Sunday, October 19, 2014

တရားနာနေချိန် ကိလေသာမှ လွတ်မြောက်မှုရှိမရှိ...?

မေး။ ။ အရှင်ဘုရား တပည့်တော်တို့ တရားနာနေတဲ့အခါ စိတ်ငြိမ်းချမ်းနေတာဟာ ကိလေသာမှ လွတ်မြောက်နေတာလို့ ဆိုနိုင်ပါသလားဘုရား။ တပည့်တော်က သူငယ်ချင်းတွေကို တရားနာကြပါ။ တရားနာတာဟာ ကိလေသာနည်းပါးစေတယ်လို့ပြောတာကို အထောက်အထား အတိအကျနဲ့ မပြောနိုင်တော့ မယုံကြဘူးဖြစ်နေကြတယ်ဘုရား။ အရှင်ဘုရားက ဖြေပေးရင် အထောက်အထားရနိုင်မှာမို့ မေးမြန်းခြင်းပါဘုရား။

ဖြေ။ ။ တရားနာတဲ့အခါ စိတ်ပါဝင်စားစွာနဲ့ တရားကိုပဲ သုံးသပ်ဆင်ခြင်ပြီး နားလည်အောင် နာကြားရင်တော့ တရားနာနေချိန်ဟာ ကိလေသာမှကင်းပြီး တရားရင်သန်ပါက တရားထူးပါ ရနိုင်ပါတယ်။
ဒီအကြောင်းကို ခိုင်မာအောင် မြတ်ဗုဒ္ဓဒေသနာတော်ထဲကနေ ထုတ်နှုတ်တင်ပြပေးပါမယ်။
မြတ်စွာဘုရားသည်လည်းကောင်း၊ သီတင်းသုံးဖော်တို့သည်လည်းကောင်း ရဟန်းအား တရားဟော၏။ ထိုတရားရဲ့ အနက်အဓိပ္ပါယ်ကို သိအောင် စိတ်ပါဝင်စားစွာနဲ့ နာကြားပါက တရားပေါ်မှာ ၀မ်းမြောက်ဝမ်းသာဖြစ်မယ်။ နှစ်သက်ပီတိဖြစ်မယ်။ ရုမ်နာမ်အပေါင်း ငြိမ်းအေးမယ်။ ချမ်းသာကို ခံစားရမယ်။ အရဟတ္တဖိုလ်သမာဓိနဲ့ စိတ်တည်ငြိမ်မယ်လို့ ဟောကြားထားတာ ရှိပါတယ်။ (ဒီ၊ ၃၊ ၂၀၀-၂၀၁)။ (ဒီ၊ ၃၊ ၂၃၄)။ (အံ၊ ၂၊ ၁၇)
အထက်ပါ တရားတော်ကို ထောက်ဆကြည့်မယ်ဆိုရင်တော့ တရားနာနေတဲ့ချိန် တရားကို အဓိပ္ပါယ်သေချာကျနစွာသိအောင် စိတ်ဝင်စားပြီး နာကြားပါက အနည်းဆုံး တရားနာနေချိန်မှာ ကိလေသာမှ လွတ်မြောက်နေမှာဖြစ်ပြီး တရားရင့်ကျက်သူဖြစ်ပါက တရားနာရင်း အရိယာဖြစ်သွားသူများအတိုင်း အရိယာပုဂ္ဂိုလ်များပါ ဖြစ်နိုင်ပါတယ်။
အဲဒီတော့ မိမိတို့က တရားနာကြားခြင်း၊ ရပြီးသားတရားတော်များကို ရွတ်ဖတ်ခြင်း၊ ဟောပြောပေးခြင်းတို့ကို စေတနာပါပါ စိတ်ဝင်စားစွာနဲ့ ပြုလုပ်ကြဖို့သာ လိုအပ်ပါပေတယ်။ အဲဒီလိုပြုလုပ်ပေးရင် တရားက သူ့အလုပ်သူလုပ်ကာ အချိန်တန်ရင် တရားကစောင့်ရှောက်ပေးကာ အမြိုက်တရားများခံစားရပြီး ငြိမ်းချမ်းရာနေရာကို ရောက်ရှိခံစားရပါလိမ့်မယ်။
အရှင်ကောမလ ဆန်နီနေမင်း ၏ဆိုဒ်မှတဆင့်တင်ပြသည်။

No comments:

Post a Comment