မရှက်ခြင်း သဘောသည် အဟိရိကတည်း။ ထို့ကြောင့်
“အဟိရိက-မရှက်စွတည့်”ဟုဆိုခဲ့သည်။ အကုသိုလ်ဒုစရိုက်ဟူသမျှ မစင်ဘင်ပုပ်နှင့်
တူ၏။ အဟိရိကကား ရွာဝက်ကြီးနှင့် တူလေသည်။ ချဲ့ဦးအံ့ - မစင်သည်
စက်ဆုပ်ရွံရှာဖွယ် ကောင်းလှ၏။ မတော်တဆ လူးမိပြန်လျှင် ပရိသတ်အလယ်မှာ
ရှက်ဖွယ်ရာကြီးတည်း။ သို့သော် မစင်ကို အမွန်အမြတ်အစာဟု ထင်နေသော
ရွာဝက်ကြီးကား ထိုမစင်ကို မစက်ဆုပ် မရွံရှာ၊ မစင်လူးမှာလည်း မရှက်၊
မစင်ထဲ၌လူးလှိမ့်ကာ မစင်များများ စားရသည်ကိုပင် ဂုဏ်တစ်မျိုးတက်သည်ဟု
မှတ်ထင်လေသည်။
အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
ထို့အတူ ပါဏာတိပါတ စသော ဒုစရိုက်တရားစုတို့သည်
သူတော်ကောင်းတို့၏ သဘောဖြင့် ကြည့်လျှင် အင်မတန် စက်ဆုပ် ရွံရှာဖွယ်
ကောင်း၏။ မတော်တဆ ပြုမိပြန်လျှင်လည်း သူတော်စင် ပရိသတ်တို့၏
အလယ်မှာရှက်ဖွယ်သာ ဖြစ်၏။ သို့သော် အဟိရိက သဘောထား ထိုဒုစရိုက်တို့ကို
စက်ဆုပ်ရွံရှာခြင်းလည်း မရှိ၊ ပြုမိသော်လည်း မရှက်တတ်ချေ။ စင်စစ်မှာ
အဟိရိကသမား အရှက်မရှိသူများအလယ်၌ ဒုစရိုက်များများ ပြုနိုင်သည်ကိုပင်
“ကြီးကျယ်သော ဂုဏ်တစ်မျိုး”ဟု မှတ်ထင်နေလေသည်။
မောဟဖြစ်လျှင် ဤအဟိရိက သဘောလည်း ပါဝင်လာသဖြင့်
ပညာရှိများပင် ဒုစရိုက်မူကို မရှက်တမ်း ပြုမိကြလေတော့သည်။ ဤစကား မှန်-မမှန်
ပညာရှိ အခေါ်ခံရသူကိုယ်တိုင် ကိုယ်တွေ့အမူများဖြင့် စဉ်းစား၍ ကြည့်ကြပါလေ။
ဟရိတစ၀တ္ထုမှတ်ချက်
ဟရိတစ၀တ္ထုမှတ်ချက်
မောဟအခန်း၌ ပြခဲ့သော ဟရိတစရှင်ရသေ့၏ ပြုမူပုံ၌
ဤအဟိရိက သဘောလည်း ပေါလာပေါ်အောင် ထင်ရှား၏။ အရှင်ရသေ့ကား ဈာန်အဘိညာဉ်ရသော
ပထမတန်း သူတော်ကောင်းကြီး ဖြစ်၏။ ပြုကျင့်သော အမူကလည်း နန်းတော်ကြီး၏
အထပ်ထပ်ဝယ် မောင်းမမိဿံတို့၏အလယ် တကယ်ရှက်စရာကောင်းသော ကာမမူကြီးပေတည်း။
ထိုမျှလောက် မဖွယ်မရာသော ကိစ္စကိုပင် မောဟကလည်း ဖုံးလွှမ်း၊ အဟိရိကကလည်း
မရှက်တမ်းပင် ဖြစ်နေသောကြောင့် လက်စွမ်းကုန် ယွင်းမှား၍ မကြားကောင်း မနာသာ
ဖြစ်ရရှာလေတော့သည်။
အကုသိုလ်မှန်လျှင် ရှက်ဖွယ်
အကုသိုလ်မှန်လျှင် ရှက်ဖွယ်
မကောင်းမူဒုစရိုက်မှန်လျှင် ဤကာမမူသာ
ပရိသတ်အလယ်၌ ရှက်ဖွယ်မဟုတ်သေး။ အပြင်းအထန် စိတ်ဆိုးသဖြင့် ဟစ်အော်
ငေါက်ငမ်း ကြမ်းတမ်းစွာ ဆဲဆိုသော ဒေါသ၊ နှလုံးလေပင့်၍ ဘ၀င်မြင့်သော
အရူးကဲ့သို့ ထောင်လွှားကြွတက် သူတစ်ပါးကို အဖက် မထင် စိတ်ကြီးဝင်သော မာန၊
ငြူစူ စောင်းမြောင်း မကောင်းပြစ်တင် ကဲ့ရဲ့ချင်သော ဣသာမူများလည်း
စက်ဆုပ်ရွံရှာဖွယ် ကောင်းလှပါသည်။ ထို့ကြောင့် ဒုစရိုက် မကောင်းမူမှန်လျှင်
အားလုံးပင် ရှက်ဖွယ်ချည်းဟု မှတ်ပါ။ ဤ အဟိရိကနှင့်အတူ ဖြစ်သော စိတ်ကိုလည်း
“အဟိရိကစိတ်=မရှက်စိတ်” ဟုခေါ်၍ ဒုစရိုက် အမူပြုနေသူကိုလည်း
“အရှက်မရှိသူ“ဟု ခေါ်ဝေါ်ရလေသည်။
No comments:
Post a Comment