ကုသိုလ်ကံဖြစ်စေ၊
အကုသိုလ်ကံဖြစ်စေ တူသော အကျိုးပေးတတ်၏။ သူတစ်ပါးကို သတ်သော ပါဏာတိပါတ
ကံကြောင့် ဖြစ်ရာဘ၀၌ အသတ်ခံရတတ်၏။ ရောဂါများတတ်၏။
ဒါန၏ တူသောအကျိုး
စွန့်ကြဲပေးကမ်း
လှူဒါန်းသောအခါ အလှူခံကို စားစေချင်၊ ကောင်းကောင်းမွန်မွန် နေစေချင်သော
စေတနာသည် ဒါနည်း။ ထိုဒါနကြောင့် ဖြစ်လေရာဘ၀၌ စားရ ၀တ်ရ၊
ကောင်းကောင်းမွန်မွန် နေရ ထိုင်ရ လောက်အောင် စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသော
ဓနရှင်များ ဖြစ်လာရပေသည်။ သို့သော် လှူဒါန်းပေးကမ်းသည့် အခါတုန်းက
အပရစေတနာ ချို့တဲ့လျှင် (လှူပြီးနောက် နှမြောသလိုဖြစ်ကာ စိတ်မချမ်းသာလျှင်) ထိုဒါနကြောင့် ရှိသော စည်းစိမ်ကို ခံစားလိုစိတ် မရှိဘဲ ဓနရှင်ဖြစ်ပါလျက် လူဆင်းရဲများကဲ့သို့ နုံနုံချာချာနှင့် နေရတတ်လေသည်။
သူဌေးတစ်ဦးဖြစ်ထွေ
ငါတို့ ဘုရားမပွင့်မီ သာသနာပ ကာလ၌ သူကြွယ်တစ်ယောက်သည် အိပ်ပေါက်ဝ၌ ဆွမ်းရပ်တော်မူသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား “ဆွမ်းလောင်းကြပါ”ဟု ပြောဆို၍ ကိစ္စတစ်ခုအတွက် နေရာမှထသွားပြီးနောက် “ဆွမ်းလောင်းခိုင်းမိတာ မှားပေါ့၊ ထိုထမင်းများကို အခိုင်းအစေများ စားတာကပင် ကောင်းသေးရဲ့”ဟု တွေးကာ နှလုံးမသာမယာနှင့် အပရစေတနာ ချို့မိလေသည်။
ထိုဆွမ်းကို
လှူခိုင်းခဲ့သော ကုသိုလ်ကြောင့် ငါတို့ ဘုရားရှင် လက်ထက်တော်၌
သူဌေးဖြစ်လာ၏။ သို့ရာတွင် အပရစေတနာ ချို့တဲ့မူကြောင့် သူဋ္ဌေးနှင့် တူအောင်
နေချင်စိတ်မရှိ ပိုက်ဆန်လျှော်ချည်ဖြင့် ရက်သော အ၀တ်ကြမ်းကို ၃-စပ်လောက်
ဆက်စပ်ပြီး ၀တ်လေ့ရှိ၏။ ဆန်ကွဲထမင်း ပုံးရည်ဟင်းကို စားသောက်လေ့ရှိ၏။ ဤသို့
အနုံအမွဲ လူဆင်းရဲ အနေမျိုးနေကာ မကြာခင် အသက်ဆုံး၍ စည်းစိမ်အားလုံး
မင်းဘဏ္ဍာဖြစ်ရလေသည်။
ဤ၀တ္ထုကို
လေးနက်စွာ စဉ်းစားသင့်၏။ ယခုအခါ မိမိနှင့် ထိုက်တန်သော အ၀တ်အစားကို
ဝတ်ချင် စားချင်စိတ် မရှိသူ၊ မိမိနှင့်တန်အောင် နေထိုင်ချင်စိတ်
မရှိသူများကို တွေ့မြင်ကြရ၏။ ထိုသူများသည် တရားသဘာ သက်ဝင်ကာ
ဝတ်မည့်စားမည့်အတွက် လှူမည် ပေးကမ်းမည်ဆိုလျှင် သူတော်ကောင်းသဘောဖြစ်၍
အပြစ်မတင်သာချေ။ ထိုစိတ်မျိုး မဟုတ်ဘဲ နှမြောကုတ်ကတ်သည့်အတွက် မစားရက်
မ၀တ်ရက်လျှင် သူဌေးကြီးဝဋ်ပါသကဲ့သို့ ၀ဋ်ပါသူဟု ဆိုရပေလိမ့်မည်။
အရပ်ရပ်ကို
ကောက်ချက်ချလိုက်လျှင် ထိုက်တန်အောင် ၀တ်လို့ စားလို့၊ မိမိ၏
ကလေးများအတွက်လည်း အမွေအနှစ်ထားလို့၊ ထိုက်တန်အောင် စွန့်ကြဲပေးကမ်းလို့
နေထိုင်ကြမှသာ ပစ္စည်းဥစ္စာနှင့် ဆိုင်ရာဝယ် လောကသံသရာ ၂-ဖြာလုံး
အကျိုးရှိအောင် နေတတ်သူဟု ဆိုရပေမည်။ ထို့ကြောင့် ဒီပဲယင်း
ဆရာတော်ဘုရားကြီးသည် “စားလည်းစားကြပါ၊ မသခင် စားဖို့နဲ့ အမွေအနှစ် ပေးဖို့လည်း နောင်သံသရာအတွက် ကုသိုလ်ပဒေသာပင်ကိုလည်း စိုက်ပျိုးကြပါ”ဟူသော တိုက်တွန်းချက်ဖြင့် အောက်ပါလင်္ကာကို မိန့်ဆိုတော်မူသည်။
“စားသမျှ မစင်၊ ထားသမျှ မသေခင်၊
ပြုသမျှ ကုသိုလ်အပင်၊ ယခုကာလ ဘ၀ကောင်းတွင်၊
စားလည်းစား၊ ထားလည်းထား၊
ပြုလည်းပြုကြမှ တော်မည်ထင်။”
ပြုသမျှ ကုသိုလ်အပင်၊ ယခုကာလ ဘ၀ကောင်းတွင်၊
စားလည်းစား၊ ထားလည်းထား၊
ပြုလည်းပြုကြမှ တော်မည်ထင်။”
အမှန်စောင့်ထိန်းရမည့်
ဥပုသ် သီလနှင့် ငါးပါးသီလသည် စောင့်ထိန်းသောအခါ သတ္တ၀ါတို့ကိုလည်း
ချမ်းသာစေ၏။ ကိုယ်တိုင်လည်း အလုပ်ဗျာပါရကင်း၍ ငြိမ်းအေးသောစိတ်ဖြင့်
စောင့်ထိန်းရ၏။ ထို့ကြောင့် သီလအကျိုးပေးသောအခါ (ပစ္စည်းဥစ္စာ မပါစေကာမူ) အနာကင်း၍ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ အေးအေးသက်သာ နေရအောင် အကျိုးပေး၏။ ထို့ကြောင့်ပင် “ဒါနတော ဘောဂ၀ါ၊ သီလတော သုခိတော”ဟု ပြောစမှတ်ပြုကြသည်။ (ဒါနတော၊ ဒါနကြောင့်။ ဘောဂ၀ါ၊ စည်းစိမ်ကြွယ်ပြော ဥစ္စာပေါသူဖြစ်ရ၏။ သီလတော၊ သီလကြောင့်။ သုခိတော၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသူဖြစ်ရ၏။)
ဘာဝနာ၏ တူသောအကျိုး
ကမ္မဋ္ဌာန်းဘာဝနာ
စီးဖြန်းလိုသူကား ပင်ကိုကပင် လူသူမခို မြိုင်ညိုစိမ့်စမ်း ရဂုံလမ်း၌
အေးချမ်းသာယာစွာ တစ်ကိုယ်တည်းနေ၍ စီးဖြန်းရသည်။ စီးဖြန်းသောအခါ ဈာန်ရအောင်
အားထုတ်လျှင် လောကီအာရုံ ကာမဂုဏ်ကို အစွမ်းကုန် အပြစ်မြင်နိုင်မှ ဈာန်ရ၏။
မဂ်ဖိုလ်ရအောင် အားထုတ်လျှင် ရုပ်၊ နာမ်၊ ခန္ဓာ၊ တစ်သံသရာလုံး
ငြီးငွေ့နိုင်မှ မဂ်ဖိုလ်ရသည်။
“မာတင်္ဂကြီး၊
တောခိုမှီးသို့၊ ကိုယ်တည်းအောင်းခို၊ ဗြဟ္မစိုရ်ဖြင့်၊ အလိုတော်ပြည့်၊
ပြည့်အောင်ဖြည့်ပိမ့်၊ ငါ၏နောက်တော်၊ တစ်ယောက်သော်မျှ၊ မခေါ်အပို၊
ဖော်မလိုသည်၊ ရွေကိုယ်သက်သက် ရှင်းရှင်းတည်း”
ဟူသော
မဃဒေ၀လင်္ကာနှင့်အညီ တစ်ကိုယ်တည်း အားထုတ်ရသော ဘာဝနာအလုပ် ၂-မျိုးတွင်
ဈာန်ကိုရ၍ ဗြဟ္မာ့ပြည် ရောက်သောအခါ ကြင်ရာတော်ဒေ၀ီ မဟေသီဗြဟ္မာမ-ဟု
မရှာရတော့ဘဲ တစ်ကိုယ်တည်း အေးချမ်းစွာဖြင့် မေတ္တာ၊ ကရုဏာ၊ မုဒိတာ ပွားများ၍
ခမ်းနားသော ဘုံဗိမာန်တွင် ယောဂီကိုယ်တော်ကြီးအသွင် အင်မတန်သိက္ခာဖြင့်
တည်ငြိမ်စွာ နေထိုင်ကြရပေသည်။ မဂ်ဖိုလ်ပေါက်သူ ဖြစ်လျှင်ကား ပင်ကိုက
ရုပ်နာမ် အားလုံးကို အမုန်းကြီးမုန်း၍ အငြီးငွေ့ကြီး ငြီးငွေ့ခဲ့သည့်
အားလျော်စွာ နိဗ္ဗာန်သို့ ရောက်သောအခါ ဘုံဗိမာန်ဟူသော ရုပ်တရားကို
မဆိုထားဘိ၊ ကိုယ့်ရုပ်ကိုယ့်နာမ်ပါ မကြွင်းကျန်တော့ဘဲ ရုပ်နာမ်နှင့်
မစပ်သော ဓာတ်တစ်မျိုး အဖြစ်ဖြင့်သာ တည်ရှိပေတော့သည်။
ဤသို့လျှင်
ဒါန၊ သီလ၊ ဘာဝနာ စသော ကုသိုလ်အားလုံးပင် အကြောင်းနှင့်တူသော အကျိုးကို
ဆောင်သောကြောင့် သံသရာနောင်ရေးကို မြော်တွေးမိသူတိုင်း မိမိကိုယ်ကို
မိမိချစ်ခင်ကာ နိဗ္ဗာန်အထိ သံသရာလမ်းကောင်းဖို့ရန် မကောင်းသော
စိတ်ထားများကို ပယ်ရှား၍ ကောင်းသောကံကိုချည်း ကြိုးစားသင့်ကြသည်။
“အကုသိုလ်၊
ကုသိုလ်၏၊ ကမ္မသကာ၊ လက္ခဏာကို၊ မြဲစွာဝမ်းတွင်း၊ နှလုံးသွင်းလော့၊
မပျင်းကုသိုလ်၊ ထိုပုဂ္ဂိုလ်ကား၊ ကိုယ့်ကိုချစ်သူ၊ မည်သောဟူ၏၊ အယူမယွင်း၊
ဆောက်တည်ခြင်းဖြင့်၊ ကံရင်းမူလ၊ ၀ီရိယနှင့်၊ ဉာဏ်ထောက်ကူ၊ ထိုသည့်သူမှ၊
လူတွင် လူလွန်၊ လွှာတံခွန်သို့၊ လူမွန်တစ်ယောက်၊ တစ်ခေါ်လောက်အောင်၊
ခါရောက်ချိန်ဆုံး၊ တုမဲ့နူန်း၍၊ ရွှေဘုန်းမော်ရမည်ကိုကား” (မဃဒေ၀လင်္ကာ)
ဤမျှလောက်
စကားအစဉ်ဖြင့် ကံနှင့် ကံ၏ သတ္တိ၊ ကံ၏ အကျိုးပေးပုံများ ပြီးဆုံးပြီ။ ဤသို့
ကံနှင့်စပ်၍ အရပ်ရပ် မှတ်ဖွယ်များကို ရေးသားရကြောင်း ကေင်းမူ ပဋိပတ်
အကျင့်မြတ်ကြောင့် ဤစာကို ကြည့်ရူသူတိုင်း ကမ္မသကတာဉာဏ် ရင့်သန်၍
သမ္မာဒိဋ္ဌိအစစ် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါစေ။ ငါနှင့်တကွ ငါ၏ အတွင်းလူ
ဟူသမျှလည်း ဖြစ်လေရာ ဘ၀တို့၌ သမ္မာဒိဋ္ဌိချည်းဖြစ်ကာ နိဗ္ဗာန်ရောက်ကြောင်း
တရားကိုသာ ကြိုးစားကြပါစေ။
ကံနှင့်စပ်ရာ၊
အဖြာဖြာကို၊ ကောင်းစွာခွဲခြမ်း၊ ရေးသည့်စွမ်းကြောင့်၊ ဤကျမ်းရူကြ၊
ဟူသမျှတို့၊ ကမ္မသကတာ၊ ဉာဏ်ရင့်စွာဖြင့်၊ သမ္မာယူစစ်၊ ဖြစ်ကြပါစေ။
ငါ့အနေသော်၊ အခြေခိုင်မြဲ၊ သမ္မာစွဲ၍၊ မကွဲအသင်း၊ ငါ့အရင်းလည်း၊
မယွင်းငါ့တူ၊ သမ္မာယူသည်၊ နိဗ္ဗူထုတ်ချောက် ရောက်ရန်သောဝ်။
ကံနှင့်စပ်၍ အရပ်ရပ်မှတ်ဖွယ် ပြီးပါပြီ။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment