သတိ၊ ၀ီရိယ၊ ဉာဏ်ကို “ပယောဂ”ဟု ခေါ်၏။
ဉာဏ်ဆိုသော်လည်း အပြစ်ကင်းသော အရာ၌ပါသော ပညာချည်းမက၊ အကုသိုလ်ဆိုင်ရာတွင်
ပါသော ၀ဉ္စနာ ပညာနှင့် အကြံကောင်း ၀ိတက်များကိုလည်း ဉာဏ်ဟုပင် ဆိုလိုသည်။
ထို့ကြောင့် အရာရာတို့၌ သတိရှိခြင်း၊ လုံ့လ၀ီရိယကောင်း၍ သွက်သွက်လက်လက်
ထထကြွကြွရှိခြင်း၊ လိမ္မာခြင်း၊ ပါးနပ်ခြင်း၊ သိတတ်ခြင်း၊
မမေ့မလျော့ခြင်းများသည် ပယောဂသမ္ပတ္တိချည်းပင်တည်း။ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့၌
ပယောဂသမ္ပတ္တိအတွက် မထင်ရှားသော်လည်း ဤလူ့ပြည်မှာ ပယောဂသမ္ပတ္တိ
အကျိုးထင်ရှား၏။ ယခု လူတို့၌ အကျိုးမပေးရလျှင် မနေနိုင်လောက်အောင်
ကြီးကျယ်သော အကုသိုလ်ကံပါသူ နည်းပါးလှ၏။ အတော်အတန် ထက်သန်သော ကံများကား
ပယောဂသမ္ပတ္တိ ရှိမရှိလိုက်၍ အကျိုးပေး၏။
ပယောဂသမ္ပတ္တိဖြင့် အကုသိုလ်ကံများကို တားဆီးထားပုံ
ပယောဂသမ္ပတ္တိဖြင့် အကုသိုလ်ကံများကို တားဆီးထားပုံ
အကုသိုလ်ကံများကို အလွန်ကြီးမားသောကံ၊
သိပ်မကြီးမားသောကံဟု ၂-မျိုးခွဲခြားပါ။ အကျိုးမပေှးရလျှင်
မနေနိုင်လောက်အောင် ကြီးမားသောကံကို ပယောဂသမ္ပတ္တိဖြင့် တားဆီးပါသော်လည်း
လွတ်ခွင့်ရမည်မဟုတ်။
သို့သော် သက်သာအောင် တတ်နိုင်ပါ၏။
အဇာတသက်မင်းသည် ခမည်းတော်ကို သတ်ခြင်းဟူသော အလွန်ကြီးမားလှသည့် ပါဏာတိပါတ
ကံကို ပြုမိ၏။ ထိုကံကြောင့် မုချ အ၀ီစိငရဲသို့ ကျတော့မည်သာ။ ပယောဂသမ္ပတ္တိက
ဘယ်လောက်ပင် ကောင်းသော်လည်း လုံးဝလွတ်လပ်ခွင့် မရနိုင်။ သို့သော် ခမည်းတော်
မရှိသောအခါကျမှ နောင်တရ၍ ဘုရားရှင်ကို အလွန်ကြည်ညိုသော ပယောဂသမ္ပတ္တိကြောင့်
အ၀ီစိငရဲ၌ မကျဘဲ အ၀ီစိငရဲ၏ အခြံအရံဖြစ်သော ဥဿဒငရဲ၌ ကျသဖြင့်
သက်သာခွင့်ရလေသည်။ ဤစကားဖြင့် အလွန်ကြီးမားသော အကုသိုလ်ကံများကိုပင်
ပယောဂသမ္ပတ္တိက သက်သာအောင် တတ်နိုင်သေးသည်ဟု မှတ်ပါ။
ထိုမျှလောက် မကြီးမားသော အကုသိုလ်ကံများကိုကား
လုံးဝအကျိုးမပေးအောင် တားဆီးနိုင်သည်။ မိဘကို ဆဲရေးခြင်း၊ ဆရာသမားကို
အပြစ်ပြောခြင်း၊ လူကြီးများကို ဆဲရေးခြင်း၊ ဂုဏ်ရှိသူ
သီလသမာဓိကြီးမားသူတို့ကို ကဲ့ရဲ့ခြင်း ပြစ်မှားခြင်းတို့သည် အတော်အတန်
ကြီးမားသော အကုသိုလ်ကံများပင် ဖြစ်လေသည်။ သို့သော် အပြစ်ကိုကြောက်၍ (သတိရ၍)
ပြစ်မှားခံရသူရှိသေးလျှင် ထိုသူ့အထံသွား၍ ဖြစ်စေ၊ ထိုသူမရှိလျှင်
မာန်မာနကို လျှော့၍ တကယ်စေတနာဖြင့် အဝေးမှဖြစ်စေ တောင်းပန်ဝန်ချလျှင် (ထိုဝန်ချမူ ပယောဂသမ္ပတ္တိကြောင့်) ထိုအကုသိုလ်ကံများ အကျိုးမပေးနိုင်တော့ချေ။
ထို့အတူပင် အခြားသော အကုသိုလ်ကံ ကလေးများစွာလည်း ကုသိုလ်ကံအားကြီးလျှင် ပပျောက်ကြရသည်။ (ကံချင်းတူပါလျက် ပုဂ္ဂိုလ်မျက်နှာ လိုက်ပုံအခန်း၌ ပြခဲ့သော ကြက်ခိုး ဥပမာ၊ ဆား ဥပမာများကို သတိပြုပါလေ။)
ဘုရားရှင် အမိန့်တော်အတိုင်း ကုစားလျှင် အချို့အာပတ်၏ မကောင်းကျိုးများ
ပြေပျောက်၏။ ဤသို့စသည်ဖြင့် အတော်အတန် ကြီးမားသော အကုသိုလ်များပင်
ပယောဂသမ္ပတ္တိဖြင့် တားဆီးက အကျိုးမပေးတော့ဘဲ ပြေပျောက်ကြရလေသည်။
ပယောဂသမ္ပတ္တိကြောင့် စီးပွားရေး တန်းမြင့်ပုံ
ပယောဂသမ္ပတ္တိကြောင့် စီးပွားရေး တန်းမြင့်ပုံ
“မိစ္ဆာဒိဋ္ဌိ လူမျိုးတွေ”ဟုခေါ်ရသော
နိုင်ငံခြားသားတို့ သန္တာန်၌ ရှေးရှေးက ပြုခဲ့သော ကုသိုလ်ကံများ ဧကန်ပါရှိ၏။
သူတို့၏ သတိ၊ ၀ီရိယ၊ အလိမ္မာဉာဏ် ထက်သန်ပုံမှာလည်း ချီးမွမ်းစရာပင်တည်း။
တစ်ယောက်၏ ကျန်းမာရေးကလေးကို မဆိုထားဘိ၊ တစ်ပြည်နှင့်တစ်ပြည်
လာမည့်ဘေးတွေးကာ စစ်မက်အင်္ဂါတွေကို ဉာဏ်အမျိုးမျိုးဖြင့် စိတ်ကူးကြ၊
ဝီရိယသန်သန်ဖြင့် မှန်မှန်ကြီး လုပ်ကိုင်နေကြ၏။ ထိုအလုပ်များကို (ဗုဒ္ဓဘာသာဝင် ဆိုသူတို့က အကုသိုလ်ဖြစ်သည်ဟု နှာခေါင်းရူံ့ကြသော်လည်း) လောကီ၌ ကြီးပွားကြောင်း၊ ကျက်သရေမင်္ဂလာတိုးကြောင်း လမ်းကောင်းမဟုတ်ဟုကား မည်သည့် ဗုဒ္ဓဘာသာဝင်မျှ မငြင်းပယ်နိုင်ကြပေ။
ဤ မြန်မာနိုင်ငံ လာ၍ စီးပွားရှာကြသော
လူမျိုးခြားတို့လည်း အလွန်သတိကောင်းကြ၏။ လုံ့လ၀ီရိယမှာ ပြောစရာမရှိ။
လိမ္မာပါးနပ်မူကား မတုနိုင်အောင်ပင်။ စီးပွားရှာ၍ ကောင်းမည့် အရပ်ဒေသကို (ပဋိရူပဒေသကို)
ရွေးချယ်တတ်ခြင်းမှာလည်း ထိုသူတို့ အသိဉာဏ်ပင်တည်း။ ထိုမျှလောက်
ပယောဂသတ္တိရှိနေရကား သူတို့သန္တာန်၌ ရှေးရှေးဘ၀က ပါလာသော ကုသိုလ်ကံတွေသည်
အကျိုးပေးဖို့ ဧကန် အခွင့်ကြုံသောကြောင့် ကောင်းကျိုး ချမ်းသာ မင်္ဂလာနှင့်
ပြည့်စုံကြပေသည်။ ဗုဒ္ဓဘာသာဝင်ဆိုသူ မွန် မြန်မာ တို့တွင်လည်း သတိ၊
ဝီရိယနှင့် အသိအလိမ္မာ၊ ပညာအဆင်အခြင်နှင့် အမြော်အမြင် ဟူသော ပယောဂသမ္ပတ္တိ
ရှိသူတို့မှာ ကြီးပွားကြသည်သာ။
ပယောဂသမ္ပတ္တိကြောင့် ကျန်းမာပုံ
ပယောဂသမ္ပတ္တိကြောင့် ကျန်းမာပုံ
ယခုလူတို့၌ ကျန်းမာဖို့ရာ ကုသိုလ်ကံနှင့်
မကျန်းမာဖို့ရာ အကုသိုလ်ကံများလည်း ထိုက်တန်သလို ပါရှိနေကြ၏။ အသွား အလာ၊
အစားအသောက်၊ အနေအထိုင်မှစ၍ အရာရာဝယ် မသင့်မတော်သည်ကို သတိထား၍
ရှောင်ရှားခြင်း၊ မှန်မှန်အိပ်၊ မှန်မှန်စား၊ မှန်မှန်ရေချိုး၊
မှန်မှန်လမ်းလျှောက် စသည်ဖြင့် အချိန်မှန်မှန်ပြုဖို့ရန် မပျင်းမရိ
လုံ့လရှိခြင်း၊ ဘယ်ဥတုမှာ ဘယ်အစာစာသင့်၏။ ဘယ်အချိန် ရေချိုးသင့်၏။
ဘယ်ဆေးကို စားသင့်၏။ တစ်နေ့ တစ်နေ့လျှင် အနည်းဆုံး ၆-နာရီအိပ်သင့်၏။
ကျန်းမာရေးကို မည်သို့ လေ့လာသင့်၏။ ဤသို့ စသည်ဖြင့် တတ်သိ နားလည်မူသည်
ကျန်းမာဖို့ရန် လမ်းမှန်သော ပယောဂသမ္ပတ္တိများတည်း။ ဤ ပေယာဂသမ္ပတ္တိ ရှိသူတို့၌
ကျန်းမာဖို့ရန် ပါလာသောကံလည်း အခွင့်သာလေသည်။
ဤသို့ စသည်ဖြင့် ပယောဂသမ္ပတ္တိသည် ကုသိုလ်ကံ
အကျိုးပေးဖို့ရန် အချုပ်အခြာ ဖြစ်ပေရကား ပယောဂသမ္ပတ္တိ ရှိသူသည် ပညာလည်း
တတ်နိုင်၏။ အိပ်ထောင်ဖက်ကောင်းလည်း ရနိုင်၏။ မိတ်ကောင်းဆွေကောင်းလည်း
ရနိုင်၏။ ဆရာကောင်းလည်း တွေ့နိုင်၏။ နောက်နောင်ဘ၀တို့၌
နိဗ္ဗာန်ရသည့်တိုင်အောင် တန်းမြင့်ဖို့ရန် ယခုဘ၀ကပင် အခြေခံပါရမီများကိုလည်း
ရနိုင်၏။ ထိုပယောဂသမ္ပတ္တိတွင် အရာရာ၌ တတ်သိနားလည်မူဉာဏ်သည် ပထမအရေးကြီး၏။
ထို့နောက် အရာရာ၌ သတိထားဖို့ အရေးကြီး၏။ ထို့နောက် ပေါ်ပေါက်လာသော ကိစ္စ၌
မပျင်းမရိ လုံ့လရှိဖို့ အရေးကြီးသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment