အဘယ်ကြောင့်
ဆိုသော် လွန်လေပြီးသော နှစ်ပေါင်း ၂၆၀၂ (သာသနာတော် နှစ်ပေါင်း၂၅၅၇ နှစ် +
မြတ်စွာဘုရား၏ ၀ါတော် ၄၅ ၀ါ) ၏ ၀ါဆိုလပြည့်နေ့ ညနေချမ်း အချိန်အခါ သာမယ…
ဘုရားဖြစ်တော်မူရာ
ဥရုဝေလာ မဟာဗောဓိပင်မှ မဟာသက္ကရာဇ် (၁၀၃) ခု၊ ၀ါဆိုလဆန်း (၁၃) ရက်နေ့မှ
စတင်၍ ခရီးထွက်ခဲ့သော မြတ်ဗုဒ္ဓသည် ကာသိတိုင်း၊ ဗာရာဏသီမြို့ အနီး မိဂဒါဝုန်
တောအုပ်သို့ ရောက်ရှိခဲ့လေသည်။ ထိုတောအုပ် နေရာသည် ဘုရင်မင်း အဆက်ဆက်မှ
သားကောင်များကို ဘေးမဲ့ပေး ထားရာ တောမြိုင် နေရာ ဖြစ်သောကြောင့် မိဂဒါဝန၊
မိဂဒါယ၊ မိဂဒါဝုန် ဟု ခေါ်ပေသည်။ အထူးသဖြင့် သားသမင်များ ပေါများသော တောအုပ်
ဖြစ်သည်။
ဘုရား
မဖြစ်မီ ၀တ်ကြီးဝတ်ငယ် ပြုခဲ့ပေးဖူးကြသော တပည့်ဟောင်း (၅) ဦး ရှိနေသည့်
ဤနေရာ တောအုပ်ဝယ် တရားဦး ဟောကြားတော် မူရန်လည်း ကြွရောက်ရခြင်း ဖြစ်ပေသည်။
တပည့်ဟောင်း ငါးဦးသည် မြတ်ဗုဒ္ဓကို ခရီးဦးကြိုဆိုမှု မပြုစတမ်းဟု အချင်းချင်း
ကတိက၀တ် ပြုထားကြသော်လည်း မြတ်ဗုဒ္ဓကို ဖူးမြင်ရသော အခါတွင် ထိုကတိက၀တ်
ကိုပင် မေ့လျော့ နေကြကာ မြတ်ဗုဒ္ဓအား ခရီးဦးကြိုဆို ခဲ့ကြလေသည်။
မိုးနှင့်
မြေ ထိနေသည်ဟု မှတ်ထင်ရသော အနောက်မိုးကုပ် စက်ဝိုင်းကြီးတွင် ကမ္ဘာ
လောကကြီးကို ရွှေရည် သွန်းလောင်းနေသော နေမင်းကြီးက ၀င်လုလု။ အရှေ့လောကဓာတ်
ကောင်းကင်ယံ တွင်လည်း ငွေရည်အပြည့် ပက်ဖျန်းနေသော လပြည့်ဝန်း ကလည်း အားအင်
အပြည့်ဖြင့် ပေါ်ထွက်လာလေပြီ။ ရွှေရည် ငွေရည် သွန်းလောင်း ပက်ဖျန်း ထားသော
လောကကြီးအား အေးချမ်းမှု ဓာတ်တို့ဖြင့် ပြည့်နှက် နေစေလေပြီ။
သားသမင်၊
ကျေးငှက် သာရကာတို့သည်လည်း အိပ်တန်းဝင်ချိန် ဖြစ်သည့် အားလျော်စွာ
အော်မြည် တေးသီ တွန်ကြူးနေကြသော ပတ်ဝန်းကျင် သဘာဝ ရှုခင်းသည်လည်း ညနေ
ဆည်းဆာချိန် နောက်ခံ တေးဂီတအလား ကြည်နူးဖွယ် ကောင်းလှပါဘိ။ ရွှေရည်
ငွေရည်တို့၏ စွမ်းအားဓာတ်ကြောင့် ဖူးပွင့်လာကြကုန်သော ပန်းပေါင်းစုံသည်
ရနံ့မွှေးကြိုင်စွာ တောအုပ် ၀န်းကျင် တစ်ခုလုံးကို သင်းပျံ့ ထုံမွှမ်း
စေခဲ့လေပြီ။
ထိုအခါ
သမယတွင် မြတ်ဗုဒ္ဓသည် ပဉ္စ၀ဂ္ဂီ ငါးဦးအား “ ဒွေ မေ ဘိက္ခဝေ အန္တာ နသေ၀ိတဗ္ဗာ”
အစချီ၍ ဓမ္မစကြာ တရားတော်ကို စတင် ဟောတော်မူခဲ့ လေသည်။ ထိုတရားတော် သည်
မြတ်ဗုဒ္ဓ၏ တရားဦး ဓမ္မစက်ပင် ဖြစ်တော့သည်။
တရားဦး ဓမ္မစက်၏ အနှစ်သာရသည် -
(၁) ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
(၂) လိုက်နာရန် အလယ်လမ်းနှင့်
(၃) ထိုးထွင်းသိမြင်ရန် သစ္စာလေးပါး
တို့ပင်ဖြစ်သည်။
ထိုအနှစ်သာရ သုံးပါးအား အကျဉ်းချုံး၍ ဖော်ပြပေအံ့။
ရတနာသုံးပါး ပြည့်စုံသော ဓမ္မစကြာ အခါတော်နေ့...(၂)... သို့ ဆက်ရန်
http://www.ashinnyanadipa.com/မှတဆင့်ခံစားတင်ပြသည်။
No comments:
Post a Comment