကြားနိုင်အောင် စီစဉ်ရေးဆွဲနေကြတယ်လို့လဲ သိရပါတယ်။ ဒီအခမ်းအနားမှာ ပြောချင်တာက.. ဘုန်းကြီးတို့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအသိတွေကို လူကြီးတွေလောက်နဲ့တင် မပြီးသေးပါဘူး။ လူကြီးတွေဆိုတာ မကြာခင် နေ၀င်ကြတော့မှာပါ။ တကယ်တန်း သာသနာတော်ကြီး စိမ်းလန်းစိုပြေပြီး ဆက်လက် ရှင်သန်နေဖို့ဆိုတာ နောက်တစ်ချိန်မှာ လူကြီးဖြစ်လာမယ့် လူငယ်ကလေးများရဲ့ လက်ထဲမှာပဲ ဖြစ်ပါတယ်။ ထိုလူငယ်လေးတွေရဲ့ ရင်ထဲ အသဲနှလုံးထဲမှာ ဘာသာတံဆိပ်ခပ်နှိပ်ပေးလိုက်ခြင်းအားဖြင့် ဘာသာယဉ်ကျေးမှုတွေ ဆက်လက်ရှင်သန်ပြီး စိမ်းလန်းစိုပြေနေမှာအမှန်ပါ။
ဒါကြောင့် မျိုးဆက်သစ်လူငယ်လေးတွေ ဘာသာယဉ်ကျေးမှုမှာ စိတ်ဝင်စားလာအောင် ဖေးမကူညီပေးဖို့ လူကြီးတွေကို ပြောချင်ပါတယ်။ လူငယ်လေးတွေ ဘာသာယဉ်ကျေးမှု လမ်းကြောင်းပေါ်ရောက်အောင် လူကြီးတွေက လုပ်ဆောင်ပေးရမှာပါ။ စီးပွားရေးတွေနဲ့ အချိန်ကုန်ပြီး ကိုယ့်သား သမီးလေးတွေရဲ့အခြေအနေကို ဂရုမစိုက်နိုင် ဖြစ်နေကြတယ်။ ကိုယ့်သားသမီးရဲ့အခြေအနေကို အကဲခတ်သိရှိပြီး မှန်ကန်တဲ့လမ်းညွန်မှုကို ပေးခဲ့တဲ့ ဖြစ်ရပ်ကလေးတစ်ခု မြန်မာနိုင်ငံမှာ ရှိခဲ့ဖူးပါတယ်။ အတုယူ လိုက်နာနိုင်အောင် တင်ပြပေးလိုက်ပါတယ်။
အချိန်က မြန်မာနှစ် ၁၂၃၂ ခုနှစ်လောက်တုန်းကပါ။ မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းမြို့ရဲ့မြောက်ဖက်မှာ လင်းယဉ် လို့ခေါ်တဲ့ ရွာကြီးတစ်ရွာရှိတယ်။ အဲဒီရွာမှာ ဦးရေအိုင်+ဒေါ်မင်းထပ် ဆိုတဲ့ ဇနီးမောင်နှံလဲ နေထိုင်ကြပါတယ်။ သူတို့မှာ ဒုတိယမြောက်သားရတနာကလေးတစ်ဦး ဖွားမြင်ရာ နာမည်က မောင်ကောင်း ဖြစ်ပါတယ်။
ဒီလိုနဲ့ မိသားစု ပျော်ရွှင်စွာနေထိုင်လာကြရာ ရုတ်တရက် ခင်ပွန်းဖြစ်သူ ဦးရေအိုင် ကွယ်လွန်ခဲ့ပါတယ်။ သားကလေးများနဲ့ ဒေါ်မင်းထပ်ဟာ ဒုက္ခရောက်ရရှာပါတယ်။ ဒါနဲ့ ဒေါ်မင်းထပ်က “လင်းယဉ်ရွာမှာ ဆက်လက်ပြီး လုပ်ကိုင်စားသောက်ခြင်းထက် ညီမများရှိရာ မန္တလေးမြို့တက်ပြီး ညီမများ နဲ့အတူ လုပ်ကိုင်စားသောက်ပါက အဆင်ပြေနိုင်တယ်” လို့ တွေးမိပြီး လူမမယ်ကလေးနှစ်ဦးနဲ့အတူ မန္တလေးမြို့ကို ထွက်ခွာခဲ့ပါတယ်။ မန္တလေးမြို့ရှိ ညီမများနဲ့အတူနေလာကြရာ ညီအမများနဲ့ အဆင်မပြေဖြစ်ကြတဲ့အတွက် မန္တလေးမြို့ ရဲ့ အခြားတနေရာကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။
သူတို့ နေထိုင်တဲ့နေရာအနီးဝန်းကျင်မှာ ခရစ်ယာန် ဗရင်ဂျီ စာသင်ကျောင်းတစ်ကျောင်း ရှိပါတယ်။ မောင်ကောင်းကလေးဟာ ထိုကျောင်းမှ ကျောင်းသားများနဲ့ရင်းနှီးကာ ကျောင်းလွှတ်ချိန်တွင် အမြဲ ဆော့ကစားလေ့ရှိပါတယ်။ တစ်နေ့ ထိုကျောင်းက ကျောင်းဆရာက “မင်း စာသင်ချင်သလား” လို့ မောင်ကောင်းကိုမေးတဲ့အခါ “သင်ချင်ပါတယ်” လို့ ပြန်ပြောလိုက်တယ် ။ ထိုနေ့ကစပြီး မောင်ကောင်းကလေးဟာ ခရစ်ယာန် ဗရင်ဂျီကျောင်းမှာ အများနည်းတူ အခမဲ့စာသင်ခွင့်ကို ရရှိခဲ့ပါတယ်။ ထိုခရစ်ယန်ကျောင်းနဲ့ မနီးမဝေးမှာ ကုမ္ပဏီကြီးတစ်ခုလဲရှိတယ်။ မောင်ကောင်းဟာ ထိုကုမ္ပဏီက အင်္ဂလိပ်မ ကလေး ဒေစီ ဒက်ကီ တို့နဲ့ အတော်ရင်းနှီးပါတယ်။ မောင်ကောင်းရဲ့အစ်မဖြစ်သူက မိန်းမချင်းဖြစ်နေတော့လဲ ပိုပြီးရင်းနှီးခဲ့ပါတယ်။ အင်္ဂလိပ်မ ကလေးတွေက မောင်ကောင်းကို လက်ဆောင်လေးတွေပေးတယ်။ ဒီလိုနဲ့ ပျော်ရွှင်စွာ နေလာခဲ့ကြရာ နှစ်နှစ်နီးပါး ကြာခဲ့တယ်။
မယ်တော်ကြီးဒေါ်မင်းထပ်ဟာ အင်္ဂလိပ်ခရစ်ယာန် အသိုင်းအ၀ိုင်းမှာ ကိုယ့်ရင်သွေးကလေး ရောက်နေတာကို နည်းနည်းမှ စိတ်မချမ်းသာခဲ့ပါ။ စာတတ်မြောက်စေချင်လို့သာ ခွင့်ပြုထားရတယ်။ ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းက မွေးဖွားလာသူတိုင်းဟာ “နှစ်ဆယ့်လေးပွင့်၊ပန်းသုံးဆင့်၊ ကိုယ်နှင့်မကွာ ပန်ရပါမယ်၊ (၂၄ပွင့်= ဘုရားဂုဏ် ၉ပါး၊ တရားဂုဏ်၆ပါး၊ သံဃာ့ဂုဏ်၉ပါး=၉၆၉ပေါင်းရင် ၂၄။ ပန်းသုံးဆင့်ဆိုတာက ရတနာသုံးပါးပြပါ) မိမိရဲ့သားကလေးဟာ ဒီရတနာသုံးပါး ပန်းပွင့်တွေကို ပန်ဆင်ခွင့်မရပါက အပါယ်လေးပါးဘေးကြီးနဲ့တွေ့ရတော့မယ်၊ သံသရာဘေးကလဲ မလွတ်နိုင်ရှာတော့။ ဒါကြောင့် သားကလေးမောင်ကောင်းကို ဗုဒ္ဓယဉ်ကျေးမှုများ သင်ကြားပို့ချပေးတဲ့ ဗုဒ္ဓသာသနာပြုဘုန်းတော်ကြီးကျောင်းကို ပို့ပေးမှ ဖြစ်မယ် လို့ မှန်ကန်တဲ့အတွေး ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့အတူ လင်းယဉ်ရွာကို ပြန်ခဲ့ပြီး ရွာဦးဘုန်းတော်ကြီးကျောင်းမှာ ကျောင်းအပ်ခဲ့ပါ တယ်။
ဘာသာခြားခရစ်ယာန်အသိုင်းအ၀ိုင်းနှင့် နှစ်နှစ်နည်းပါး ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ မောင်ကောင်းဟာ လင်းယဉ်ရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်ရဲ့ အရိပ်အောက်မှာ ဗုဒ္ဓရဲ့အဆုံးအမ ပိဋကတ်စာပေများကို သင်ယူရင်း အရွယ်ရောက်လာခဲ့ပါတယ်။ ငယ်စဉ်က ခရစ်ယာန် အသိုင်းအ၀ိုင်းနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ ဗုဒ္ဓအဆုံးအမများကို သင်ယူကာ ဗုဒ္ဓဘာသာတစ်ယောက် ဖြစ်ခဲ့ရပါတယ်။ ဒါတင်မက နောင်တစ်ချိန်မှာ “ရွှေကျင်နိကာယ သာသနာပိုင် အဘိဓဇ မဟာရဋ္ဌဂုရု”ဘွဲ့တံဆိပ်ကို အလှူခံယူတော်မူပြီး သာသနာတော်မှာ ထင်ရှားတဲ့ “စံကင်းဆရာတော်ဘုရားကြီး” အဖြစ် ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။
တကယ်တော့ ခရစ်ယာန်အသိုင်းအ၀ိုင်းရောက်နေတဲ့ ဆရာတော်လောင်းလျာလေးကို နည်းမှန်လမ်းမှန်ညွန်ပြမယ့် ဆရာကောင်းများထံသို့ မရောက် ရောက်အောင် ပို့ဆောင်ပေးလိုက်တာက မယ်တော်ကြီး ဒေါ်မင်းထပ်ရဲ့ မှန်ကန်တဲ့အတွေးအခေါ်၊ ရဲရင့်ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကြောင့် ဖြစ်တယ်ဆိုတာ လူကြီးဖြစ်တဲ့ အဖေအမေတွေ သိစေချင်လို့ပါပဲ။ ဘာသာသာသနာအတွက် သွေးအေးမနေကြပါနဲ့၊ ကိုယ့်ရဲ့ရင်သွေးလေးတွေကို ဘာသာယဉ်ကျေးမှုကိန်းအောင်းပြီး လူတော်လူကောင်းလေးတွေ ဖြစ်လာအောင် မှန်ကန်တဲ့လမ်းညွန်မှုတွေပေးကြပါလို့ ပြောချင်ပါတယ်။
ဘုရားရှင်လက်ထက်တော်အခါက ဇေတ၀န်ကျောင်းဒါယကာကြီး အနာထပိဏ်သူဌေး ဆိုတာရှိတယ်။ သူဌေးကြီးဟာ သားသမီးများကို ဘ၀သံသရာအတွက်ပါ ထောက်ရာတည်ရာရအောင် အခုဘ၀ထဲက မှန်ကန်တဲ့လမ်းညွန်မှုတွေပေးခဲ့တယ်။ သားသမီးများ လိမ်မာယဉ်ကျေးအောင် နည်းလမ်းမျိုးစုံနဲ့ လဲ သွန်သင်ဆုံးမခဲ့ပါတယ်။ စာချစ်သူများလဲ အတုယူစေချင်လို့ မျှဝေပေးလိုက်ပါရစေ။
သူဌေးကြီးမှာ သားသမီးများ ထွန်းကားခဲ့ပါတယ်။ သမီးအကြီးဆုံးက မဟာသုဘဒ္ဒါ သူမကတော့ ဖခင်ရဲ့လမ်းညွန်မှုကို လိုက်နာရင်း ၀ါတွင်းသုံးလ ရဟန်းသံဃာတော်များရဲ့ ဆွမ်းဝေယျာဝေစ္စပြုလုပ်ရင်း တရားနာရလို့ သောတာပန် တည်ခဲ့ပါတယ်။ သမီးအငယ် စူဠသုဘဒ္ဒါ လဲ ဖခင်ကြီးရဲ့ ကုသိုလ်လုပ်ငန်းများမှာ ပါဝင်စီမံကာ ဝေယျာဝေစ္စကုသိုလ်တွေယူရင်း သောတာပန်တည်ခဲ့တဲ့ အရိယာသူတော်စင်မကလေးဖြစ်ပါတယ်။ အငယ်ဆုံးဖြစ်တဲ့ သား မောင်ကာလကတော့ ဘုရားရှင်ရဲ့ကျောင်းတော်ကိုလဲ မသွားခဲ့။ မြတ်စွာဘုရားရှင်အိမ်ကြွလာတဲ့အခါ ဘုရားကို ဖူးမျှော်ရမှန်းမလဲမသိ။ တရားနာဖို့ဆိုရင် ဝေးစွ။ သံဃာ့ဝေယျာဝေစ္စလဲ ပြုလုပ်ဖို့ စိတ်မကူးခဲ့။ ဖခင်က “သား…ဒီလိုမလုပ်နဲ့ ဒီလိုမနေနဲ့” လို့ပြောလဲ ဖခင်စကားကို နားမထောင်။ လူငယ်တို့သဘာဝ အပျော်အပါးခုံမင်တယ်။ အိမ်ကပ်တယ်လို့မရှိ ညသန်းခေါင်ယံမှ ပြန်လာတဲ့အခါမျိုးလဲ မနည်းတော့။ ကုသိုလ်လုပ်ငန်းဆိုတာ သူ့အတွက် အရေးမကြီး အရေးကြီးတာက ပျော်ပါးသောက်စားဖို့ပဲ။
တစ်နေ့ ဖခင်သူဌေးကြီးက “ဒီအတိုင်းသာ ဆိုနေရင်တော့ ငါ့သားကလေး သေရင် အ၀ီစိငရဲက လွတ်မှာမဟုတ်ဘူး။ ငါရှိနေပါလျှက် ငါ့သား အပါယ်ငရဲရောက်ရတယ်ဆိုတာ မဟုတ်သေးပါဘူး၊ လောကမှာ ပစ္စည်းပေးပြီး ခိုင်းလို့ မရတဲ့သူရယ်လို့မရှိ။ ငါ့သားကလေးကို ငွေအသပြာ ပေးပြီး အခြေအနေတစ်မျိုးနဲ့ ခိုင်းမှဖြစ်မယ်” ဆိုပြီး သားကလေးအား အနားကိုခေါ်ကာ “ င့ါသား ဒီနေ့ ကျောင်းတော်ကိုသွားပြီး ဥပုသ်စောင့်ပါလား။ ပီးတော့ တရားလဲနာခဲ့နော်၊ သားပြန်လာရင်လေ အဖေသားကို အသပြာ တစ်ရာပေးမယ် ” လို့ဖခင်ကပြောတော့ သားဖြစ်သူက ငွေရရင်ကျောင်းသွားမယ်ဆိုပြီး ကျောင်းကိုသွားခဲ့ပါတယ်။ မောင်ကာလဟာ ငွေရဖို့အတွက်လာခဲ့ရတာဆိုတော့ ဥပုသ်လဲမစောင့် တရားလဲမနာဘဲ တစ်နေ့တာ ကျောင်းမှာ အချိန်တွေဖြုန်းခဲ့ပါတယ်။ အိမ်ကို ပြန်လာတဲ့အခါ အဖေလုပ်သူက “ငါ့သား ကျောင်းကနေဥပုသ်စောင့်လာတယ်”ဆိုပြီး ၀မ်းသာအားရ ထမင်းကျွေးတယ်။ သားဖြစ်သူကမစားဘူး။ ပြောထားတဲ့ကတိအတိုင်း အသပြာ တစ်ရာ ရမှ စားမယ်လို့ ပြောသတဲ့။ ဒါနဲ့ ဖခင်ကြီးလဲ သားဖြစ်သူရဲ့ အခြေ အနေမှန်ကို သိကာ အသပြာတစ်ရာပေးလိုက်ရတယ်။
နောက်တစ်နေ့ ဖခင်ကြီးက“ ချစ်သား သားကို ဒီနေ့ အဖေ အသပြာ တစ်ထောင် ပေးမယ်။ ငါ့သားက မြတ်စွာဘုရားကျောင်းတော်ကိုသွားပြီး ဘုရားအရှေ့မှာနေရမယ်။ ဘုရားရှင်ဟောတဲ့တရားတော်ကိုလဲ နာယူခဲ့ရမယ်” လို့ ပြောတယ်။ သားဖြစ်သူကလဲ အသပြာတစ်ထောင်ဆိုတာ နည်းတာမဟုတ်ဘူး။ စိတ်မပါလဲ ဒီအခွင့်အရေးကိုတော့ လက်လွတ်မဆုံးရှုံးခံနိုင်ဘူးဆိုပြီး မောင်ကာလ ကျောင်းတော်ကိုသွားခဲ့ပါတယ်။ ကျောင်း ရောက်တဲ့အခါ မြတ်စွာဘုရား ဟောတဲ့တရားကို နာယူမှတ်သားပြီး အိမ်ကို ပြန်ပြေးလိုစိတ်ဖြစ်ပေါ်နေပါတယ်။ ဒါကိုသိတဲ့ဘုရားရှင်က မောင်ကာလ တရားနာယူတဲ့အခါ မမှတ်မိအောင် အဓိဋ္ဌာန်ပြုထာားလိုက်တယ်။ ဒီလိုနဲ့မောင်ကာလဟာ တရားတစ်ပုဒ်ကို နာယူပြီး မမှတ်သားနိုင်လောက်အောင် ဖြစ်နေရတယ်။ ဒါနဲ့စိတ်မပျက်ဘဲ တရားတော်ကို ဆက်လက်နာယူခဲ့ပါတယ်။ ဒီလိုနဲ့ မှတ်မိသလိုလိုဖြစ်လိုက် မေ့သွားလိုက်နဲ့ ဖြစ်နေရာက “အေးလေ.. ဒီတစ်ပုဒ်မရလဲ နောက်တစ်ပုဒ်နာရတာပေါ့ဆိုကာ တရားနာယူနေစဉ် သောတာပန် တည်ခဲ့ပါတယ်။ ဆိုးမိုက်ပေတေခဲ့တဲ့မောင်ကာလဟာ ဖခင် သူတော် ကောင်းကြီးရဲ့ မှန်ကန်တဲ့ လမ်းညွန်မှုကြောင့် ဘုရားရှင်ထံကို ရောက်ပြီး လောကမှာ အမြတ်ဆုံးဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုခဲ့ရပါတယ်။
အထက်က ဆိုခဲ့သလိုပဲ မျိုးဆက်သစ်လူငယ်လေးတွေရဲ့ သန္တာန်မှာ ဘာသာယဉ်ကျေးမှု အဆီအနှစ်တွေ ကိန်းအောင်းစေရန်အတွက် အမိအဘများဖြစ်တဲ့ လူကြီးတွေနဲ့ ဆရာဖြစ်တဲ့ ရဟန်းတော်များက ကြိုးစားဆောင်ရွက်ကြရမှာပါ။ ဒီလိုနည်းနဲ့ သာသနာကို လက်ဆင့်ကမ်း သယ်ယူသွားကြရမှာဖြစ်တယ်။
နောက်ဆုံးပြောလိုတာက ရာသီဥတုဒါဏ်ကြောင့် အပင်တွေ သေသွားစေဦးတော့ နောက်က ပေါက်လာခဲ့တဲ့ အားကောင်းတဲ့ပျိုးပင်ကလေး တွေကြောင့် မိမိဥယျာဉ်ကြီး စိမ်းလန်းစိုပြေနေဖို့လိုသလို သာသနာ ဥယျာဉ်တော်ကြီး အမြဲ စိမ်းလမ်းစိုပြေနေဖို့အတွက် ဘာသာယဉ်ကျေးမှု အသိစိတ်ဓါတ်ပြည့်ဝတဲ့ မျိုးဆက်သစ်ကလေးတွေ မွေးထုတ်ပေးဖို့လိုပါတယ်။ ဒီအတွက် မယ်တော်ကြီး ဒေါ်မင်းထပ်နှင့် အနာထပိဏ်သူဌေးကြီးရဲ့ ထုံး နှလုံးမူပြီး မျိုးဆက်သစ်ကလေးတွေကို မှန်ကန်တဲ့လမ်းညွန်မှုများ ပေးကြပါစို့လို့ ပြောရင်း….
(ဓမ္မအလင်းရောင်ဆိုဒ်မှတဆင့်)

No comments:

Post a Comment