ပထ၀ီဓာတ်
အာပေါဓာတ်
တေဇောဓာတ်
ပါစက၀မ်းမီး
ဝါယောဓာတ်
အမာခံနှင့် အမွှမ်းတင်ရုပ်
ပကတိမြေသည်
ထိုထို အရာဝတ္ထုတို့ကို ခံယူဆောင်ထားနိုင်လောက်အောင် ခိုင်မာသကဲ့သို့
အတူဖြစ်ဖက် ရုပ် တရားစုကို ခံယူဆောင်ထားနိုင်လောက်အောင် ခိုင်မာသောရုပ်ကို ပထ၀ီဓာတ် (မြေဓာတ်) ဟုခေါ်သည်။ ပကတိမြေကြီးနှင့် ကျောက်ခဲ၊ သံခဲစသည်တို့မှာ ဤပထ၀ီာတ်လွန်ကဲသော ရုပ်အစုအဝေးများတည်း။
အာပေါဓာတ်
ပကတိရေသည် မြေမူန့် ဖုန်မူန့် စသည်တို့ကို ပေါင်းစပ်သကဲ့သို့ အတူဖြစ်ဖက် ရုပ်မူန့်ကလေးတွေကို ပေါင်းစပ်စေနိုင်သော (ပူးတွဲစေနိုင်သော) ရုပ်ကို အာပေါဓာတ်(ရေဓာတ်)
ဟုခေါ်သည်။ ဤအာပေါဓာတ်သည် သတ္တိလွန်ကဲသောအခါ မိမိနှင့်အတူဖြစ်သော
ရုပ်များကို အရည်ဖြစ်အောင် ယူဆောင်လျက် ယိုစီးခြင်းသဘောလည်း ရှိသေးသည်။
ထို့ကြောင့် ပကတိရေ၊ ကျင်ငယ်၊ တံတွေး၊ နှပ် စသည်တို့မှာ အာပေါဓာတ်လွန်ကဲသော
ရုပ်အစု ဖြစ်ကြပေသည်။
ပကတိမီးငွေ့
နေပူငွေ့များသည် အစိုအစေးများကို ခြောက်စေသကဲ့သို့ အာပေါဓာတ်ဖြင့်
စိုစွတ်စေးကပ်သော ရုပ်အမူန့်များကို အလွန်ကြီး မစိုစေဘဲ အနေတော်ရုံ
သွေ့ခြောက်စေသောရုပ်ကို တေဇောဓာတ်(မီးဓာတ်) ဟုခေါ်၏။
နွေအခါ၌ ကျန်းမာသူတို့၏ ခန္ဓာကိုယ်ဝယ် အအေးငွေ့ ရှိ၏။ ထိုအအေးငွေ့လည်း
တေဇောဓာတ်ပင်တည်း။ ထို့ကြောင့် ဥဏှတေဇော၊ သီတတေဇောဟု ၂-မျိုးရှိကြောင်းကို
သိရာ၏။
ဤတေဇောကိုပင် ဥတုဟုလည်းခေါ်၏။ ခန္ဓာကိုယ်နှင့်တကွ အပြင်အပ မြေ ရေ တောတောင်ဟူသမျှ၌ အေးသောအခါ သီတ တေဇော(သီတဥတု)သည် တစ်လောကလုံး ပျံ့နှံ့၍ ပူသောအခါ ဥဏှတေဇောသည်(ဥဏှဥတု)သည်
တစ်လောကလုံး၌ ပျံ့နှံ့လျက်ရှိ၏။ ဤတေဇောဓာတ်သည် သူ့အခါနှင့်သူ ပူချိန်ပူ၍
အေးချိန်အေးလျှင် ကျန်းမာ၏။ ခန္ဓာကိုယ်တွင်း၌ရှိသော ဥဏှတေဇောသည် နဂိုသဘောထက်
လွန်ကဲလာလျှင် နည်းနည်းလွန်လျှင် နည်းနည်း ဖျား၏။ များများလွန်လျှင်
များများဖျား၏။ သိပ်လွန်လျှင် သေ၏။ ထို့အတူ သတတေဇောလွန်လျှင်
ရောဂါရကြတော့သည်သာ။
ထို့ကြေင့်
တေဇော၏ အပြောင်းအလွဲကို မခံနိုင်သူတို့သည် အလွန်ပူသောအခါ ခရီးသွားခြင်း၊
အလွန်ပူသော အစာစားခြင်း၊ အလွန်အေးသောအခါ ခရီးသွားခြင်း၊ အအေးမိခြင်း၊
အလွန်အေးသောအစာကို စားခြင်းတို့ကို သတိကြီးစွာထား၍ ရှောင်ရှားနိုင်မှသာ
ကျန်းမာသူ အသက်ရှည်သူများ ဖြစ်နိုင်ကြသည်။ ပကတိ မီး၊ နေတို့သည် ဥဏှတေဇော
လွန်ကဲသော ရုပ်အစုအဝေးများဖြစ်ကြ၍ အေမြသော ရေနှင့် ရေခဲ စသည်တို့မှ
သီတတေဇောလွန်ကဲသော ရုပ်အစုအဝေးများ ဖြစ်ကြလေသည်။
အစာသစ်အိမ်၏ အောက်၌ စားသမျှအစာကို ကြေကျက်စေနိုင်သော “ပါစက၀မ်းမီး” ခေါ်
တေဇောတစ်မျိုးရှိသေး၏။ ထိုပါစကတေဇော အားကောင်းသူ၌ စားသမျှ အစာကြေ၏။
ထိုတေဇော ညံ့လျှင် အစာမကြေဘဲ ဓာတ်ပျက်တတ်၏။ ထိုကဲ့သို့
ဓာတ်ပျက်မှန်းသိလျှင် ကြေကျက်လွယ်၍ နူးညံ့သောအစာကို စားသောက်မှသာ
ကျန်းမာနိုင်မည်။
ပကတိလေသည်
ထိုထိုအရာဝတ္ထုကို တွန်းထိုးထောက်ကန်နိုင်သကဲ့သို့ တကွဖြစ်ဖက် ရုပ်အစုကို
အချင်းချင်း ထိကပ်နေအောင် တွန်းထိုးထောက်ကန်တတ်သော ရုပ်ကို
ဝါယောဓာတ်(လေဓာတ်) ဟုခေါ်၏။ ခန္ဓာကိုယ်တွင်း၌ လေဓာတ် ၆-မျိုးရှိ၏။
၆-မျိုးကား -
၁။ ဥဒ္ဓင်္ဂမ။
။အထက်သို့ဆန်တက်သော လေတည်း။ ထိုလေလွန်ကဲသောအခါ ရင်ပြည့်ခြင်း၊ ရင်ခံခြင်း၊
ကြို့ထိုးခြင်း၊ ချောင်းဆိုးခြင်း၊ ချေခြင်းစသော ရောဂါများ ဖြစ်စေတတ်၏။
စကားပြောသောအခါ၌ ဤလေဓာတ်က အထက်သို့ အမြဲတက်လျက်ရှိသောကြောင့် ရင်ပြည့်
ရင်ခံ ရောဂါရှိသူသည် ထိုစကားပြောမူကို အထူးဆင်ခြင်ရမည်။ ၀မ်းထဲ၌
တစ်စုံတစ်ရာ အစာမရှိလျှင် သာ၍ပင် အထက်သို့ လေတက်တတ်လေသည်။
၂။ အဓောဂမ လေ။ ။အောက်သို့ စုန်ဆင်းသော လေတည်း။ ထိုလေ လွန်သောအခါ ၀မ်းလျှောခြင်းစသော ရောဂါကို ဖြစ်စေတတ်၏။
၃။ ကုစ္ဆိဋ္ဌ လေ။ ။အူသိမ် အူမတို့ အတွင်းကို ချန်၍ ၀မ်းတွင်းရှိသမျှ အရပ်ဝယ် သွားလာနေသော လေတည်း။
၎။ ကောဋ္ဌာသယ လေ။
။အူသိမ် အူမတို့ အတွင်းဝယ် လှည့်လည်နေသော လေတည်း။ စားသမျှအစာကို အောက်သို့
ဆောင်ပို့သော ဤလေက အူမကြီးအတွင်း၌ ရှိသောကြောင့် စားသမျှအစာတွေ
အစာသစ်အိမ်မှ အစာဟောင်းအိမ်သို့ သက်ဆင်းလျက် အပြင်သို့ ထွက်ကြရသည်။
၅။ အင်္ဂမင်္ဂါနုသာရီ လေ။
။လက်ခြေစသော အင်္ဂါကြီးငယ်တို့ကို လျှောက်သော လေတည်း။ ထိုလေတို့က ကောင်းစွာ
မလျှောက်လျှင် ရောဂါဖြစ်တတ်၏။ ခန္ဓာကိုယ်၌ အကြောသေး ကလေးများရှိကြ၏။
ထိုအကြောသေးများ၏ အတွင်း၌ လေလျှောက်လျက်ရှိရာ ကြာရှည်စွာ ကွေး၍နေထိုင်သူ၊
ကြာရှည်စွာ ကုန်း၍၀ပ်၍နေသူ၊ လက်ကိုကွေးထားသူ၌ (ရေပိုက်လုံးကို ကွေးထားလျှင်
ရေမသွားသကဲ့သို့) လေကောင်းစွား မလျှောက်နိုင်။ ထိုလေများ စုမိစုရာ စုကြ၏။
ထို့ကြောင့် လေကတွန်းပို့မှ သွားနိုင်သော သွေးများလည်း စုမိစုရာ စုနေသဖြင့်
ဧကန် ရောဂါတစ်ခုခု ရကြသည့်ပြင် နဂိုရောဂါမကင်းသူမှာ ရောဂါတိုးလာတော့၏။
ထို့ကြောင့် ဤလေမျိုး မှန်မှန်လျှောက်အောင် ကြာရှည်စွာကွေးပြီးလျှင် ပေါင်
ခြေသလုံးပေါ် ညပ်နေအောင် မထိုင်ကြဖို့နှင့် အကြောများဆန့်အောင်
လမ်းများများလျှောက်ဖို့ တိုက်တွန်းကြသည်။
၆။ အဿာသ မဿာသ လေ။ ။ဤလေကား အသက်ရှူသောအခါ ထွက်သက်ဝင်သက် လေများတည်း။ အာနာပါနဟုလည်းခေါ်၏။ ဤသို့လျှင် လေအမျိုးအစား ၆-ပါးရှိ၏။
ဤ
ပထ၀ီ၊ အာပေ၊ တေဇော၊ ၀ါယောဟူသော ဓာတ်ကြီး ၄-ပါးသည် အထည်ကိုယ်
အမာခံရုပ်များတည်း။ နောက်၌ပြမည့် ပသာဒရုပ်စသည်ကား ထိုဓာတ်ကြီး ၄-ပါးကို
မှီတွယ်၍ဖြစ်ရသော အမွှမ်းတင်ရုပ်များဖြစ်ကြသည်။ ထင်ရှားစေအံ့ - ဓာတ်ကြီး
၎-ပါးသည် အထည်ကိုယ် အမာခံများဖြစ်ရကား ဓာတ်ကြီးလေးပါးတို့ အစုအဝေးများလေ
ခန္ဓာကိုယ် ကြီးမားလေဖြစ်၏။ မြေပြင်ကြီး ကျောက်တောင်ကြီး ရေပြင်ကြီး
မီးလုံးကြီး လေမုန်တိုင်း စသည်ဖြင့် သက်မဲ့ဝတ္ထုကြီးတွေ
ကြီးမားလေသမျှ၌လည်းကောင်း၊ လူကြီး နတ်ကြီး ငါးကြီး လိပ်ကြီး စသည်ဖြင့်
သက်ရှိအကောင်အထည်တွေ ကြီးမားလေသမျှ၌လည်းကောင်း ဤဓာတ်ကြီး ၄-ပါးတို့
အစုအဝေး၏ များနေခြင်းသာ ဖြစ်သည်။
ပြလတ္တံ့သော စက္ခု၊ သောတ၊ ရူပ၊ သဒ္ဒစသည်တို့အတွက်ကား ထူး၍ အရာဝတ္ထု ကြီးမားတော့မည်မဟုတ်။ ဥပမာ
- ဆပ်ပြာ မွှေးခဲတစ်ခဲ၌ အလွန်အနံ့ကောင်းသော အနံ့ဓာတ် ဂန္ဓရုပ်တွေများစွာ
ထုံမွမ်ထားသော်လည်း ဆပ်ပြာခဲသည် တိုး၍လည်းမကြီး၊ အနံ့ဓာတ် ဂန္ဓရုပ်တွေ
လျှော့လိုက်ခြင်းကြောင့်လည်း ဆပ်ပြာခဲတိုး၍မငယ်။ ထို့ကြောင့် ပထ၀ီစသော
ဓာတ်ကြီး ၄-ပါးသာ အထည်ဝတ္ထုထင်ရှားသော အမာခံရုပ်များဖြစ်ကြောင်း သိပါ။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment