ဗုဒ္ဓဘာသာဝင်တွေရဲ့အခြေခံအကျဆုံးယုံကြည်ချက်ကတော့ကံနဲ့ကံရဲ့အကျိုးတရားပါပဲ။
“ကောင်းတာလုပ်ခဲ့ရင်ကောင်းကျိုးရမယ်၊ မကောင်းတာလုပ်ခဲ့ရင်
မကောင်းကျိုးရမယ်၊ အချိုစေ့စိုက်ခဲ့ရင် အချိုပင်ပေါက်ပြီး အချိုသီးစားရမယ်၊
အခါးစေ့စိုက်ခဲ့ရင် အခါးပင်ပေါက်ပြီး အခါးသီးစားရမယ်၊
ကိုယ်စိုက်ပျိုးတဲ့ မျိုးစေ့နဲ့ ထိုက်တန်တဲ့ အပင်ပေါက်ပြီး အဲဒီအပင်နဲ့ ထိုက်တန်အသီးကိုပဲ ကိုယ်စားရမယ်၊ အလုပ်ဆိုတာကံ
၊ ကံဆိုတာအလုပ်၊ ကိုယ်ကံက ကိုယ့်ဘဝကိုစီမံတယ်၊ ကိုယ့်ဘဝရဲ့ ဖန်ဆင်းရှင်ပာာ ကိုယ်လုပ်ခဲ့တဲ့ကံတရား”
အဲဒီလိုနားလည်လက်ခံယုံကြည်ထားကြပါတယ်။
အချစ်ရေး၊ အိမ်ထောင်းရေးမှာ အကျိုးပေးကံမကောင်းတာဟာ အချစ်ရေး၊
အိမ်ထောင်းရေးနဲ့ ပတ်သတ်တဲ့ မကောင်းကံတွေ အတိတ်ကပြုလုပ်ဖူးလို့ပါ။
သူတပါးရဲ့ ချစ်ခြင်းကို ခွဲခဲ့တဲ့သူ၊ သူတပါးရဲ့အိမ်ထောင်းကို
ပြိုကွဲစေခဲ့တဲ့သူဟာ အချစ်ရေး၊ အိမ်ထောင်းရေးမှာ ဘယ်လိုနည်းနဲ့မှ
အကျိုးပေးမကောင်းနိုင်ပါဘူး။ သမီးရည်းစားချစ်၊
လင်မယားချစ်တွေကိုဖြိုခွဲမှအချစ်ကံမကောင်းတာမဟုတ်ပါဘူး။
မေတ္တာချစ်၊ သံယောဇဉ်ချစ်နဲ့ ချစ်ကြသူမည်သူကိုမဆို တကွဲတပြားစီ ဝေးလွင့်သွားအောင် လုပ်ရင်ဖြစ်လေရာ
ဘဝတိုင်း ကိုယ်ချစ်တဲ့သူတွေနဲ့ “ဆုံနိုင်ခွင့်”မှေးမှိန်ပျောက်ကွယ်ပြီး
“လွမ်းဆွတ်ခွင့်၊တမ်းတခွင့်”တွေသာ ရှင်သန်ကြီးထွားလာနိုင်ပါတယ်။
အောက်ထစ်ဆုံးငှက်ကလေး၊ ငါးကလေးတွေ၊ ကြောင်ကလေးတွေ၊ ခွေးကလေးတွေကို
သူတို့မိသားစု၊ သူတို့အသိုက်အမြုံကနေ ခွဲခွာနုတ်ယူပြီး
မွေးမြူသိမ်းပိုက်ထားခဲ့ရင်တောင် အဒီအကုသိုလ်ကံက သူအကျိုးပေးတဲ့ဘဝမှာ
ကာယကံရှင်ကို အချစ်ကံခေသူ၊ အလွမ်းကံဝေသူဖြစ်အောင်
စွမ်းဆောင်ဖန်တီးနိုင်ပါတယ်။
အချစ်ရေးအိမ်ထောင်ရေးကို အရုပ်ဆိုးအကျည်းတန်စေတဲ့
ကြောက်စရာအကောင်းဆုံးကံကတော့ “ကာမေသုမိစ္ဆာရကံ”ပါပဲ။ “ကာမဂုဏ်ကိစ္စမှာ
မှားမှားယွင်းယွင်း ပြုကျင့်တဲ့ကံ”လို့ အဓိပ္ပာယ်ရပါတယ်။
ကိုယ့်ရဲ့ကာမပိုင်မဟုတ်သူတွေနဲ့ ကာမကိစ္စဖောက်ပြန်ရင်
“ကာမေသုမိစ္ဆာရကံ”ထိုက်ပါတယ်။
သူတပါးသားမယားနဲ့ ဖောက်ပြန်ရင်တော့ “ပရဒါရကံ” ထိုက်တယ်လို့လည်း
ခေါ်ပါတယ်။ အတိတ်ဘဝတွေက ကာမကိစ္စဖောက်ပြန်ခဲ့တဲ့သူဟာ
ကာမကိစ္စတစ်စိတ်တစ်ပိုင်းပါဝင်တဲ့
အချစ်ရေး၊အိမ်ထောင်ရေးတွေမှာကံဆိုးတတ်ပါတယ်။ ကိုယ်ရဲ့အိမ်ထောင်ဖက်
ကိုယ့်အပေါ်သစ္စာကင်းမဲ့တာဟာ ကိုယ့်ရဲ့အတိတ်က “သစ္စာမဲ့ကံ”က
ကိုယ့်ကိုအကျိုးပေးတာပါပဲ။ ကံတရားရဲ့ သဘာဝကို အကြောင်းအကျိုးဆက်စပ်ပြီး
စဉ်းစားဆင်ခြင်နိုင်မယ်ဆိုရင်တော့ ကိုယ့်ခင်ပွန်းရဲ့ သစ္စာမဲ့မှုအပေါ်
အတိုင်းအတာတစ်ခုအထိ ခွင့်လွတ်ဖြေသိမ့်နိုင်မယ်ထင်ပါရဲ့။
ဒါပေမယ့် ခွင့်လွတ်ဖြေသိမ့်နေရုံနဲ့ မပြီးသေးဘူး။ ကိုယ်ကြုံတွေ့နေရတဲ့
အဆိုးလောကဓံထဲကနေ အနှစ်သာရတစ်ခုခုတော့ ထုတ်ယူနိုင်အောင် ကြိုးစားရပါဦးမယ်။
အရှုံးထဲက အမြတ်ထွက်အောင် လုပ်ရပါဦးမယ်။ မြတ်စွာဘုရားရှင် လက်ထက်တုန်းက
သာဝတ္ထိမြို့မှာ သိပ်ချောသိပ်လှတဲ့ အမျိုးသမီးတစ်ဦးရှိခဲ့ဖူးပါတယ်။
အတိတ်ကံအကြောင်းတရားကြောင့် သူမရဲ့ခင်ပွန်းသည်က သူမကိုလုံးဝမချစ်ပါဘူး။
တခြားအမျိုးသမီးတစ်ယောက်နဲ့ မျက်နှာပြောင် တိုက်ပြီး
လူမှုရေးဖောက်ပြန်နေပါတယ်။
ကိုယ့်ကိုမချစ်လို့၊ ကိုယ့်အပေါ်သစ္စာမဲ့လို့ဆိုပြီး
သူမကစိတ်လည်းမညစ်ပါဘူး။ စိတ်လည်းမဆိုးပါဘူး။
“လင်ကမချစ်တော့လင်နဲ့အချိန်ဖြုန်းစရာမလိုတော့ဘူးပေါ့”လို့ နှလုံးသွင်းပြီး
အချိန်ရှိသမျှ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုတွေကိုပဲ စိတ်အားထည့်
ပြုလုပ်နေလိုက်ပါတယ်။
အထူးသဖြင့် အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလ္လာန်
အဂ္ဂသာဝကမထေရ်ကြီးနှစ်ပါးကို အိမ်မှာနေ့စဉ်ဆွမ်းပင့်လှူပြီး တရားနာယူပါတယ်။
တရားနာလိုက်၊ တရားအားထုတ်လိုက်နဲ့ ကြိုးစားလိုက်တာ သိပ်မကြာခင်မှာပဲ
သောတပန်အရိယာမလေး ဖြစ်သွားခဲ့ပါတယ်။
“လင်ကမပေါင်းချင်မှတော့ အိမ်မှာနေလည်းအပိုပဲ” ဆိုပြီးရဟန်းပြုလိုက်တာ
သိပ်မကြာခင်မှာပဲ ရဟန္တာအရှင်မလေး ဖြစ်သွားပြန်ပါတယ်။ တကယ်လို့သာ
သူမရဲ့ခင်ပွန်းကသူမကို သိပ်ချစ်၊သိပ်ကြင်နာနေမယ်ဆိုရင် အခုလိုတရားအရသာ
ခံစားခွင့်ရမှာ မဟုတ်ပါဘူး။ ယောကျာ်းအရသာနဲ့ နိဗ္ဗာန်အရသာ ဘယ်လိုမ
နိုင်းယှဉ်လို့မရအောင် ကွာခြားလွန်းလှပါတယ်။
နိဗ္ဗာန်အရသာကို အဆင့်အမြင့်ဆုံး ခံစားခွင့်ရနေမှတော့
ယောကျာ်းအရသာဆုံးရှုံးခဲ့တာကို နှမြောတမ်းတနေစရာ လိုပါဦးမလား။ တကယ်ဆို
ကိုယ့်အပေါ်မကြင်နာတဲ့ ခင်ပွန်းသည်ကို ကျေးဇူးတင်စရာတောင် ကောင်းပါသေးတယ်။
ဝတ္ထုတွေ၊ရုပ်ရှင်တွေထဲကလို
“နောက်ဆုံးထွက်သက်အထိရူးသွပ်စွာချစ်နေမှာပါမောင်” လို့လည်း
စိတ်ကူးမယဉ်ပါနဲ့။ သီချင်းတွေထဲကလို “ရက်စက်တက်တဲ့မင်းရဲ့အနားမှာ
ရက်စက်မှုတွေခံယူချင်တယ်” လို့လည်း တမ်းတမနေပါနဲ့။ လက်တွေ့ဘဝမှာ
စိတ်ချမ်းသာဖို့နဲ့ဖြစ်နိုင်ရင် ဘဝလွတ်မြောက်မှုရဖို့အတွက်သာ
အတက်နိုင်ဆုံးကြိုးစားပါ။
ရှေးသူတော်ကောင်းတွေရဲ့ ထုံးနှလုံးမူပြီး၊ တရာနဲ့မွေ့ပျော်ပါ။
တရားများများနာ၊ တရားစာအုပ်များများဖတ်၊ ကုသိုလ်ကောင်းမှုများများပြု၊
တရားများများအားထုတ်ပါ။သောကမှန်သမျှ ချစ်ခြင်းကြောင့် ဖြစ်ရတာပါ၊
ချစ်စရာတစ်ခုရှိရင် သောကတစ်ခုရှိမယ်၊
ချစ်စရာဆယ်ခုရှိရင် သောကဆယ်ခုရှိမယ်၊
ချစ်စရာအများကြီး ရှိရင်တော့ သောကအများကြီးရှိမယ်ပေါ့။
သောကငြိမ်းချင်ရင် ချစ်စရာတွေကို လျှော့ပစ်နိုင်ရမယ်လေ။
ချစ်ရမယ့်သူ၊ ချစ်ရမယ့်အရာနည်းပါးသွားလေ၊ သောကမီးလည်းချုပ်ငြိမ်းသွားလေပါပဲ။
ချစ်ရသူရဲ့ စိမ်းကားရက်စက်မှု၊ မြတ်နိုးရသူရဲ့ သစ္စာကင်းမဲ့မှုဟာ
စိတ်ထားတတ်သူအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ဘဝလွတ်မြောက်မှု
ဆုလာဘ်ကြီးပါပဲ။
အသုံးချတတ်သူ တစ်ယောက်အတွက် အချစ်ကံခေတာဟာ အနှစ်ကျန်စေဖို့ပါပဲ။ ။
စိတ်ဆင်းရဲခြင်းဆိုတာက
စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေ
ကန်ထရိုက်ဆွဲထားတဲ့
ခပ်ညံ့ညံ့ပစ္စည်းတစ်ခုပါ။
စိတ်ချမ်းသာခြင်းကတော့
စိတ်ဓာတ်ခိုင်မာသူတွေရဲ့
မူပိုင်ရတနာထုပ်ကြီး
တစ်ခုဖြစ်ပါတယ်။
အချစ်ရေး၊အိမ်ထောင်ရေးမှာ
အကျိုးပေးမကောင်းတာဟာ
အချစ်ရေး၊အိမ်ထောင်ရေးနဲ့
ပတ်သတ်တဲ့မကောင်းကံတွေ
အတိတ်ကပြုလုပ်ခဲ့ဖူးလို့ပါ။
သူတပါးရဲ့ချစ်ခြင်းကိုခွဲခဲ့တဲ့သူ
သူတပါးအိမ်ထောင်ကို
ပြိုကွဲစေခဲ့တဲ့သူဟာ
အချစ်ရေး၊အိမ်ထောင်ရေးမှာ
ဘယ်လိုနည်းနဲ့မှ
အကျိုးပေးမကောင်းနိုင်ပါဘူး။
နှလုံးလမ်းကြောင်းမှာကျွန်းခံနေတယ်လို့
ဟစ်အော်ကြွေးကြော်နေတာဟာ
အတိတ်ဘဝတွေကအချစ်ရေး
အိမ်ထောင်ရေးတွေမှာ
သစ္စာပျက်ခဲ့ပါတယ်
ကိုယ်ကျင့်ဖောက်ပြန်ခဲ့ပါတယ်လို့
ထုတ်ဖော်ဝန်ခံနေတာပါပဲ။
အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
No comments:
Post a Comment