ဒီကိစ္စနဲ့စပ်လို့ စာပေကျမ်းဂန်က ဘယ်လိုများ ဆိုပါသလဲ ဆရာတော်။
ဆရာ။
။ အင်း...ဗုဒ္ဓဘာသာရဲ့ကုသိုလ်ခန်းမှာ ဒီရေစက်ခွက်ကြီးကလည်း တမှောင့်ပဲ၊
စာပေကျမ်းဂန်က ရေစက်ချမှ ဒါနကိစ္စပြီးမြောက်တယ်ရယ်လို့တော့ မဆိုဘူး၊ “သိဝံ
ပတ္ထေ တွာန ဒါနံ ဒါတဗ္ဗံ” နိဗ္ဗာန်ကိုတောင့်တ ဘဝဒုက္ခမှလွတ်မှုကို ဆန္ဒပြုလျက်သာ
ပေးလှူကြရမည်လို့ပဲ ပါတယ်၊ အဲဒါဟာ ပဓာန အလေးပြုရမည့် လုပ်ငန်းရပ်ပဲ
ဖြစ်တယ်၊ ဥဇုပ္ပဋိပန္န လုပ်ငန်းပဲ၊ နိဗ္ဗာန်ကိုသာ ဖြောင့်တန်းစွာ
အာရုံပြုပြီးတော့ ပေးလှူကြပေါ့၊ ဒါထက် ရှည်ပြီး မပြောချင်တော့ဘူး။
ဒကာ။ ။ ခုကာလ ရေစက်ခွက်ကိုင်ကာ ရေစက်ချ အမျှပေးဝေနေတာတွေကို
ဆရာတော် ဘယ်လို ဆိုချင်ပါသလဲဘုရား၊ အားပေးသင့်သလား၊ တားမြစ်သင့်သလား၊
ပြတ်သားစွာမိန့်ကြားပါ ဆရာတော်၊ ဒါကိုတော့ မပြောချင်လို့ မဖြစ်ဘူး၊
ပြောရမှာပဲ။
ဆရာ။ ။ အင်း...ပေးလှူခိုက်ခဏမှာ အလှူရှင် လုပ်စရာသိထားစရာက
(ဘဝရဲ့ သာယာမှု တဏှာကို ချွတ်၊ ဝဋ်ဒုက္ခကင်းရာ မဂ်ဖိုလ်နိဗ္ဗာန်ကိုသာ
အာရုံပြုဆန္ဒထား၊ ဝဋ်ပြတ် ပေးလှူသွား) ဒါပဲရှိတယ်၊ အဲဒါကိုပဲ သိသိနေဖို့သာ
အားပေးရမှာ။ ရေစက်ခွက်ကြီးကိုင်ပြီး ရေတစက် တစက် ကျတာကိုသာ ကြည့်ကာ
ရေကိုသိနေရမည့် အခါမျိုးမဟုတ်ဘူး၊ ရေကိုကြည့်နေရင် ရေကိုသိတဲ့ စိတ်တွေသာ
ဖြစ်နေမှာပေါ့၊ အဲဒီလို ရေတစက် တစက်ကျအောင် လုံ့လပြုလုပ် အားထုတ်ရတဲ့ စိတ်
စေတသိက်တွေနဲ့ ရေကိုပဲ သိနေတဲ့ စိတ်စေတသိက်တွေက ပေးလှူတဲ့
စေတနာလည်းမဟုတ်ဘူး၊ ဝဋ်ဒုက္ခကိုသိနေတဲ့ စိတ်လည်းမဟုတ်ဘူး၊ ဘဝဆင်းရဲကင်းရာ
နိဗ္ဗာန်ကို အာရုံပြုတောင့်တတာလည်းမဟုတ်ဘူး၊ ဘုန်းတော်ကြီးဆိုသမျှတွေ
နားထောင်ပြီး သူ့ရဲ့လုံ့လဗျာပါရ စိတ်ဇောတွေက ရေမကုန်အောင် နည်းနည်းနည်းနည်း
တစက်တစက်ချပေးနေတာသာ ဖြစ်တာမို့ ကိုယ့်ဟာကိုယ်သာ ဉာဏ်နဲ့
ဝေဖန်ကြည့်ကြပေတော့လေ။ ဒီကိစ္စက ရှေးယခင်အစဉ်အလာကြီးဖြစ်နေတော့ကာ
မြန်မာစကားမှာ “အမှားကြာတော့ အမှန်ထင်ကြတာပဲ” အပြင်ရခက်တယ်၊ ကဲတော်လောက်ပြီ
ထင်တယ်၊ ဘာပြောချင်သေးသလဲ။
အလှူရှင်တို့ စိတ်ထားရမည့် နည်းနယများ
ဒကာ။ ။ ဒီလိုဆိုရင် ဒါနကုသိုလ်ရှင်ရဲ့
မိမိစွန့်လွှတ်ပေးလှူလိုက်ရတဲ့ ဒါန စာဂ တို့ပေါ်မှာ ဘယ်လို မျှော်ခေါ်
ဆင်ခြင်ပွားများ သိထားရမည့် စိတ်ထားပုံ နည်းနယများကို ပါဠိတွေမပါတဲ့
မြန်မာစကားနဲ့ပဲ တပည့်တော်တို့ မျှော်ခေါ်ဆင်ခြင်တတ်အောင် တိုတိုကျဉ်းကျဉ်း
တိတိကျကျကလေးတွေ နည်းနည်းလောက် ချီးမြှောက်ပေးပါဦး ဆရာတော်။
ဆရာ။ ။ အင်း...ဒီကလည်း ရှည်ရှည်ဝေးဝေး ကျယ်ကျယ်ပြန့်ပြန့်
ကွေ့ဝေ့သွယ်ဝိုက်ကာ အချိန်ဖြုန်းတီးတဲ့ ဘုန်းကြီးမျိုး မဟုတ်ပါဘူးလေ၊
ကဲ...နားထောင် မှတ်သားကြပေတော့၊ မြန်မာစကားနဲ့ပဲ ညွှန်ကြားသင့်သလောက်
ညွှန်ကြားပေးမယ်၊ ပညာရှိများအတွက် သက်သက်လို့မှတ်ပါ။
၁။ ဒါနကုသိုလ်ရှင်ဟာ ဤလိုသိမြင်ကာ ဆင်ခြင်လှူရမည်၊ ငါသည် ယနေ့ယခု
ဤမည်ဤမည်သော အလှူခံအား ဤသို့ဤသို့သော အလှူဝတ္ထု ကုသိုလ်စုကို
ကောင်းမွန်ရိုသေစွာနဲ့ စွန့်လွှတ်လှူဒါန်းလိုက်ရပြီ၊
ကျွေးမွေးပေးကမ်းလိုက်ရပြီ။
၂။ ယင်းအလုပ်မျိုးကား အရိယာသူမြတ်တို့ အလေ့အကျင့် လုပ်ငန်းဖြစ်၏၊
ငါသည် အရိယာသူမြတ်တို့၏ ထုံးနည်းပြုဟန်ကို စံယူ၍ ပြုခဲ့၏၊ ပစ္စည်းအပေါ်၌
တပ်မက်တွယ်တာခြင်းကင်း၏၊ ယင်းပစ္စည်းကို မစွန့်လွှတ်နိုင်ခြင်း
လောဘတဏှာအပိတ်အဆီးကို ကောင်းစွာ အောင်နိုင်ခဲ့ပြီ။
၃။ ယင်းလုပ်ခအတွက် လောက ရသင့် ဆုစည်းစိမ်ကို မတောင့်တ...
အရင်းအမြစ်ပြတ် စွန့်လိုက်၏၊ ဘဝချမ်းသာဆိုတာကို ဘယ်သောအခါမှ မလိုလားချေ။
၎။ ငါသည် ဘုရားတရားသံဃာ ရတနာသုံးပါးတို့၏ ဂုဏ်တော်၌ မတုန်မလှုပ်
ယုံကြည်၍ အရိယာတို့ နှစ်သက်မြတ်နိုးသော ငါးပါးသီလ၌ တည်လျက် စွန့်လွှတ်ခြင်း
လက္ခဏာကို အပြည့်အစုံ ပွားများကာ ပေးလှူ၏။ လှူဖွယ်ဝတ္ထုကိုခံယူရရှိသူမှာ
နှစ်ခြိုက် ဝမ်းသာသလို ပေးလှူရတဲ့ ငါ့စိတ်နှလုံး ရွှင်ပြုံးကြည်သာနေ၏။
၅။ ဤသို့ ပေးလှူလိုက်ရခြင်းသည် ပေးသူ ယူသူ နှစ်ဦးအတွက်
ကျေးဇူးများလှ၏။ တဦးအပေါ်တဦး မေတ္တာတုန့်လှယ်ရေးကို ပြီးစေ၏။ ငါ၏ပစ္စည်းသည်
သူနှင့်မိတ်ဆက်ပေးနိုင်ခြင်းဖြင့် ငါ့အား ကျေးဇူးပြုသလို ငါ့အပေါ်၌
စီးပိုးနှိပ်စက်နေသော ဒေါသ လောဘ ဝန်ထုပ်ကြီးကို ပယ်ချပေးနိုင်၏။ ဤသို့သော
သဘောတရားသည် ငါ့အားအရတော်လေစွ။
၆။ ယင်းသို့သော ငါ၏ဒါနမှုသည် တဦးနဲ့တဦး မိတ်ဆက်ပေး၏၊ သူအာလုံးတို့
ညီညွတ်မှုကိုဆောင်ရွက်ပေး၏၊ တဦးအပေါ်၌ တဦးက မလိုမုန်းထား
ငြူစူစောင်းမြောင်းမှုများကို ကင်းဝေးစေလို၏၊ ယင်းကြောင့်ပင် ငါ၏ပေးလှူမှုသည်
အတိုင်းမသိ တန်ဖိုးရှိ၏၊ လူ နတ် ဗြဟ္မာ စည်းစိမ်တွေ ကုဋေများစွာ ထိုက်တန်၏။
၇။ ယင်းသို့ထိုက်တန်သော်လည်း လောကအကျိုး သံသရာအကျိုး ကို
ငါမရည်မှန်း မတမ်းတ၊ သန့်စင်သောကြောင့် ငါ၏ ဒါနသည် အရိယာမဂ်အားလုံးနှင့်သာ
ထိုက်၏၊ ကမ္ဘာလောကကြီးသည် ဆင်းရဲအတိသာ ဖြစ်၏၊ ထိုထိုဆင်းရဲမျိုးစုံတို့ကား
ခုံမင်တပ်မက်ခြင်းတဏှာလောဘကိုသာ မှီ၍ဖြစ်၏။ ယင်းလောဘရမ္မက် ငမ်းငမ်းတက်ကို
ငါသည် တတ်စွမ်းသမျှ ပယ်ချခဲ့ပြီ၊ ရှောင်ခဲ့ စွန့်ခဲ့ပြီ။
၈။ ထို့ကြောင့် ငါ၏ဒါနသည် မှန်ကန်စွာ ရှုမြင်မှုဟူသော
သမ္မာဒိဋ္ဌိမဂ်နှင့် ပြည့်စုံ၏၊ မှန်ကန်စွာ ကြံစည်ခြင်းဟူသော
သမ္မာသင်္ကပ္ပမဂ်နဲ့လည်းပြည့်စုံ၏။
၉။ ဝစီကံဒုစရိုက်မှုစောင့်ထိန်းခြင်း-သမ္မာဝါစာမဂ္ဂင်၊ ကာယကံ
ဒုစရိုက်မှု စောင့်ထိန်းခြင်း- သမ္မာကမ္မန္တမဂ္ဂင်၊ အသက်မွေးဝမ်းကျောင်း
မပျက်စီးရအောင် စောင့်ထိန်းခြင်း သမ္မာအာဇီဝမဂ္ဂင်၊ ဤအာဇီဝဋ္ဌမက
သီလမဂ္ဂင်သုံးပါးနဲ့လည်းပြည့်စုံ၏။
၁၀။ ယင်းမဂ္ဂင်ငါးပါးတို့၏ အမာခံ အခြေတည်ဖြစ်သော လုံ့လစိုက်မှု
ကြိုးစားခြင်း သမ္မာဝါယာမမဂ္ဂင်နဲ့လည်း ပြည့်စုံ၏၊
မမေ့မလျော့အောက်မေ့ခြင်းနှင့် ယင်းအာရုံထဲ၌ စိတ်ကို
စိမ်စိုက်တပ်စွဲထားခြင်း သမ္မာသတိမဂ္ဂင်,
သမ္မာသမာဓိမဂ္ဂင်တို့နဲ့လည်းပြည့်စုံ၏။
၁၁။ ဤသို့လျှင် ငါ၏စွန့်ကြဲပေးကမ်းလှူဒါန်းမှုဒါန၊
ဆောက်တည်ကျင့်သုံးထားသော အရိယကန္တသီလတို့သည် သစ္စာလေးပါးကို
အပြည့်အစုံအထောက်အပံ့ ပေးနိုင်သော ကုသိုလ်အစုတို့သာ ဖြစ်ပေသည် ဟူ၍သာ
မိမိပြုရတဲ့ ဒါနတရားကို ဆင်ခြင်ပွားများ နှလုံးထားအောက်မေ့ရ၏တဲ့။
၁၂။ အဲဒါတွေဟာ ရေစက်ခွက် ကိုင်ချင်ကိုင် မကိုင်ချင်နေ ဒါနသမားများ
မုချ လိုက်နာ ခံယူ ကျင့်ကြံပွားများ သိရှိထားကြရမည့် ဘုရားညွှန်ကြားတဲ့
စကားတွေပဲ။
ကဲ...ခုပြဆိုပြီးသားတွေဟာ မိမိတို့ပြုရတဲ့ ဒါန စာဂတို့အပေါ်မှာ
ဆင်ခြင်ပွားများ နှလုံးသွင်းထားရမည့် ပါဠိမပါတဲ့ မြန်မာစကား သက်သက်
တိုတိုကျဉ်းကျဉ်း တိတိကျကျ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းကြီးနဲ့
ချီးမြှောက် ပေးလိုက်တာပါပဲ၊ နားဝင်သဘောကျရဲ့လား၊ ကျေးဇူးမတင်ချင်နေ၊
နားဝင်ဆင်ခြင်တတ်ရင် တော်ပြီ၊ ရေစက် မချကောင်းဘူးလို့ ပြောတာမဟုတ်ဘူးနော်။
ဒကာ။ ။ ဒါလောက် ရှင်းလင်းပြတ်သားတဲ့ စကားကိုမှ နားမဝင်
သဘောမကျရင်လည်း တပည့်တော်တို့ဟာ ညံ့ဖျင်းထုံထိုင်း
နောက်ပိုင်းရောက်သွားမှာပေါ့ ဆရာတော်၊ တပည့်တော်တို့က ရှေ့တန်းက
သွားမည့်သူတွေပါ၊ များစွာမှ နားလည် သဘောပေါက်ပါတယ်၊ ကျေးဇူးတင်လို့
မဆုံးပါဘူးဆရာတော်။
http://www.thamameggin.blogspot.com/ မှတဆင့်ခံစားတင်ပြသည်။
No comments:
Post a Comment