အမေး။ ။ အရှင်ဘုရား ဘယ်ဘာသာမှ ကိုးကွယ်မှုမရှိတဲ့ လူတစ်ယောက်အနေနဲ့
လက်ရှိဘ၀မှာရော တမလွန်ဘ၀မှာပါ ဘယ်လိုအခြေအနေမျိုး ဖြစ်လာနိုင်ပါသလဲဘုရား။
ရန်အောင်ဖြိုး
ရုရှား
အဖြေ။ ။ဘာသာမဲ့သူများအတွက် အနာဂတ်ဘ၀ ဘယ်လိုဖြစ်သွားမလဲဆိုရင်
သူရဲ့လုပ်ရပ် အခြေအနေအပေါ်မူတည်ပြီး ဖြစ်သွားနိုင်ပါတယ်။ ဆက်ပါအုံးမယ်။
လုပ်ရပ်ဆိုတာက ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံတို့ ဖြစ်ပါတယ်။ ကောင်းတဲ့
ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံများကြောင့် ဘ၀ကြီးသာယာ
ဖြောင့်တန်းသွားနိုင်သလို၊ မကောင်းတဲ့ ကိုယ်အလုပ်၊ နှုတ်အပြော၊
စိတ်အကြံတို့ကြောင့်လည်း ဘ၀ကြီး ခက်ထန်ကြမ်းတမ်း သွားနိုင်ပါတယ်။ ဆိုလိုတာက
ဘာသာမဲ့သူဖြစ်စေ၊ ဘာသာရှိသူဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ ဘ၀ကို
အဆိုးအကောင်း ပြောင်းလဲပေးနိုင်တာက “ံကံတရား”ပဲ ဖြစ်ပါတယ်။ ရှင်းသွားအောင်
ပြောပါအုံးမယ်။
ဒီအကြောင်းနဲ့စပ်လို့ ဘုရားရှင် သက်တော်ထင်ရှားရှိတော်မူစဉ်
ဘုရားရှင်ကပုဏ္ဏားတစ်ဦးကို “အသင်ပုဏ္ဏား….သင်ဟာ ဘယ်ခုနှစ်၊ ဘယ်ရက်
ဘယ်အချိန်မှာ သေမယ်၊ သေတဲ့အခါ မျောက်ဖြစ်လိမ့်မယ်” ဆိုတာကို
မိန့်တော်မူလိုက်ပါတယ်။ ပုဏ္ဏားက ဗုဒ္ဓဘာသာဝင်တစ်ယောက်မဟုတ်ပေမဲ့ ဘုရားရှင်
မိန့်တော်မူတာဆိုရင် မှန်တာကများပါတယ်။ မှန်လည်းမှန်တယ်လို့ သူက
ယုံကြည်ထားတယ်။
ဒါနဲ့ ပုဏ္ဏားဟာ သူသေပြီးမျောက်ဖြစ်တဲ့အခါ လွယ်လွယ်ကူကူ
စားနိုင်အောင်ဆိုပြီး သူ့ရဲ့ဥယျာဉ်ထဲမှာ စားပင်သီးပင်တွေ စိုက်ပါတော့တယ်။
စတင်စိုက်ပျိုးတုန်းကတော့ မျောက်ဖြစ်ရင် စားဖို့ဆိုတဲ့
ရည်ရွယ်ချက်နဲ့
စိုက်ခဲ့ပေမဲ့ အသီးများသီးလာတဲ့အခါ ခရီးသွားဧည့်သည်တွေက
အသီးများကိုတောင်းစားကြတဲ့အတွက် သူက ကြည်ကြည်ဖြူဖြူ ပေးခဲ့ တယ်။
သူဟာ ကံတရားကို အယုံအကြည်မရှိပေမဲ့ သူရဲ့လုပ်ရပ်က သူတစ်ပါးများအား
ကြည်ဖြူစွာ သစ်သီးပေးလှူတဲ့ ကုသိုလ်တွေက
သူ့သန္တာန်မှာဖြစ်မှန်းမသိဖြစ်နေတယ်။ ဒီလိုနဲ့ သေမဲ့ရက်ကို
ရောက်လာတယ်ဆိုရင်ပဲ ပုဏ္ဏားကြီးဟာ သေချိန်ကိုပဲ စောင့်ကြည့်နေတယ်။
အချိန်သာကုန်သွားတယ် ပုဏ္ဏားကြီးဟာ မသေလိုက်ဘူး။ သူမသေတဲ့အကြောင်းကို
ပုဏ္ဏားကြီးက ဘုရားရှင်ထံသွားပြီး လျှောက်ထားပါတယ်။ ဒီအခါ ဘုရားရှင်က
“အသင်ပုဏ္ဏား….မသေရတဲ့အကြောင်းအရင်းက သင်မျောက်ဖြစ်ရင်စားဖို့ဆိုပြီး
စိုက်ထားတဲ့ အပင်များမှ အသီးများကို ခရီးသွားဧည့်သည်များအား
ကြည်ကြည်ဖြူဖြူပေးလှူတဲ့ ကုသိုလ်ကံတရားကြောင့် သင်ဟာ သေချိန်ရောက်သော်လည်း
မသေခဲ့ပါ”လို့ ပုဏ္ဏားအား မိန့်တော်မူပါတယ်။
ဒါကြောင့် လူတစ်ယောက်ရဲ့ ဘ၀ရှေ့ရေး အဆိုးအကောင်းကို သူပြုခဲ့တဲ့ ကံတရားက
အဆုံးအဖြတ်ပေးသွားမှာပါ။ စီမံပေးသွားမှာပါလို့ပြောရင်း ဒီအဖြေကို
အဆုံးသတ်ပါတယ်။
ဦးကောဝိဒ(မြိတ်) http://venkawwida.com/
No comments:
Post a Comment