
ထို သံဃာတော် က အထက်တွင်ဆိုခဲ့သလို ကလေးငယ်များကို မုန့်ပေးသည့်အခါတိုင်း"ရှိခိုး…၊ရှိခိုး..။"ဟုအမြဲသင်၍ခိုင်းပါသည်။ ကလေးငယ်များကလည်း ရှိခိုးပါ၏။
ပေး တိုင်းခိုင်း ။ ခိုင်းတိုင်း ရှိခိုး။ ရှိခိုးတိုင်း ပေး အတော့်ကိုအဆင်ပြေလှပါသည်ပေါ့။
တစ်နေ့သား တောင်တန်းသာသာနာပြု သံဃာတော်၏ကျောင်းတွင် ဆွမ်းဟင်းမရှိ။(တောင်တန်းဒေသ သာသနာပြုများသည် ဆင်းရဲပင်ပန်းလွန်းလှသည်)။ ထို့ကြောင့် ကလေး တစ်ဦးကို ဆွမ်းဟင်းကိစ္စ စီမံရန် "ချက်စရာ ဘာရှိလဲ"ဟု မေးလိုက်လေရာ ကလေးငယ် က အိမ်ပြန်၍ "ဘူးသီး"တစ်လုံး ယူလာပါလေ၏။
ထိုကလေးငယ် က ယူဆောင်လာသော ဘူးသီး ကို သံဃာတော်ကို လက်က ပေးလည်းပေး ၊ နှုတ်ကလည်း ဤသို့ ပြောလည်းပြောပါ၏။
"ရှိခိုး…၊ ရှိခိုး…"ဟူသတတ်။
ကလေး ငယ်က တောင်ပေါ်ဒေသ က တိုင်းရင်းသားလေးလည်းဖြစ်၊အသိဉာဏ်မကြွယ်သေးလည်းဖြစ်ပေရာကလေးစိတ်ထဲတွင် ကိုယ်ကပေးရင် ရှိခိုး ခိုင်းရတယ် ထင်နေတာပဲဖြစ်မည်။
ထားပါတော့ ။ ဒါက တောင်ပေါ်ဒေသ သာသနာပြုနေရာမို့ပေါ့။
အခု ဖြစ်နေတာ က သာသနာထွန်းကားလှပါသည် ဆိုသော မြေပြန့်ဒေသ မှာပါ။ဖြစ်ပုံ က ဒီလိုပါ။
သံဃာတော်တစ်ပါး က ရပ်ကွက်တစ်ခုအတွင်းသို့ ဆွမ်းခံ ကြွလာ၏။ထိုအခါ ဆော့နေသော ကလေး ငယ်တစ်ဦးက သူ့အမေ ကိုလှမ်းအော်လိုက်ပါ၏။
"အမေ ရေ ၊ ဘုန်းကြီး လာ နေတယ်"
ရဟန်းသံဃာနှင့်ပတ်သက်၍ပြောရမည့်အသုံးအနှုန်းကို ကလေး က နားမလည်ရှာဘူး ထင်ပါသည်။သူ့အမေ က အိမ်ခြံဝင်းအတွင်းထဲမှ ပြန်အော်၍ သူ့သားကို ခိုင်းလိုက်ပါ၏။
"ဒါဆို နင့်ပိုက်ဆံ တစ်ရာ ပေး လိုက်"ဟူ၏။
ကလေး က လည်း ဆွမ်းခံကြွနေသော သံဃာဆီသို့ ပြေးလာပြီးနောက်"ရော့…"ဟုပါးစပ်ကပြော၍ သပိတ်ပေါ်သို့ ၀တ္ထုငွေ တင်သွားလိုက်ခြင်းဖြင့် ဆွမ်းလောင်းခြင်းကိစ္စ ပြီးမြောက်သွားလေ၏။
မြင်တွေ့ရသည်မြင်ကွင်း က တော့ အံ့သြလွန်းလို့သေတော့မယ် ဟုသာဆိုလိုက်ချင်ပါသည်။
ကျွန်တော် မုံရွာမြို့ သွားစဉ်အခါ က မိတ်ဆွေများ က "ဖိုလ်ဝင်တောင်"သို့ ခဏ ၀င်မည်ဆိုလာသဖြင့် ပါသွားပါလေ၏။ဖိုလ်ဝင်တောင် သို့တောင်မရောက်သေးပါ။ရာသီဥတု က ပူလွန်းလှသဖြင့် မခံနိုင်လွန်းသဖြင့် လမ်းကြီးဘေး ရှိ အအေးဆိုင်တစ်ဆိုင်ဝင်၍ အပူငြိမ်းအောင်ကြံဖန်ကြိုးစားရန် စဉ်းစားကြပါသည်။
ထို အအေးဆိုင်ရှေ့တွင် ကြိုတင်ရောက်ရှိနေပြီးဖြစ်သော ဘတ်(စ်)ကား ကြီးတစ်စင်း ရပ်ထား၏။သာသနာ့ အလံတော်ကိုလည်း ကား၏၀ဲယာ နှစ်ဖက်တွင် လွှင့်ထူထားပါသည်။ ကားရှေ့တွင်မူ"သာသနာပြု ခရီးစဉ်"ဟူ၍ရေးထားပါသည်။
ကားနံဘေးဘက်တွင်မူ ဗွီနိုင်းဖြင့်ရိုက်၍ကပ်ထားသော စာတန်းတစ်ခု မြင်၍ဖတ်လိုက်မိပါသည်။"တောင်ပြုံးပွဲတော်သို့"ဆိုပါကလားဗျာရယ်။
"တောင်ပြုံးပွဲတော် နှင့် သာသနာ့အလံတော် ဘာဆိုင်လို့လဲ " ဟူ၍ စဉ်းစားရနေမိပါ၏။အံသြလွန်းလို့ သေတော့မယ် ဟုသာရေးရတော့ပါမည်။
နတ်မောက်မြို့နယ် အတွင်းရှိ ကျေးလက်ဒေသ သို့ ကျွန်တော် ရောက်ရှိနေခိုက်ဖြစ်ပါသည်။ရွာလေးက အညာဒေသဖြစ်လေရာ ကြည့်လေရာနေရာတိုင်းတွင် ထန်းပင်တွေအစီအရီနှင့် ကြည့်လို့ အင်မတန်လှပါ၏။
နံနက်ခင်း အချိန် ရွာအနီးတ၀ိုက်သို့ ဟို၊ဒီ လှည့်လည်ကြည့်ရှုနေချိန်တွင် အခြားရွာမှ အလှူခံအဖွဲ့ ရောက်လာ၍ ရွာလမ်းမကြီးတစ်လျှောက် အလှူခံပါ၏။ ကားရှေ့ခန်းတွင်လည်း ဂေါပကလူကြီးဟုယူဆ ရသူတစ်ဦး က အမြိန့်သားထိုင်လာ၏။
ဘုန်းကြီးကျောင်းဆောက်လုပ်ရန်အလှူခံခြင်းဟု ဆိုပါသည်။ သို့သော် နောက် ကအသံချဲ့စက်က ဖွင့်ထားသည့် သီချင်းက "ကိုကြီးကျော်××ကိုကြီးကျော်×× တို့ ကိုကြီးကျော်"…ဟူသော သီချင်းကို အကျယ်ကြီးဖွင့်လာပါ၏။
ထိုအခါ ကျွန်တော့် လို အမျိုးကောင်းသား က ဤသို့တွေးမိပြန်ပါ၏။
"ဘုန်းကြီးကျောင်းအတွက် အလှူခံခြင်း နှင့် နတ်သီချင်း ဘာဆိုင်လို့လဲ" ဟူ၍။
တစ်ခါ က ဘုန်းတော်ကြီးတစ်ကျောင်းသို့ လှူဖွယ်ပစ္စည်းတစ်ခုဖြင့်သွားရောက်ခဲ့ပါသည်။ ဆရာတော်အားဝတ်ပြုပြီး ကျောင်းပေါ်ရှိ ဘုရားအဆူဆူသို့ လှည့်လည်ဖူးမျှော် ကြည်ညိုပါ၏။
ဆရာတော်သီတင်းသုံးရာ ညာဘက်ထောင့် တစ်နေရာတွင် သူရဿတီရုပ်နှင့် ကန်တော့ပွဲတစ်ပွဲကို တွေ့ရပါ၏။
ကျွန်တော့်မှာ ထုံစံအတိုင်း"ဘုန်းကြီးကျောင်းနှင့် သူရဿတီ ကန်တော့ပွဲ ဘာဆိုင်လို့လဲ" ဟု လုပ်ရပြန်ပါ၏။
စဉ်းစားရ ခက် ခက်ချေတော့နော့။
တကယ်တမ်းပြောရပါလျှင် ထိုကဲ့သို့ ခုတ်ရာတစ်ခြား၊ရှရာတစ်လွဲဖြစ်နေခြင်းများဟူသည် ကိုယ်ခံဓမ္မစွမ်းအား နည်းပါးကြ၍ဖြစ်ပါ၏။
ယနေ့ခေတ်သည် တိုးတက်နေသောခေတ် ဖြစ်ပါ၏။ထေရ၀ါဒစစ်စစ် ဗုဒ္ဓစာပေ၊တရားခွေများ ပေါပါသည်။ခူးပြီး ခပ်ပြီးသား အဆင်သင့် သုံးဆောင်ရုံပါ။
သို့ဖြစ်၍တရားများများနာကြားပါ။သိသူ၊တတ်သူ ထံ မေးမြန်းပါ။ ဓမ္မစာပေများ ဖတ်ပါပေါ့။
စာဖတ်သည်ဆိုပေမင့် နတ်၊ဓာတ်၊ဗေဒင်၊အကြားအမြင်၊ယတြာ စသော အနိဋ္ဌာရုံ စာပေမျိုးကိုရှောင်ပါ။ ဘယ်ဂါထာ ကိုဘယ်နှစ်ခေါက်ရွတ်၊အခေါက်ရေ ဘယ်လောက်ရအောင် ပုတီးစိတ် ဟူသော စာပေမျိုးမဟုတ်ဘဲထေရ၀ါဒစစ်စစ်ဗုဒ္ဓတရားတော်များကို အဆီအနှစ်ထုတ်၍စုစည်းသည့် စာပေမျိုးပါ။
တကယ်တမ်းပြောရလျှင်မူ လူသာမန် စကားဆယ်ခွန်းပြောသည်ထက် ရဟန်းတစ်ပါး၏ အဆုံးအမတစ်လုံးတစ်ပါဒ က အဆရာထောင် ထိရောက်လှပါသည်။
သို့ပါ၍ "မင်းကွန်းတိပိဋက ဆရာတော်ကြီး"က -
"လယ်တီ ဆရာတော်ဘုရားကြီး၏စာပေများ စာလုံးတစ်လုံးချင်း၊တစ်လုံးချင်း စီသည် ရွှေမန်ကျည်းတောင့်ကြီး တစ်တောင့်စီ တစ်တောင့်စီမျှ တန်ဖိုးရှိလှပါသည်"ဟု ချီးကျူးတော် မူခဲ့ပါသည်။
ယနေ့ခေတ် ဆရာတော်၊သံဃာတော်များ၏ ဆုံးမသြ၀ါဒများသည်လည်း ပစ္စည်းလေးပါးဒကာ ဒကာမများအတွက် ရွှေမန်ကျည်းတောင့်လေးများ ဖြစ်စေချင်လှပါကြောင်း တင်ပြလိုက်ပါ၏။
ရေးသားပြီးစီး။ ။ ၁၃၇၅ခုနှစ်၊၊၀ါဆိုလပြည့်နေ့၊(၂၂-၇-၂၀၁၃)ရက်နေ့၊တနင်္လာနေ့- (နေ့လည်-၁း ၅၃)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
(ည.ည.တ)
nyinyitindrums@gmail.com
(09-445108754)
http://www.facebook.com/konyinyi.tin
No comments:
Post a Comment