ကျောက်ဖြစ်ရုပ်ကြွင်း အပိုင်းအစများကို တွေ့ရတဲ့အခါ ပညာရှင်များက ဟိုတစ်စဒီတစ်စ ဆက်စပ်ပြီး ကမ္ဘာဦးက ဒိုင်နိုဆော ဆိုတဲ့အကောင်ကြီးတွေ ရှိခဲ့တယ်လို့ ပြောကြပါတယ်။ အခုအခါမှာတော့ ဒိုင်နိုဆောနဲ့တူတာဆိုလို့ မရှိတော့ပါဘူး။ ဒါဟာ မျိုးဆက်ပြတ်သွားတဲ့ အတွက် အခုလိုမျိုးတုံးသွားရတာပါ။ ဒါကြောင့် တိရစ္ဆာန်မျိုးစိတ်တွေ ဆက်လက်ရှင်သန်စေချင်တယ်ဆိုရင်တော့ မျိုးဆက်မပြတ်အောင် မျိုးဆက်သစ် ပွား လာအောင်ပြုလုပ်ပြီး ကာကွယ်စောင့်ရှောက်ပြီး ပြုစုပျိုးထောင်ပေးကြရမှာပါ။
ဒီလိုပါပဲ ဒီကနေ့ခေတ်ကြီးမှာလဲ အမျိုးဘာသာ သာသနာ မကွယ်ပျောက်ဖို့အတွက် မျိုးဆက်သစ်ကလေးတွေကို အားကိုးကြရမှာပါ။ ဒါကြောင့်လဲ မျိုးဆက်သစ်ကလေးတွေကို ဘာသာရေးမှာ စိတ်ဝင်စားလာ အောင် နည်းသစ်ထွင်ပြီး ပြုစုပျိုးထောင်ဖို့ အထူးပဲလိုအပ်နေပါပြီ။ ဒါကြောင့် နွေရာသီကျောင်းပိတ်ချိန် ကလေးတွေကို သာမဏေ/သီလရှင်များ ၀တ်စေပြီး ဗုဒ္ဓရဲ့အဆုံးအမတွေ နားလည်အောင် သင်ပေးရတဲ့ နွေရာသီဗုဒ္ဓ ယဉ်ကျေးမှုသင်တန်း ကျင်းပလာတာဟာ အခုအချိန်ထိ ခြောက်ကြိမ်မြောက် ကျင်းပနိုင်ခဲ့ပါတယ်။ တစ်ကြိမ်ကျင်းပတဲ့ အခါ ကျောင်းသား/သူဦးရေ ၂၀၀ ၀န်းကျင်ခန့် တက်ရောက်သင်ကြားကြပါတယ်။ အခုတခါ တနင်္ဂနွေနေ့တိုင်းကျင်းပတဲ့ ဓမ္မစကူးလ်သင်တန်း ကိုလဲ ဖွင့်လှစ်ဖြစ်ခဲ့ပါတယ်။
“လာပါ လာပါ သူငယ်ချင်း….ဓမ္မစကူးလ်သွားကြမယ်”
မြိတ်မြို့- အေးရိပ်ချောင်မဟာစည်သာသနာ့ရိပ်သာမှာ မူလတန်းကလေးတွေ သီဆိုနေကြတာဖြစ်တယ်။ ထိုအသံဟာ စာရေးသူတို့ ကျောင်းတွင်သာမက ဘုန်းတော်ကြီးကျောင်း အတော်များများမှာလဲ ကြားနေကြရပါပြီ။ မြိတ်မြို့တွင်သာမက နိုင်ငံနဲ့အ၀ှမ်းမှာ လဲ ပြန့်နှံ့လို့နေပါပြီ။ ဒီအတွက် ရန်ကုန်မြို့- ဗဟိုဌာနချုပ် ဓမ္မစကူးလ် ဖောင်ဒေးရှင်းကို အထူးပဲ ကျေးဇူးတင်ဝမ်းမြောက်ရပါတယ်။
ဓမ္မစကူးလ်သင်တန်းကျောင်းက တစ်ပတ်လုံးမှာ တနင်္ဂနွေနေ့ မနက်ပိုင်းလောက်ပဲ သင်ပြပေးခြင်းဖြစ်တယ်။ မနက် ၈ နာရီတိတိမှာ ကျောင်းသားများကို ညီညာစွာစုဝေးခိုင်းပြီး အထက်ပါသီချင်းလေးကို ဖွင့်ပြကာ သံပြိုင်သီဆိုခိုင်းပါတယ်။ဒါကလဲ ကလေးတွေ ရဲ့ ပျော်ရွှင်မှုကို ဦးစားပေးတဲ့သဘောနဲ့ ဆိုခိုင်းလိုက်တာပါ။ (ယဉ်ကျေးရမယ်၊ သိမ်မွေ့ရမယ်၊ ပျော်ရွှင်သွားရမယ်)ဆိုတဲ့ အတိုင်းပဲ ကလေးတွေ ဟာ တကယ်လဲ ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ ဒါကြောင့်လဲ (၇း၃၀)မှ ကျောင်းလာခိုင်းထားတဲ့ အချို့ကျောင်း သားလေးတွေဟာ မနက် (၆း၃၀)လောက်ကတည်းက ရောက်ရှိနေကြတာပါ။ ဒီသင်တန်းတက်နေတဲ့အထဲ က ကျောင်းသားတစ်ယောက် ရဲ့အမေတစ်ဦးကို “ဒကာမကြီး စောလှချည်လား” ဆိုတော့ ဒကာမက “ အရှင်ဘုရား…ဒီကလေးတွေ တနင်္ဂနွေနေ့ ရောက်ပြီဆိုရင် မနက်အစောကြီး တပည့်တော်မကို နိုးပြီး ကျောင်းကိုပို့ဆောင်ပေးဖို့ အတင်းပူဆာတော့တာ ပဲဘုရား၊ ခဏနေပါဦး လို့ပြောတောင်မရပါဘုရား၊ နားပူတာ သက်သာပါစေတော့ဆိုပြီး တပည့်တော်မ အခုလို မနက်အစောကြီး ပို့ပေးနေရတာပါဘုရား” ဒါကိုကြည့်ပြီး ကလေးတွေ အတော်ပျော်ရွှင်နေကြတာကို မြင်ရတော့ စိတ်ထဲ ကြည်နူးမိတာအမှန်ပါ။
တစ်နေ့ သူငယ်ချင်းဘုန်းကြီးတစ်ပါးက အကြံပေးတာနဲ့ စမ်းကြည့်ပါတယ်။ ကလေးတွေ ဖိနပ်ချွတ်တာနဲ့စပ်ပြီး မညီမညာဖြစ်နေတာကို ညီညီညာညာလေးဖြစ်အောင် တန်းစီပြလိုက်ပါတယ်။ စာရေးသူက“ သားတို့သမီးတို့…ဖိနပ်ချွတ်တဲ့နေရာမှာ ခုနင်ကနဲ့အခု ဘယ်ဟာက ပိုကြည့်ကောင်းလဲ” လို့မေးတော့ ကလေးတွေက “ ဒီလို ညီညီလေးတန်းစီထားတာက ကြည့်လို့ကောင်းပါတယ်ဘုရား” လို့ပြန်ဖြေကြပါတယ်။ “ ဒါဆိုရင် သားတို့သမီးတို့ နောက်အပတ်တွေမှာ ကျောင်းရောက်လာရင် ဖိနပ်ချွတ်တဲ့ အခါ ဒီလိုလေး ချွတ်ပြီး ညီညီစီထားရင် မကောင်းဘူးလား” ဆိုတော့ ကောင်းတယ်ဘုရား လို့ ပြောကြပါတယ်။ နောက် အပတ်ရောက် လာတဲ့အခါ ကလေးတွေ ဖိနပ်ကို ညီညီညာညာ ချွတ်ထားကြတာကို တွေ့ရပါတယ်။ ဒါကို ကြည့်ခြင်းဖြင့် ဒီအချိန်မှာ ကလေးတွေ ကို ရှေ့ဆောင်လမ်းပြ သိပ်အရေးကြီးပါတယ်။ သူတို့ကို ခိုင်းတဲ့နေရာမှာ အမိန့်ပေးသလို ခိုင်းတာနဲ့ နားလည်အောင်ပြောပြီး မှန်ကန်တဲ့ အမြင်လေးနဲ့ သူတို့ကို လုပ်ခိုင်းတာက ပိုမိုထိရောက်တယ်ဆိုတာပါပဲ။
ရန်ကုန်မြို့၊ ဓမ္မစကူးလ်ဖေါင်ဒေးရှင်းက တာဝန်ယူကျင်းပတဲ့ ထိုဓမ္မစကူးလ်သင်တန်းဆိုတာ ဘာသာရေးကို စိတ်ဝင်စားစရာကောင်းတဲ့ ပညာရေးအသွင် ကူးပြောင်းစေပြီး သင်ပေးရတဲ့စနစ်တစ်ခုဖြစ်တယ်။ ဒါကြောင့် သင်တန်းက တနင်္ဂနွေနေ့တိုင်း တစ်နှစ်လုံးလုံး သင်ကြရမှာဖြစ်တယ်။ သင်တန်းရဲ့သဘောက ဆရာမက တပည့်ကို အမိန့်ပေးသင်ခိုင်းနေတာမျိုးမဟုတ်ဘဲ၊ ကလေးကို ဗဟိုပြုချဉ်းကပ်ပြီး အဓိကထားသင်ပေးရတာ ဖြစ်ပါတယ်။ စာရေးသူတို့ကျောင်းမှာ စာရေးတာကို နည်းနိုင်သမျှ နည်းစေပြီး သင်ပြမည့် အကြောင်းအရာများကို ကလေး စိတ်ဝင်စားအောင် ပုံပြောသလို စိတ်ရှည်ရှည်ထားပြီး အပြောခိုင်းရပါတယ်။ ဒါကြောင့်လဲ သူတို့လေးတွေဟာ ဘုရားရှင်ရဲ့ ဖွားတော်မူခန်းကစလို့ အတော်ကလေးကို မှတ်မိနေတာတွေ့ရတယ်။ ဒါဟာ အလွန်ကောင်းတဲ့ သင်နည်းစနစ်တစ်ခု ဖြစ်တယ် ဆိုတာကို တွေ့ရပါတယ်။
ဒါကြောင့်လဲ မြိတ်မြို့မှာ အသီးသီးဖွင့်လှစ်ထားတဲ့ ဓမ္မစကူးလ်ကျောင်းများမှာ ကလေးတွေကို လာရောက်အပ်နှံကြဖို့ မိဘများအား တိုက်တွန်းရပါတယ်။ အချို့မိဘများကလဲ သူတို့သားသမီးများ အင်္ဂလိပ်စာ၊တရုတ်စာ ကျူရှင်သင်နေတဲ့အချိန်နဲ့ ကိုက်နေလို့ လာမထားနိုင်ဘူး လို့ဆိုကာ ဘာသာရေးထက် ပညာရေးကို ဦးစားပေး နေတာကို တွေ့ရပါတယ်။ ဒါဟာ ကလေးတွေအတွက် ရင်လေးစရာကောင်းပါတယ်။ တကယ်လို့သာ ပညာရေးပဲဦးစားပေးမယ်ဆိုရင်တော့ နောင်တစ်ချိန်မှာ ပညာတတ်ကြီးဖြစ်လာသော်လဲ ဘာသာရေးအသိမရှိတဲ့သူ အနှစ်မရှိတဲ့သူ ဖြစ်သွားလိမ့်မယ်။
ဒါကြောင့် မိဘများနေနဲ့ ဘာသာရေးမှာ အမြင်မသေးဖို့လိုသလို အခုကတည်းက သားသမီးများကို ဘာသာရေးနဲ့စပ်လို့ ရှေ့ဆောင်လမ်းညွန်မှုပြုပေးဖို့ လိုအပ်လှပါတယ်။ အခုအချိန်မှာ ကလေးတွေဟာ တံငါနားနီးတံငါ ဆိုသလိုပဲ သူတို့ကျင် လည်ရတဲ့ဝန်းကျင်အလိုက် အရောင်ပြောင်းသွားတတ်ပါတယ်။ ပညာရေးမှာ အထူးကောင်းသော်လဲ ပတ်ဝန်းကျင်ကြောင့် အကျင့်စာရိတ္တ အားနည်းတဲ့သူ ဘာသာရေးအသိမရှိသူ ဖြစ်နေရင် အနှစ်မရှိတဲ့ ကျီးအာသီးလို ဖြစ်နေမယ်ဆိုတာ သတိထားစေချင်ပါတယ်။ ကျီးအာသီးဟာ အပြင်ကသာလှပြီး အတွင်းမှာတော့ အကျည်းတန်လှပါတယ်။ ဒါကြောင့်လဲ ဘုရားရှင်က လောကမှ နှစ်ဘက်မြင်မြင် တဲ့သူတွေ ဖြစ်ဖို့ အရေးကြီးတယ် လို့ မိန့်တော်မူခဲ့တာပါ။ နှစ်ဖက်မြင်သူဆိုတာ ပညာရေးမှာကောင်းပြီး လုပ်ငန်းကျွမ်းကျင်စွာလုပ်နိုင်တဲ့အပြင် ဘာသာရေး ကိုယ်ခံအားကောင်းပြီး ကောင်းတာနဲ့မကောင်းတာကို ခွဲခြားကာ ကုသိုလ်တွေ များနိုင်သမျှများအောင် ပြုလုပ်နေတဲ့သူပါ။ နောင်တစ်ချိန် အနာဂတ်သာသနာအတွက် မျိုးဆက်သစ်ကလေးတွေကို ပြုစုပျိုးထေင်ပေးတဲ့နေရာမှာ မိဘများက လိမ်မာပါးနပ်ဖို့၊ အကင်းပါးဖို့ လိုပါတယ်။ ဒါနဲ့စပ်လို့ ဟိုးအရင်တုန်းက တကယ့်အဖြစ်အပျက်တစ်ခုကို ပြောပြချင်ပါတယ်။
မင်းတုန်းမင်းလက်ထက်တော်အခါက စစ်ကိုင်းတိုင်းမြောက်ဖက် ရှေးမြန်မာများအခေါ် (ဂ)တိုင်၊ ယခု မြစ်ကြီးနား မီးရထားလမ်း ခက်ခဘူတာ ရဲ့အနောက် (၄)မိုင်အကွာနှင့် ရွှေဘိုကားလမ်း ဆားတောင်မ ငါးရွာရဲ့အရှေ့ဖက်(၅)မိုင်ကွာဝေးတဲ့နေရာမှာ လင်းယဉ် ရွာကြီးဆိုတာရှိခဲ့ဖူးတယ်။ ထိုခေတ်တုန်းက အဲဒီနယ်မှာ မိုးလေမှန်ကန်တဲ့အတွက် ဆန်စပါး လုပ်ကိုင်တဲ့သူပေါများလှပါ တယ်။ ရေငံထွက်တဲ့ အတွက် ဆားချက်တဲ့သူလဲ ချက်ကြ ပါတယ်။ ဒါကြောင့်လဲ လင်းယဉ်ရွာကြီးဟာ လူနေအိမ်ခြေစည်ကားပြီး ထင်ရှားကျော်ကြားခဲ့တဲ့ ရွာဖြစ်ပါတယ်။
ထိုလင်းယဉ်ရွာကြီးမှာ ဦးရေအိုင်နဲ့ဒေါ်မင်းထပ်တို့လဲ အများနည်းတူ လုပ်ကိုင်စားသောက်ပြီး နေထိုင်ကြပါတယ်။ တစ်နေ့ ဒေါ်မင်းထပ်မှာ သားယောင်္ကျားလေးတစ်ဦး ဖွားမြင်တယ်။ ခုနှစ်က ၁၂၃၂ ခုဖြစ်ပါတယ်။ ထိုသားကလေးရဲ့အမည်ကိုလဲ “မောင်ကောင်း”လို့ နာမည်ပေးပါတယ်။ မောင်ကောင်း လေး လူ့လောကထဲကို ရောက်လို့ မကြာသေးမီမှာပဲ ဖခင် ဦးရေအိုင် ကွယ်လွန် အနိစ္စရောက်ခဲ့ပါတယ်။ မိခင်ကြီးဒေါ်မင်းထပ်လဲ လူမမယ် ကလေးနှစ်ယောက်နဲ့ ကသီလင်တ ဖြစ်ရရှာပါတော့တယ်။ နောက်ဆုံး လင်းယဉ်ရွာကြီးမှာ ဆက်လက်ပြီး လုပ်ကိုင်စားသောက်ခြင်းထက် ညီမများရှိရာ မန္တလေးနေပြည်တော်ကို တက်ပြီး ဆိုးတူကောင်းဖက် ကျရာအလုပ်ကို လုပ်ကိုင်စားသောက်ခြင်းက ပိုပြီး အဆင်ပြေနိုင်တယ် ဆိုတာကို တွေးမိတယ်။ တွေးမိတဲ့အတိုင်းပဲ မောင် ကောင်းအပါအ၀င် သားအမိသုံးယောက် မန္တလေး ရွှေမြို့တော်ကို တက်လာကာ မန္တလေးမြို့ သူဌေးတန်းရပ်( ယခု ကြေးနန်းရုံး မြောက်ဖက်ဝင်း တောင်ဖက်တန်း)မှာ အခြေအနေပေးသမျှ နေထိုင်ကြပါတယ်။
ဒီလိုနဲ့ ဒေါ်မင်းထပ်တို့မိသားစုဟာ အခြေအနေအရ သူဌေးတန်းရပ်ကွက်၊ ရိုးတိုက်ကြီးအနီး ခရစ်ယာန်ကျောင်းအနောက်ဖက် မကျီးပင်ဈေးကို ပြောင်းရွှေ့ကြရပြန်ပါတယ်။ အဲဒီအချိန်တုန်းက မောင်ကောင်း လေးဟာ ငါးနှစ်အရွယ်ကို ရောက်နေပါပြီ။ ငါးနှစ်အရွယ်ဆိုတာ စာပေသင်နိုင်တဲ့အရွယ် ဖြစ်တယ်။
မောင်ကောင်း လေးဟာ အမှတ်မထင် စာသင်ခွင့်ကြုံလာရပါတယ်။ တစ်နေ့ မောင်ကောင်း လေးဟာ ခရစ်ယာန် ဗရင်ဂျီကျောင်းနားချိန်တိုင်း အဲဒီကျောင်းကို သွားပြီး အိမ်နီးချင်းအဖေါ်များဖြစ်သူ ကျောင်းသား မောင်ပု၊ မောင်စုစတဲ့သူငယ်ချင်းများနဲ့ ကစားနေတတ်ပါတယ်။ တစ်နေ့မှာ မောင်ကောင်းလေးဟာ ကျောင်းတက်ခါစ စာမသင်မီအချိန်ကို ရောက်သွားပါတယ်။ စာအံသံလဲမကြား ကစားဖေါ်ကျောင်းသားများကိုလဲ မတွေ့တာကြောင့် ကျောင်းပေါ်မှာ တစ်ခုခုလုပ်နေတယ်ထင်ပြီး ကျောင်းပေါ်ကို တက်သွားပါတယ်။ အဲဒီအချိန်မှာ ကျောင်းသားများအနီးရပ်နေတဲ့ ခရစ်ယာန်ဆရာကြီးက “မင်းဘာလို့ လာတာလဲ၊ စာသင်ချင်လို့လား” လို့ မောင်ကောင်း ကိုမေးလိုက်တယ်။ မောင်ကောင်းဟာ အများနည်းတူ စာသင်ချင်တတ်ချင်တဲ့အတွက် “ ဟုတ်ကဲ့ စာသင်ချင်ပါတယ်” လို့ မဆိုင်းမတွ ပြန်ဖြေ လိုက်ပါတယ်။
ထိုနေ့ကစလို့ ခရစ်ယာန်ကျောင်းမှာ စာသင်လာခဲ့ရာ တစ်ကျော်နှစ်နှစ်နီးပါး ကြာခဲ့ပါတယ်။ အဲဒီအတွင်းမှာ ကုမ္ပဏီက အင်္ဂလိပ်မကလေး ဒေစီ ၊ ဒက်ကီတို့နဲ့လဲ အလွန်ရင်းနီးခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ မောင်စုကတော့ နောင်အခါ ရေနံချောင်းမြို့ ခရစ်ယာန်ကျောင်း ဘုန်းကြီး ဖြစ်လာခဲ့ပါတယ်။
မယ်တော်ကြီးဒေါ်မင်းထပ်ဟာ အင်္ဂလိပ် ခရစ်ယာန်အသိုင်းအ၀ိုင်းအတွင်း မိမိသားကလေး ရောက်နေတာကို အနည်းငယ်မျှ မနှစ်မြို့၊ စာသင်ကြားနေရလို့သာ ကြည့်နေရတာပါ။ ဒါပေမယ့် ဗုဒ္ဓဘာသာ မိဘများမှ မွေးဖွားလာသူပီပီ “နှစ်ဆယ့်လေးပွင့်၊ ပန်းသုံးဆင့်၊ ကိုယ်နှင့်မကွာ ပန်ရမည်” ဆိုတဲ့အတိုင်း ရတနာသုံးပါးကိုပဲ ဦးထိပ်ထား ပန်ဆင်စေချင်ပါတယ်။ ဒီလိုသာ ပန်ဆင်ခွင့်မရပါက ငါ့သားကလေး အပါယ်လေးပါးဘေးကြီးနှင့် တွေ့ရရှာတော့မယ်၊ ငါ့သားကလေးကို ဒီခရစ်ယန်အသိုင်းဝိုင်းထဲမှာပဲ ထားလိုက်မယ်ဆိုရင် ပညာတတ် တစ်ယောက်ဖြစ်လာနိုင်တယ်၊ဒါပေမယ့် ခရစ်ယာန်ဘာသာဝင်ဖြစ်သွားနိုင်တယ်။ ငါ့သားကိုတော့ ဒီလိုအဖြစ်မခံနိုင်ဘူး။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ငါ့သားကို ဒီအသိုင်းအ၀ိုင်းထဲမှာ ထားလို့မဖြစ်တော့၊ ဗုဒ္ဓယဉ်ကျေးမှုများကို ပို့ချပေးနေတဲ့ ဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးကျောင်းကို ပို့မှဖြစ်မယ် လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
ဒီလိုနဲ့ မောင်ကောင်း လေးဟာ မိခင်ကြီးနဲ့အတူ တစ်နှစ်ကျော်နှစ်နှစ်နီးပါး ဆက်ဆံတွေ့ထိခဲ့ရတဲ့ ခရစ်ယာန်အသိုင်းအ၀ိုင်းနှင့် မန္တလေးနေပြည် တော်ကြီးမှ ထွက်လာခဲ့ရာ ဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း လင်းယဉ်ရွာကြီးကို ပြန်ရောက်ခဲ့ ပါတော့ တယ်။ မောင်ကောင်းကလေးဟာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့ မိခင်ကြီးဒေါ်မင်းထပ်ရဲ့ကျေးဇူးကြောင့် လင်းယဉ်ရွာ ဘုန်းတော်ကြီးကျောင်းမှာ ပညာရင်နို့သောက်စို့လာခဲ့ ရပါတယ်။မောင်ကောင်းကလေးဟာ ဘာသာခြား ခရစ်ယာန်များနှင့်ဆက်ဆံရင်းနှီး ခဲ့ရပါလျှက် ခရစ်ယာန်သာသနာပြု မဖြစ်ဘဲ၊ နောင်အခါ ဗုဒ္ဓဘာသာမှာ ထိပ်တန်းကျတဲ့ရဟန်းတော် ဖြစ်ရုံမျှမက သံဃနိကာယကြီး တစ်ခုလုံးနှင့် ပြည်ထောင်စုတစ်ခုလုံးရဲ့ အထွဋ်အထိပ်ဖြစ်တဲ့ ရွှေကျင်နိကာယ သာသနာပိုင် အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ရယူတော်မူခဲ့တဲ့ ဆရာတော်ကြီးတစ်ပါး ဖြစ်လာခဲ့ရပါတယ်။ ဒါဟာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့ မယ်တော်ကြီးဒေါ်မင်းထပ် ရဲ့ ရှေ့ဆောင်လမ်းပြ ကောင်းမှုကြောင့် မောင်ကောင်းလေးဟာ တစ်ချိန်မှာ စံကင်းဆရာတော်ဘုရားကြီး ရယ်လို့ ဖြစ်တော်မူလာခဲ့ရပါတယ်။ တကယ်လို့ မိခင်ကြီးက ဘာသာ သာသနာစိတ်ဓါတ်မရှိဘဲ ဒီလိုပဲ ခရစ်ယာန် ကျောင်းမှာ ဆက်လက် ထားခဲ့မယ်ဆိုရင် အခုအချိန်မှာ ခရစ်ယာန် ဘုန်းကြီးတစ်ပါးတော့ ဖြစ်နေလောက်ပါပြီ။
အချုပ်ပြောလိုတာက မယ်တော်ကြီး ဒေါ်မင်းထပ်လိုပါပဲ၊ ကျောင်းသားမိဘများလဲ မိမိရဲ့သားကလေး ရှေ့ရေးကို မျှော်တွေးပြီး အမျိုးဘာသာ သာသနာတော်ကြီးကို ချစ်မြတ်နိုးတတ်ကာ အနာဂတ်သာသနာ တိုးတက်စည်ပင်အောင် အရည်အသွေးပြည့်မီတဲ့မျိုးဆက်သစ် များ ဖြစ်ကြစေဖို့ အလျင်းသင့်ရာ ဓမ္မစကူးလ်သင်တန်းကျောင်းများမှာ လာရောက်အပ်နှံပေးကြပါလို့ တိုက်တွန်းလိုက်ပါရစေ…..
Email ThisBlogThis!Share to TwitterShare to FacebookShare to Pinterest
(ဓမ္မအလင်းရောင်ဆိုဒ်မှတဆင့်)
No comments:
Post a Comment