Thursday, July 25, 2013

ဦးခေါင်းပေါ် မှာ လှေ ကို ရွက်ပါလို့ "


          ယနေ့သည် "၀ိမုတ္တိယုဂခေတ်"ဟုဆိုကြလေရာ ရောဂါတစ်စုံတစ်ရာပေါ်၍ "မရဏဘေးထိတ်လန့်"ပြီးဓမ္မရိပ်သာ သွားတာမျိုး၊ သားသမီး နှင့် စီးပွားဥစ္စာ တို့၏ဘေးကြောင့်ဖြစ်ရသော "သောက ပရိဒေ၀မီး"တို့တောက်လောင်၍ ဓမ္မရိပ်သာ သွားတာမျိုး တို့ ကလွဲလျှင် ယောဂီ ပုဂ္ဂိုလ်အတော်များများ၏ဆန္ဒမှာ "သံသရာမှ လွတ်မြောက်စေရေး" အလေးထား၍ "ဓမ္မရိပ်သာ ၀င်ကြသူချည်းပါ" ဟု ပြောလျှင် မှားမည်မထင်ပါ။


"ပရိယတ်စာပေ" ကိုသင်ကြားလိုလျှင် "စာသင်တိုက်"ဟူသည်သာ အကောင်းဆုံးဖြစ်သကဲ့သို့ "တရားဓမ္မ"ကို စနစ်ကျကျအားထုတ်လိုလျှင် "ဓမ္မရိပ်သာ" သည်သာလျှင် အကောင်းဆုံးနေရာဖြစ်ပါသည်ပေါ့။ တစ်ချို့သော ဓမ္မမိတ်ဆွေတို့က ပြောလေ့ရှိပါသည်၊"ကိုယ့်အိမ်မှာ အခွေဖွင့်ပြီး တရားနာ၊ တရားအားထုတ်လည်း ရတာပဲ မဟုတ်လား"ဟုမေးတတ်ကြပါ၏။

အိမ်တွင်လည်း တရားအားထုတ်၍ ရပါသည်။နော့ပေတဲ့ အိမ်မှာက ဗာဟီရကိစ္စ တွေပေါ်တတ်သည်။"ဓမ္မရိပ်သာ" ဆိုသည် က "တိတ်ဆိတ်သည်"။"အနှောက်အယှက်ကင်းသည်"။"အချိန်မှန် ဓမ္မကိုကျင့်ကြံနိုင်သည်"။"အားကိုးအားထားပြုစရာဓမ္မတရားပြ ဆရာ အနီးအနားတွင်ရှိသည်"။

ထို့ကြောင့် ဓမ္မရိပ်သာ ၀င်ခြင်းက ပိုမိုထိရောက်နိုင်သည် ဟုသဘောပေါက်မိခြင်းဖြစ်ပါ၏။

ရိပ်သာဝင်၍တရားရှုမှတ်နည်းများသင်ယူလေ့လာမှတ်သား။တရားစခန်သိမ်း၍အိမ်သို့ပြန်ရောက်ပြန်ရောက်လျှင်လည်း
ဆက်လက်ပွားများ အားထုတ်ပေါ့။

ကျွန်တော် ၏ ဓမ္မ ပတ်ဝန်းကျင် တွင်လေ့လာကြည့်လိုက်မိသောအခါ အလွှာပေါင်းစုံ၊ လူတန်းစားပေါင်းစုံ မှ တရားဓမ္မရိပ်သာ သို့ဝင်၍ တရားအားထုတ်ပြီးသူများ သည် အလွန်အင်မတန် များပြားလှပြီဟု တွေ့မြင်၊သိရှိရပါ၏။

ထိုကဲ့သို့ အလွှာပေါင်းစုံ၊လူပေါင်းစုံ မတူကွဲပြား များပြားလှသော်လည်း တူညီသည့် ဆန္ဒ တစ်ခုမှာ"မိမိ တို့ ရရှိခံစားရသော ဓမ္မအရသာ ကို တစ်ပါးသူတို့အားလည်း မျှဝေခံစားစေလိုကြသောဆန္ဒများရှိကြသည်"ဟူ၍ပင်ဖြစ်ပါ၏။

ထို့ကြောင့် ဓမ္မရိပ်သာ ၀င်ဖြစ်အောင် ၀င်ကြပါ ဟု ဓမ္မရိပ်သာပြန်များ အတော်များများ က ဆော်သြ တိုက်တွန်းကြလေ့ရှိပါသည်။ကောင်းလှပေစွ။

ဓမ္မရိပ်သာပြန် အတော်များများ နှင့် ကျွန်တော် ဆုံတွေ့ဖူးပါသည်။မိတ်ဆွေတစ်ဦး က ညည်းငြူသံဖြင့်-
"ရိပ်သာ တော့ဝင်ချင်ပါရဲ့ အခုတစ်လော အလုပ်တွေက မပြတ်သေးဘူး၊ မအားဘူးဖြစ်နေတယ်"ဟု တစ်ခွန်းပြောမိတယ်ရှိသေး။ အနီးရှိ ဓမ္မရိပ်သာပြန် မိတ်ဆွေတစ်ဦး က "အဲဒါ ဒိဋ္ဌိ ကပ်နေတာ"ဟူ၏။

တစ်ချို့သော ဓမ္မရိပ်သာပြန် ဆိုလျှင်"ဘုရားရှိခိုးခြင်း"တောင် မပြုတော့ပေ။ဤတွင် ဘုရား ရှိမခိုးရခြင်း နှင့်စပ်လျဉ်း၍ ကျွန်တော် အကြောင်းအချက်(၂)ချက်မျှဖြင့် စဉ်းစားကြည့်မိပါသည်။ဤသို့ပါ။

တစ်အချက် မှာ-ပဋိစ္စသမုပ္ပါဒ်နည်း အရ မောဟကြောင့်လည်း ကုသိုလ်လုပ်ငန်းများလုပ်မိတတ်ပါ၏။နိဗ္ဗာန် ကိုအဓိကမထားဘဲ ကုသစိုလ်ပြုလုပ်ပါက လူ-နတ်-ဗြဟ္မာ ချမ်းသာများကိုသာ ရကြပေမည်ပေါ့။ထို ဘ၀ များသည် ကား ၀ဋ်ဒုက္ခများကင်းလွတ်သည့် ဘ၀များမဟုတ်ပါချေ။


ဆင်းရဲမကင်းသောဘ၀များကိုရရှိစေနိုင်သည့်ကုသိုလ်လုပ်ငန်းများကိုပြုလုပ်ခြင်းသည် မောဟ ကြောင့်ဖြစ်သည်။ထို့ကြောင့် ဘုရားမရှိခိုး တာလည်း ဖြစ်နိုင်သည်။

နောက် ဒုတိယအချက် က-မိုးကုတ်ဆရာတော် ဘုရားကြီးဟောကြားတော်မူခဲ့သောတရားတစ်ပုဒ်ရှိပါ၏။

"ခင်ဗျား တို့က မသိ လို့ ။
ဒိဋ္ဌိ က ဘုရားရှေ့ ၀င်ရှုပ်နေတာများ ခင်ဗျားတို့က မတွေးမိဘူး၊ဘုရားရှိခိုးတယ် အောက်မေ့နေတယ်။
အဲဒါ ဘုရားရှိခိုးနေတာကို မဟုတ်ဘူး၊ ဆုတောင်းနေတာ။
ဘုရားရှိခိုး က ပြီးခဲ့ပြီ။ ………..ရှိခိုးပါ၏။ဆိုပြီး ရှိခိုးရသော အကျိုးကြောင့် ဆိုရင် သွားပြီ"ဟူ၍ဖြစ်ပါ၏။

ထိုနှစ်ချက်ကြောင့်များ ဘုရားရှိမခိုးတော့ဘဲ ၀ိပဿနာတရားတော်များကိုသာ အားထုတ်နေလေရော့သလားပေါ့။

နော့ပေတဲ့ မိုးကုတ်ဆရာတော်ကြီးကား ဆုတောင်း၊ဆုယူ ခြင်း ကို နှစ်သက်တော် မမူ၍ ထိုသို့ဟောကြားတော်မူခြင်းဖြစ်ပါလိမ့်မည်။

ပင်လယ်တွင်မျှောနေသူသည် ဆင်သေကောင်ပုပ် ပင်ဖြစ်သော်လည်း ကမ်းနားသို့ရောက်အောင်အကျိုးပြုနိုင်သောကြောင့် ရွံရွံရှာရှာဖြင့် တွယ်ကပ်မှီခိုရသကဲ့သို့ပင် ကုသိုလ်ကို လည်း ထို့အတူ ၀ိဝဋနိဿိတ ကုသိုလ် ဖြစ်ရန်ကတော့ လိုအပ်မည်ဖြစ်သည် မဟုတ်ပါလော။

နောက် ဓမ္မရိပ်သာပြန်တစ်ဦးကတော့ ဤသို့ပါ။

"ရိပ်သာ ၀င်ကြည့်စမ်းပါဗျာ။သိပ်ကောင်းတာပဲ။ ခုဆို ကျွန်တော် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း အတော်ရှင်းသွားပြီ။
အားလုံးဟာ ဖြစ်ပျက် တွေချည်းပဲ"ဟုဆိုပါ၏။

ပညတ်တွေရော၊ပရမတ်တွေရော ရောသောပြီး မြင်သမျှ၊တွေ့သမျှ -ဖြစ်ပျက် လုပ်နေသလားတော့မသိပါလေ။

နောက်တစ်ဦး ကတော့-"အခုဆို ကျွန်တော် ဘာမှ မကြောက်တတ်တော့ဘူး၊ ကြောက်တယ် ဆိုရင် ဒေါသ ဖြစ်သွားပြီလေ။တစ္ဆေ ဖြစ်ဖြစ်၊ရန်သူ ဖြစ်ဖြစ် တွေ့ရင်တောင်မှ မကြောက်တော့ဘူး၊ရူပါရုံ ပဲလေ ၊ မမြဲပါဘူး။ဘာကြောက်စရာလိုလဲ၊ အဲလို သိ လိုက်ရင် အကုသိုလ် မဖြစ်တော့ဘူး၊ အဲဒါ နိဗ္ဗာန် ပဲ"ဟူ၏။

ထို ကဲ့သို့ တရားနှင့်ထိပ်တိုက်တွေ့ခဲ့သူကြီးများ အချို့ သည် မည်းမည်း မြင်တိုင်း ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းထဲသို့ သိမ်းကျုံးထည့်ထားတတ်ပါ၏။

နောက်ထပ်တွေ့ရသည့် ဓမ္မရိပ်သာပြန် ကတော့ တစ်မျိုး တစ်ဘာသာပေါ့လေ။

"ကလေး မုန့်လာတောင်းရင်လဲ ဒါ လောဘ ရှိလို့တောင်းတာ၊ချောင်းဆိုးသံ ကြားရင်လဲ အသံ က ရုပ်။ အသံ ကိုမှတ်တာက နာမ်၊ ဒါလဲ အနိစ္စ ပဲ"စသည်ဖြင့် ပြောဆိုတတ်သူကြီးပါ။

ကျွန်တော်ဖြင့် သူ့ရှေ့သို့ရောက်မိသည့်အချိန်တိုင်းတွင် နားရွက်ကလေးတောင်မှ မလှုပ်ဝံ့စရာပင်ဖြစ်နေပါ၏။

တစ်ချို့ကျပြန်တော့လည်း "သူ့နည်းသာလျှင် အမှန်၊ ဟိုနည်း ကအမှား"ဟု အပြန်အလှန်ငြင်းခုံကြပါ၏။

အောက်ပါ စကားသံများကိုနားထောင်မိလျှင် ကျွန်တော်၏ဆိုလိုရင်းကိုရိပ်မိပါလိမ့်မည်။

ဤသို့ပါ။

"ရိပ်သာထဲမှာ ယောဂီတွေကို အာဟာရ သပါယမျှအောင်ကျွေးရတယ်ဗျ။ ခုတော့ ရိပ်သာမှာ ကျွေးတာ က သတ်သက်လွတ် တဲ့၊ ဒါ ဒေ၀ဒတ်ဝါဒ ပဲဗျ။"

(သတ်သက်လွတ်ကျွေးရသည့်အကြောင်းရင်း အမှန်က ထို ရိပ်သာ မှာ နိုင်ငံတကာမှ ဘာသာခြား၊လူမျိုးခြား များ ၀င်ရောက်အားထုတ်လေ့ရှိသဖြင့်(ဥပမာ-ဟိုဘာသာဝင်-ဟိုလူမျိုး က ဒီအသားမစား-ဟိုအသားစားတယ်၊ဒီဘာသာဝင်-ဒီလူမျိုး က ဟို အသားမစား ဒီ အသားစားတယ် စသဖြင့် ဗာဟီရ ကိစ္စတွေများသဖြင့်) သတ်သက်လွတ်သာကျွေးလိုက်ခြင်းပါ။ ဤလို အကြောင်းရင်းမသိဘဲ ရမ်းတုတ်ပြောဆိုတတ်ပါ၏။)

"ဘာလဲဗျာ တရားဓမ္မအားထုတ်တယ် ဆိုတာ ဓမ္မသာကစ္ဆာ တော့ရှိရပေမပေါ့။ ခုတော့ ရိပ်သာတစ်ခု က ဘာတဲ့ ၀စီပိတ် ဆိုပဲ၊ ဒါလည်း ဘုရားဟောနဲ့ မညီဘူး"

(အကြောင်းရင်းအစစ်အမှန်ကယောဂီ တို့၏ သမာဓိ ရရှိနိုင်ရေးကိုသာ အဓိကထား ကို ထောက်ချင့်ရှေ့ရှု၍"မြင့်မြတ်သော ဆိတ်ဆိတ်နေခြင်း( Noble Silence)" အဖြစ် စည်းကမ်းတစ်ခု သတ်မှတ်လိုက်ခြင်းပါ။နော့ပေတဲ့ တရားပြဆရာ နှင့်သော်လည်းကောင်း၊ဓမ္မဝေယျာဝစ္စပြုပေးသူ(Dhamma worker) နှင့်သော်လည်းကောင်း လိုအပ်လာလျှင် စကားပြော၍ရပါ၏။)

ထိုကဲ့သို့ အသံများ၊စကားသံများ ကြားရဖန်များ လာသောအခါကျွန်တော်သည် ဥပမာလေးတစ်ခု ကို ထင်မြင်လာမိပါ၏။

"ပင်လယ်တစ်ခုကိုဖြတ်၍ တစ်ခြားတစ်ဖက်ကမ်းသို့ရောက်အောင် ကူးလိုသောသူတို့သည် ထို ပင်လယ် ကိုဖြတ်ကူးနိုင်ရန် ခိုင်ခံရုံမျှသာပြုလုပ်၍ လှေ တစ်စင်း ကို ပြုလုပ်ကြပါ၏။
အလိုဆန္ဒရှိသည့်အတိုင်း တစ်ဖက်ကမ်းသို့ ကူးမြောက်သွားပြီးနောက် အသုံးချပြီးသော လှေ ကို စွန့်လွှတ်လိုက်ရမည်မဟုတ်ပါလား။

တစ်ချို့သော သူများကားဤသို့မဟုတ်ပါချေ။
လှေ ကို ခိုင်ခံ့အောင်ပြုလုပ်ရုံမျှ မက လှပတင့်တယ် ရှုချင်စဖွယ်လုပ်ပါ၏။ထို့နောက် ထို လှေ ကို ပင်လယ် သို့ချ၍တစ်ဖက်ကမ်းသို့ဖြတ်သန်း ကူးမြောက်ရန်စွမ်းဆောင်ရမည့်အစား မိမိဦးခေါင်းပေါ်သို့တင်၍ အလေးခံကာ ရွက်၍ မိမိ၏လှေ လှပကြောင်း လှည့်လည်ပြောဆိုနေလေ၏။

တွေ့မြင်သူအများသူငါ အပေါင်းက လည်း" ခေါင်းပေါ်ရွက် လာသော လှေကြီး မှာ လှပ တင့်တယ် ပါ၏" ဟူ၍လည်းကောင်း၊သို့တည်းမဟုတ် "ဤမျှ ကြီးမားသော လှေကြီးကို ခေါင်းပေါ်ရွက်လာနိုင်သော စွမ်းအားမှာ ကြီးလွန်းလှပါပေ၏" ဟူ၍လည်းကောင်း ချီးမွမ်းကြပါသည်ပေါ့။

"လှေ" ကိုဦးခေါင်းပေါ်ရွက်လျှက် ထိုသို့ချီးကျူးခံရသူသည် အလွန်ပီတိဖြစ်လျှက် မောရမှန်းမသိ ပန်းရမှန်းမသိဖြစ်နေချိန်၊မိမိ ကဲ့သို့ ခေါင်းပေါ် လှေရွက်သူ တစ်ဦးကိုတွေ့ကြပြန်လေသောအခါ ခေါင်းပေါ်မှ လှေ ကိုခဏ ချ၍"သူ့လှေ ကကောင်းသည်၊လှပသည်။ ငါ့လှေ ကပို၍ကောင်းသည်၊ ပို၍လှပသည်"ဟု ခိုက်ရန်ဖြစ်ပွား အချင်းများကြလေတော့၏။ "

လိုရင်းကိုသာ ကောက်ချက်ချပါတော့မည်။

"ကျွန်တော်တို့သည် မိမိတို့ မှတ်သား၊သင်ယူ လေ့ကျင့်ထားသော ၀ိပဿနာနည်းနိဿယ လှေ ကို ပင်လယ် ထဲသို့ချ။
တစ်ဖက်ကမ်းသို့ ရောက်အောင်ကူးကြမည်လား"

သို့တည်းမဟုတ်-

"အလေးခံ ခေါင်းပေါ်ရွက်ပြီး ဒီဘက်ကမ်းမှာသာလျှင် လှည့်လည်ကြွားဝါ ချီးမွမ်းခံကြမည်လား"..ဟူ၍သာ။


ရေးသားပြီးစီး။ ။ ၁၃၇၅ခုနှစ်၊၊၀ါဆိုလဆုတ်(၂)ရက်၊(၂၄-၇-၂၀၁၃)ရက်နေ့၊အင်္ဂါနေ့- (နေ့လည်-၁၂း ၀၇)

ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ

(ည.ည.တ)

nyinyitindrums@gmail.com
(09-445108754)
http://www.facebook.com/konyinyi.tin မှတဆင့်တင်ပြသည်။

No comments:

Post a Comment