
ကာလ အတော်ကြာ မင်းမူခဲ့သော အနှီ စာတန်းများ ကိုဖတ်ဖူး၊ တွေ့ဖူးကြမည် ထင်ပါသည်။(ယခုလည်းကြိုကြားကြိုကြားတွေ့နေဆဲပါ)
"ဤဆိုင် သည် ဗုဒ္ဓဘုရားရှင်၏
မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့်
ရောက်လာသူအားလုံး အေးချမ်းသာယာကြပါစေ"….
ဟူသော စာတန်း။ မည်သူက ထွင်၍ ထုတ်ဝေဖြန့်ချိလိုက်မှန်းမသိသော ဤစာတန်း သည် စေတီ ပုထိုး များ အနီးတစ်ဝိုက် ရှိဈေးဆိုင်များမှသည် လမ်းဘေးကွမ်းယာဆိုင် အထိ တိုင်အောင် နေရာယူခဲ့ဖူးပါသည်။
တစ်ခါတစ်ရံတွေ့ရသည် က "ဤဆိုင်သည်" ဆိုသောစာတန်းနှင့် ရောင်းသည့် ကုန်ပစ္စည်းဈေးဆိုင်က"ယမကာ၊ဘီယာ အရောင်းဆိုင်(စားသောက်ဆိုင်)"များလည်း ဖြစ်နေတတ်သည်ကိုတွေ့ရပါ၏။
ဂါရ၀တရားလည်း မပြ၊ သဟဇာတ လည်းမဖြစ်။
တစ်ချို့ စာတန်းတွေမှာဆိုလျှင် "ဤဆိုင်သည်" ဆိုသည့်နေရာတွင် "ဤအိမ်သည်"တို့၊ "ဤ ကား သည်"တို့၊စိတ်ကူးပေါက်ရာ ထည့်ရေးတတ်ပါသေးသည်ပေါ့။
ထိုစာတန်းကိုများကို မြင်တွေ့ဖတ်ရှုလိုက်မိ ပါက "အော် ထိုသူတို့၏နေရာများ ထဲတွင်တော့ အေးချမ်းသာယာနေပေပြီ။ငါ့ နေရာတွေ အတွက်လည်း အမြန်ပြေးဝယ်၍ကပ်မှ"ဟု ကြံစည်ရမည်လား။
"ဤစာတန်း ကပ်ထားသော ကြောင့်ပင် သူ့အိမ်သည် အေးချမ်းသာယာပြီး သုခဘုံဖြစ်နေပြီ" ..ဟု ထင်မှတ်လိုက်ရတော့မည် လား။
သေချာသည်ကတော့ ဆိုင်တိုင်း၊အိမ်တိုင်း၊နေရာတိုင်း များ၌ မစိစစ်ပဲ လိုက်ကပ်နေပါက ကပ်သူတို့ အေးချမ်းသာယာ သည်ထက် ထို စာတန်းရောင်းစားသူတို့ သာလျှင် ချမ်းသာသွားမည်ကတော့ သေချာပါ၏။
"ဗုဒ္ဓ၏မေတ္တာရိပ်"ဟု ရေးသားထားခြင်းကြောင့် "ဗုဒ္ဓမေတ္တာရိပ်"ကို စိစစ်ကြည့်စေလိုပါသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင် သည် မဟာကရုဏာရှင်၊ အနှိုင်းမဲ့ မေတ္တာရှင် ဖြစ်ပါ၏။ မည်သူတစ်ဦးတစ်ယောက်အပေါ်မှဘက်လိုက်သော၊တစ်ဖက်စွန်းရောက်သော၊မျက်နှာလိုက်သော၊ မညီညာသော၊စေတနာ မေတ္တာ ကိုမပြုတတ်ပါ။သတ္တ၀ါဝေနေယျအားလုံးအား ရန်သူ မိတ်ဆွေ မခွဲခြားဘဲ ကရုဏာတော်၊မေတ္တာတော် အပြည့်ဖြင့် အညီအမျှ ထားခဲ့သည် မှာသေချာလွန်းလှပါ၏။
ကိလေသာ တို့ကို အမြစ်ပါ မကျန် အပြီးတိုင် ပယ်သတ်ခဲ့ပြီးဖြစ်၍ ဗုဒ္ဓမြတ်စွာဘုရားရှင် သည် ညီမျှသော မေတ္တာ ကို ထားနိုင်စွမ်းရှိပါသည်။၃၁-ဘုံ ဘယ်ဘုံမှ ချန်မထား။ငရဲဘုံသည် ဆိုးဝါးသည် ဟုလည်း ချန်မထား။
မြတ်ဗုဒ္ဓ၏ မေတ္တာတရားဖြန်ကျက်မှုဟူ သည် စကြ၀ဠာ နေရာလပ်မရှိပေ။
ထိုကဲ့သို့ မေတ္တာရိပ်မျိုးကို "ဤဆိုင်၊ဤအိမ်၊ဤကား"ဟူ၍ တစ်သီးပုဂ္ဂလ စင်ပြိုင်ထောင်၍မရပါပေ။ယိုးမယ်ဖွဲ့ပြော၍မရပါပေ။
ထပ်မံပြောလိုသည်မှာ ဗုဒ္ဓ၏မေတ္တာရိပ် ကျရောက်နေရုံမျှဖြင့်လည်း အေးချမ်းသွားမည်မဟုတ်ပါ။စင်စစ် ကာယကံရှင်၏ ကာယ၊၀စီ၊မန နှင့် သီလ၊သသမာဓိ၊ပညာ တို့၏စွမ်းဆောင်ချက်များသာလျှင် အဓိက ဖြစ်ပါ၏။
ကျွန်တော်၏ အနုမာနနည်းဖြင့် ထောက်ဆ တွေးကြည့်လျှင်မူ-
ဗုဒ္ဓမြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူလာ၍ မေတ္တာရိပ်များလွှမ်းခြုံလာကာ အပါယ်လေးဘုံသည် အေးငြိမ်းသုခ ရသွားသည်ဟု ထုံးစံမရှိခဲ့ပါ။
ဗုဒ္ဓ၏မေတ္တာရိပ် ကို ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်ကပင် မေတ္တာလွှမ်းခြုံ ခံရသော ဆွေတော်မျိုးတော်များပင်လျှင် မြေမျိုခံရသူများရှိပါသည်။ ဆိုလိုသည်က သူတို့၏ကုသိုလ်၊အကုသိုလ် များကသာလျှင် ဦးဆောင်သွားခြင်းဖြစ်ပါသည်။
ဆိုပါစို့ရဲ့။ ပဋာစာရီ သည် အ၀တ်မကပ်ဘဲ ပရိဒေ၀မီးလောင်၍ ဘုရားရှင်ရှေ့မှောက်ရောက်ခဲ့ပါ၏။ ဘုရားရှင်က "ငါ၏မေတ္တာရိပ်ကြောင့် အပူမီးများ ငြိမ်းစေ၊ ပျောက်စေသော်ဝ်"ဟု "ပျောက်စေဆရာ"လို မလုပ်ခဲ့ပါ။
ပဋာစာရီ ၏ ပါရမီ ဉာဏ် အနုအရင့် ကိုကြည့်ကာ သူ၏စရိုက် နှင့်လည်း ကိုက်ညီမည့် ကမ္မဋ္ဌာန်း ကို ဟောပြောညွှန်ကြားပြသ၍ ခန္ဓာကို ဉာဏ်မျက်စိဖြင့်ကြည့်စေကာ အေးငြိမ်းချမ်းသာခြင်းအစစ် အမှန်ကို ရောက်စေခြင်း(နိဗ္ဗာန် ကို မျက်မှောက်ပြုရန်ညွှန်ပြခြင်း)သာ အေးချမ်းခြင်းအမှန် ဖြစ်ပါသည်။
ထို့ကြောင့် ဖော်ပြပါ စာတန်းမျိုးသည် အားကိုးလောက်သော စွမ်းဆောင်မှုမျိုး မပေးနိုင်ပါ။
ငယ်စဉ်က ဖတ်ခဲ့ဖူး၊နှစ်သက်ဖူးရလေသော ကာတွန်းလေးတစ်ပုဒ်ကိုသတိရမိပါသေးသည်။ကာတွန်းဇာတ်လိုက် အမည် က "မောင်ရိုး"ဟူ၏။
မောင်ရိုး က ရပ်ကွက်ကလေး တစ်ခုအတွင်းရှိ ဈေးထဲတွင် "ငါး"ရောင်းပါသည်။တစ်နေ့သား မောင်ရိုး က ဆိုင်းဘုတ်ကလေးတစ်ခုကောက်ရေး၍ တင်ပါသည်။
ဆိုင်းဘုတ်တွင် ရေးထားသည်က - "ဤ နေရာတွင် လတ်ဆတ်သော ငါး ရောင်းရန်ရှိသည်"ဟူ၏။
တစ်ယောက်သော မိတ်ဆွေက ရောက်လာပြီးမေး၏။
"မင်း ဒီနေရာ နေ့တိုင်းရောင်းနေတာပဲ မင်းဆိုင်းဘုတ်မှာ (ဤ နေရာတွင်) ဆိုတာ မထည့်ပါနဲ့ဟ မလိုပါဘူး"ဟုဆိုပါ၏။
ဆိုင်းဘုတ်မှစာလုံးအပိုဖြစ်နေသည်ဟုထင်ရသော "ဤနေရာတွင်" ကို ဖြတ်ချ လိုက်ပြီး -
"လတ်ဆတ်သော ငါး ရောင်းရန် ရှိသည် " ပြန်ပြင် ရေးလိုက်ပါ၏။
နောက်တစ်ဦးက လာပြန်ပါရော-
"မောင်ရိုး မင်းရောင်းတဲ့ ငါး တွေက အပုပ် တွေမဟုတ်ပါဘူးဟ လတ်ဆတ်မှန်းသိပြီးသားပါ "ဟု ဆိုလာပြန်သောအခါ
ပြင်လိုက်ရပြန်ပါသည်။ "ငါး ရောင်းရန် ရှိသည်" ပေါ့။
လာပြန်ပေါ့ နောက်တစ်ဦး။"မင်း ငါး ကလွဲ လို့ ဘာများရောင်းနေလို့လဲ အပို စာလုံးငါး ဆိုတာကြီး ဖြုတ်ကွာ"ဆိုလာပြန်သဖြင့် ဆိုင်းဘုတ် တွင် "ရောင်းရန်ရှိသည်" သာ ကျန်တော့၏။
ဤတစ်ကြိမ်တွင်မတော့ ဈေးတစ်ဈေးလုံးက ၀ိုင်းပြောလာကြပါ၏။
"မောင်ရိုး ဒီဈေးမှာ ဈေးလာခင်းကြတာ က လှူဖို့မှ မဟုတ်တာ ၊ ရောင်းဖို့ပဲလေ။အလကားပေးကြတာမှ မရှိတာ၊ ရောင်းရန်ရှိသည် ဆိုတဲ့ မလိုတဲ့ စာလုံး ကို ဖြုတ်လိုက်"ဟု ရယ်မောပြောဆိုကြ၏။
ဤသို့ဖြင့် ဘာဆိုင်းဘုတ်မှ မရှိတော့သော ငါးပုံကြီး ရှေ့တွင် မောင်ရိုး ငါးများဆက်လက် ရောင်းချနေမြဲဖြစ်ပါ၏။
အမှန်ဆိုရသော်-မောင်ရိုး ငါး ရောင်းကောင်းခြင်း သည်-
သည်းခံ၍ဆက်ဆံရေး ပြေပြစ်ပြီးလတ်ဆတ်သောငါးများကိုသာ ရောင်းချပေးသည့် စေတနာ တည်းဟူသော "ကံ"။
လူစည်ကားသော သင့်လျော်သည့် နေရာအရပ်ကို ရွေးချယ် နိုင်စွမ်းသည့် "ဉာဏ်"။
ရောင်းဝယ်ရေးအတွက် ကြိုးစားလုပ်ဆောင်နိုင်သည့် "၀ီရိယ"။
လိုရင်းဆိုရသော်-ကံ၊ဉာဏ်၊၀ီရိယ အကျိုးသာဖြစ်ပေ၏။
ဆိုင်းဘုတ်စာတန်းကြောင့် မဟုတ်ပါပေ။ မည်သူမျှ ဆိုင်းဘုတ်ကိုအသိအမှတ်မပြုကြပါ။
အားလုံး အသိအမှတ်ပြုသည် က မောင်ရိုး ၏ အလုပ် ကိုသာလျှင်ဖြစ်ပါ၏။
ထို့ကြောင့်(ဤဆိုင်သည်၊ဤအိမ်သည်)ဗုဒ္ဓဘုရား၏မေတ္တာရိပ်အောက် ကျရောက်ဖြင်း-မကျရောက်ဖြင်း နှင့်မဆိုင်၊ မိမိ ၏ ကံ၊ဉာဏ်၊၀ီရိယ တို့ဖြင့် တည်ဆောက်ယူရသော သီလ၊သမာဓိ၊ပညာ ကိုသာ အားကိုးကျင့်ကြံပြီး အေးချမ်းရာအစစ် ကို ဆောင်သင့်ပါပေ၏။
အားကိုးရာ သည် ကံ၊ဉာဏ်၊၀ီရိယ။
အေးချမ်းရာ သည် သီလ၊သမာဓိ၊ပညာ။
ရေးသားပြီးစီး။ ။ ၁၃၇၅ခုနှစ်၊၊၀ါဆိုလဆန်း(၁၁)ရက်၊(၁၈-၇-၂၀၁၃)ရက်နေ့၊ကြာသပတေးနေ့- (နေ့လည်-၁း ၂၁)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
(ည.ည.တ)
nyinyitindrums@gmail.com
(09-445108754)
http://www.facebook.com/konyinyi.tinမှတဆင့်တင်ပြသည်။
No comments:
Post a Comment