(ရတနာသုံးပါးကို ယုံကြည် ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက် အကြောင်း၊ စာအုပ်မှ ကောက်နှုတ်ချက်)
ပြီးတော့ ဆန်းလွင်၏ဘဝသည် ကျွန်တော်နှင့် အီတလီဘုန်းတော်ကြီး
ဦးလောကနာထတို့ တွေ့ဆုံကြစဉ်အခါ ဆရာတော် မိန့်ကြားဖူးသော သြဝါဒ စကားထဲက
ဘဝနှင့် တူနေသည်ဟုလည်း ထင်မိပါသည်။ (ထိုဆရာတော်သည် ရောမ ဘုရင်ဂျီဘာသာမှ
ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသော ပုဂ္ဂိုလ်မြတ် ဖြစ်ပါသည်။)
ဆရာတော်က ‘ဒကာကြီး၊ ရှင်ဘုရင်ရဲ့ သားဟာ ခမည်းတော် နတ်ရွာစံပြီး
အလိုလို ဘုရင့် အရိုက်အရာကို ရရှိလာတော့ ဘုရင်ဖြစ်ရတဲ့ တန်ဖိုးကိုလည်း
မသိဘူး၊ ဘုရင့် တာဝန် ဝတ္တရား ဘယ်လောက် ကြီးမှန်းလည်း မသိဘူး၊ ဒီလိုပဲ
ဒကာကြီး၊ မွေးကတည်းက ဗုဒ္ဓဘာသာ ဖြစ်လာသူတွေဟာလည်း ရတနာသုံးပါးရဲ့ တန်ဖိုး၊
သိက္ခာ သုံးရပ်ရဲ့ တန်ဖိုးနှင့် အစွမ်းသတ္တိတွေကို နားမလည်ကြဘူး၊ ဆင်းရဲသားက
ရှင်ဘုရင် ဖြစ်သွားတဲ့ လူကျတော့ ဘုရင့်တန်ဖိုးကို ပိုသိတာပေါ့၊ ဘဝမှာ သဒ္ဓါ၊
သတိ၊ ဝီရိယ၊ သမာဓိ၊ ပညာ စတဲ့ စိုက်ထုတ်ခဲ့ရတဲ့ တန်ဖိုးတွေ ဘယ်လောက်
ကြီးမားတယ် ဆိုတာ ကိုယ်တိုင် သိမြင်ခဲ့ရတဲ့ အခါကျတော့ မိုက်စရာ ရှိတာတောင်
မမိုက်ချင်တော့ဘူး၊ အနစ်နာ ခံခဲ့ရတာတွေ၊ ဆုံးရှုံးခဲ့ရတာတွေ၊
စွန့်လွှတ်ခဲ့ရတာတွေ ဘယ်လောက် များတယ် ဆိုတာ သူပဲ သိတယ်၊ ဒီတော့ ရတနာ
သုံးပါးကို ကြည်ညိုရတိုင်းမှာ ပီတိဖြစ်ရတာပေါ့၊ ဒီလိုပဲ ဒကာကြီး၊ တစ်ခြား
ဘာသာ အယူဝါဒကနေ ထေရဝါဒ ဗုဒ္ဓဘာသာဝင် အဖြစ်ကို ကူးပြောင်း
ရောက်ရှိလာသူတိုင်းဟာ ဆင်းရဲသားက သန်းကြွယ်သူဌေး ဖြစ်ရတဲ့ လူလိုပဲ
ခံစားရတယ်’ ဟု မိန့်တော်မူပါသည်။
မှန်ပါသည်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အများစုနှင့် နိုင်းစာလျှင် တခြား
ဘာသာ အယူဝါဒကို စွန့်လွတ်ပြီး ဗုဒ္ဓာဘာသာသို့ ရောက်ရှိလာသူများက ဗုဒ္ဓဘာသာ၏
တန်ဖိုးကို ပို၍ သိကြသည်မှာ ယုံမှားဖွယ် မရှိပါ။ ဗုဒ္ဓဘာသာဝင် အများစုမှာ
ဘုရား၊ တရား၊ သံဃာ၌ ယုံကြည် ကိုးကွယ် ဆည်းကပ်ရမည့် အစား တန်ခိုး ဒ္ဓိပါဒ်
ကိစ္စတွေ လျှို့ဝှက်ဆန်းကြယ်တွေကို လိုက်စားချင်စိတ် ရှိနေကြလေသည်။ ဤတွင်
‘တရားဆို မဆန်းနှင့်၊ စကားဆို မကြမ်းနှင့်’ ဆိုသော ခန္တီး ဆရာတော် ဘုရား၏
သြဝါဒကို မှတ်သားဖွယ် သတိရမိပါသည်။ အမှန်မှာ ရိုးဖြောင့်သောစိတ် (အမာယာဝီ
အသဋ္ဌော) သည်ပင် တန်ခိုး သတ္တိရှိသော စိတ်ဖြစ်သည်ကို နားလည်သင့်ပါသည်။ ဤစာကို
ဖတ်ရသော အခါ ထိုသဘောကို နားလည်ရပါသည်။
(ဆန်းလွင်၊ ရတနာသုံးပါးကို ယုံကြည် ကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက် အကြောင်း၊
ဦးဟန်ဌေး၏ မိတ်ဆက် နိဒါန်း၊ စတုတ္ထအကြိမ်၊ ၁၉၉၉၊ စာ၊ ၁၀ -၁၁)မှ
ကောက်နှုတ်ချက် ဖြစ်ပါသည်။ ဤပို့စ်ပါ ခေါင်းစီးမှာ မူလခေါင်းစီး မဟုတ်ပဲ
ပို့စ် အဆင်ပြေစေရန် ထည့်ထားခြင်း ဖြစ်ကြောင်း အသိပေးပါသည်။
No comments:
Post a Comment