Wednesday, July 24, 2013

မီး ကြောင့် သင် အလောင်မခံရပါစေနှင့်"


"ရန်သူငါးပါး"ထဲတွင်" မီး" လည်းပါ၏။ "မီး" လောင်သဖြင့် ဒုက္ခရောက်ကြရသည်ကို တွေ့မြင်ကြားသိမိကြလေသောအခါ
"မီး" သည် "ရန်သူ" ဟုမှတ်ထားလိုက်ပါတော့၏။ ခက်သည်က လောကကြီးတွင် "မီး" မပါရင်လည်း အလုပ်ကမဖြစ်ချေ။


"မီး" သည် လူတိုင်းနှင့်မကင်းနိုင်သဖြင့် နေ့တိုင်း သုံးနေရသော်လည်း "မီး" တွင် အသိတရားမရှိပါ။

ဆိုပါစို့ရဲ့။ "ဒါက လူတွေ မလောင်စေချင်တဲ့ ပစ္စည်းပဲ ကျော်သွားလိုက်ပါ့မယ်လေ။ဒါကတော့ လူတွေလောင်စေချင်တယ် ထင်ပါရဲ့ ဒါကိုပဲ ကွက်ပြီးလောင်ပါ့မယ်"ဟု ဘယ် "မီး" မှ အလိုက်တသိ မလောင်တတ်၊ မသိတတ်ပေ။ နော့ပေတဲ့ လူ ကတော့ သိတတ်သည်ပေါ့။သိတတ်သည့် လူ က သတိထားဆင်ခြင်သုံးစွဲရုံပေါ့။ လူ ဖြစ်စေချင်တာကို လူပဲ လုပ်ရုံပေါ့။

လူသားတိုင်းအတွက် "မရှိ မဖြစ် မီး" ဖြစ်နေသဖြင့် "မီးလောင်တတ်သည်။မည်သူမျှ မီး မသုံးရ"ဟု အမိန့်ထုတ်၍မဖြစ်ချေ။ "လူတိုင်းမီး သုံးပါ၊သို့သော် လောင်တတ်သည်။ ထို့ကြောင့် မီးသတိပြု"ဟူ၍သာ သတိပေးလို့ဖြစ်ပါလိမ့်မည်။


လူများနေထိုင်သည့် နေအိမ်၊တိုက်တာ၊အဆောက်အဦး၊အသုံးအဆောင်များအားလုံးသည် လောင်စာ နှင့်တည်ဆောက်ထားသည်ဖြစ်သဖြင့် အချိန်မရွေး မီး လောင်နိုင်ပါ၏။ ထို့ကြောင့်လည်း မီးသတိပြု ဟု အမြဲတမ်း တင်းတင်းကျပ်ကျပ်သတိပေးနေရသည်ပေါ့။

မီး မလောင်ခင်တွင်လည်း ကြိုတင် ကာကွယ်မှုအတွက် (လောင်လာလျှင်ငြိမ်းဖို့)မီးချိတ်၊ မီးကပ်၊ရေ၊သဲ စသည် အသင့်လုပ်ထားရ၏။တကယ်၍များ မီးလောင်လာလျှင်ဖြင့် ရေ နှင့်ပက်လို့ရသည် ကိုပက်၊ သဲ နှင့်ပက်လို့ရသည်ကို ပက်၊မီးချိတ်၊မီးကပ် နှင့် ဆွဲချိတ် ယူလို့ရသလောက် ဆွဲယူပေါ့။ ဆွဲလို့ရသည့်ပစ္စည်း ပဲ မိမိပြန်လည်ရရှိပါတော့မည်၊ကျန်တာတော့ မီးထဲ အကုန်ပါ သွားတော့မည်ပေါ့။

(ရှေ့လျှောက်ဆက်ရေးနေလျှင် "မီးသတ်တပ်ဖွဲ့ဂုဏ်ပြု ဆောင်းပါး" နှင့်မှားတော့မည်ထင်ပါ၏။ လိုရင်းသာ ရေးပါရစေတော့။)

ပြောလိုသည်က-
ကျွန်တော် တို့၏ "ရုပ်၊နာမ်" နှစ်ဖြာသည်လည်း "ဒုက္ခသစ္စာ" မီးလောင်စာများ နှင့်ဖွဲ့စည်း တည်ဆောက် ထားသည်ဖြစ်သဖြင့်အချိန်မရွေး "မီး" ထ လောင်နိုင်ပါသည်။အချိန် မရွေးလဲ လောင်နေပါသည်။ ထို့ကြောင့် "မီးသတိပြု" ဟု အမြဲ သတိပေးနေရသည်။

"တရားအားထုတ်သည်"။ "တရား အလုပ်လုပ်သည်"။"ကောင်းမှုပြုသည်" ဆိုသည်တွေက တကယ်တမ်းပြောရလျှင် မီးဟုန်းဟုန်းတောက်နေသော "ခန္ဓာ"ထဲမှ အဖိုးတန် "သီလ၊သမာဓိ၊၀ိပဿနာ" စွမ်းအားများ ကို "သတိဉာဏ်မီးချိတ်"နှင့် ဆွဲထုတ်ယူနေကြခြင်းဖြစ်ပါ၏။"မြန်မြန် ဆွဲကြဟေ့၊ မီး လောင်လို့ ကုန်တော့မယ်"ဟူ၍သတိပေးရင်း အမြန်ဆွဲထုတ်နေရပါသည်။နှေးနေ၍မဖြစ်တော့ပါ။

"ဗုဒ္ဓမြတ်စွာဘုရားရှင်" ၏တစ်ဘ၀တာ (၄၅)၀ါ၏ နောက်ဆုံးနေ့၊နောက်ဆုံးအချိန်တွင် ဝေနေယျသတ္တ၀ါတို့အား မိန့်မှာတော်မူခဲ့သည့်"၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္မာဒေထ"ဟူသော စကားတော်သည် "သစ္စာလေးပါး"ကိုပြသည့် တရားအားလုံး အကျဉ်းချုံးထားသကဲ့သို့ ဟုပင် ယူဆရပါမည်။

"၀ယဓမ္မာ သင်္ခါရာ"သည်"ဒုက္ခ" ကိုပြသည်ပေါ့။"သင်္ခါရ ဒုက္ခ"ကို ပြောလျှင် ဒုက္ခ အားလုံးအကျုံးဝင်သည်။"ဒုက္ခ" ဆိုသည်က လည်း မိုးကျရွှေကိုယ် မဟုတ်ချေ။ အတိတ်ဘ၀ တဏှာကြောင့် ဒုက္ခ ဖြစ်ပေါ်ရသည် ဖြစ်သဖြင့်"ဒုက္ခ"ကို ပြောလျှင်"သမုဒယ"ပါ ပါရပါမည်။ထိုသို့ဆိုလျှင်"၀ယဓမ္မာသင်္ခါရာ"ဟူသော စကားတော် သည် "ဒုက္ခ,သမုဒယ"သစ္စာ(၂)ပါး ကိုပြသည် ဟု ဆိုနိုင်ပါ၏။

"အပ္ပမာဒေန သမ္ပာဒေထ"ဟူသည်က သာသနာ့ကျင့်စဉ် အနှစ်ချုပ်"မဂ္ဂ"ကို ပြသည် ဆိုရမည်ပေါ့။လမ်းကြောင်းမှန် လျှင် ဦးတည်ချက် ပန်းတိုင် ဧကန် ရောက်ရမည်ဖြစ်သဖြင့်ထို စကားတော် တွင် "နိရောဓ"လည်းပါဝင်ပါပြီပေါ့

ထို့ကြောင့် ပင်"၀ယဓမ္မာသင်္ခါရာ" ဟူသည်က "ဒုက္ခ နှင့် သမုဒယ" ။ "အပ္ပမာဒေန သမ္ပာဒေထ"ဟူသည်က "မဂ္ဂ နှင့် နိရောဓ"။

စကားတော် နှစ်ရပ်ကိုပေါင်းသော် သစ္စာ (၄)ပါး ရရှိသည်ဟုဆိုရပါမည်။

ဤသို့ဆိုလျှင်"၀ယဓမ္မာသင်္ခါရာ"ဟူသည့်အဓိပ္ပါယ် က "မီး" ။
"အပ္ပမာဒေန သမ္ပာဒေထ" က "သတိပြု"ပေါ့။

ဤသို့ဆိုလျှင်"၀ယဓမ္မာသင်္ခါရာ"ဟူသည့်အဓိပ္ပါယ် က "အရှိ"ကို ပြသည်ပေါ့ ။ "အပ္ပမာဒေန သမ္ပာဒေထ" က "အသိ"ကိုပြသည်ပေါ့။

"အရှိ" ကို "အသိ" နှင့် အနိုင်ယူခြင်းသည် လူ၏အဓိကစွမ်းအားဟုဆိုချင်ပါ၏။


(၁) မီး လောင်နေတာ ဘယ်မှာလဲ?
------------------------------------

ရုပ်၊နာမ်(၂)ဖြာ ဒုက္ခသစ္စာ "ခန္ဓာငါးပါးရပ်ကွက်" ထဲတွင် မီးတစ်ဟုန်းဟုန်းတောက်လောင်နေပါသည်။"ဖြစ်ပျက် သင်္ခါရမီး"၊"အိုနာသေ မီး"၊"လောဘ၊ဒေါသ မောဟ ကိလေသာမီး"၊စသော အပူမီးများ တစ်မီးပြီးတစ်မီး အဆက်မပြတ်တောက်လောင်နေကြပါ၏။"ရပ် ကြည့်လေ မီးရှိန်ပြင်းလေ။သတိ လွတ်လေ အပူရှိန်တိုးလေ"ဟုသာ ဆိုလိုက်ပါ၏။

(၂) မီး လောင်တာ ဘယ်သူ ပေါ့ဆ လို့လဲ?
--------------------------------------------

"မီးလောင်ရခြင်း"၏ အဓိက တရားခံမှာ "သမုဒယသစ္စာ" ဖြစ်ပါ၏။အ၀ိဇ္ဇာ ဦးစီးသော "တဏှာ" သည် ဒုက္ခသစ္စာ "လောင်စာ" ကို ကိုင်တွယ်အသုံးပြုရာတွင် ပေါ့ဆ လွန်းပါသည်။ပေါ့ဆလွန်းသဖြင့် မီး တွေငြိမ်းမရအောင် လောင်နေပါသည်။"သတိပညာ" ဉာဏ်မပါလေ အ၀ိဇ္ဇာ "တဏှာ" က နေရာယူလေဖြစ်ပါ၏။

ဒီကြားထဲ ဘ၀ ကိုတောင့်တပြီး ကုသိုလ် လုပ်နေကြပြန်ရာ "ကိုယ့်မီး နှင့်ကိုယ်ရှို့ဖို့ လောင်စာ ထပ်၍ထပ်၍ ထည့်နေသည်"ဟုပင် ဆိုလိုက်ချင်ပါသည်။

(၃) ဒီ မီး ဘယ်တော့ ငြိမ်း မှာလဲ?
------------------------------------

ခန္ဓာလောင်စာ ချုပ်ငြိမ်းရာဖြစ်သည့် "နိရောဓ သစ္စာ (နိဗ္ဗာန်)" ရောက်မှသာလျှင် ဤမီးများအားလုံး ငြိမ်းပါမည်။"ခံစားသည့်ချမ်းသာ"နှင့်"လွတ်မြောက်သည့် ချမ်းသာ"ဟူ၍ ချမ်းသာခြင်း နှစ်မျိုးရှိပါသည်။

အ၀ိဇ္ဇာ တဏှာ ဟူသည်က ခံစားသည့်ချမ်းသာ ကို တောင့်တ ၏။ခံစားရန် လောင်စာရှာရသဖြင့် မီး နှင့် လောင်စာ ထိပ်တိုက်တွေ့ ကာ လောင်ရပါသည်။

သတိပညာ ဟူသည်က လွတ်မြောက်သည့် ချမ်းသာ ကိုမြတ်နိုးပါသည်။လွတ်မြောက်ရန် လောင်စာ နှင့်ကင်းလွတ်အောင်ကြိုးစား၍နေေ နသည်။နိဗ္ဗာန် မရောက်ခင်လည်း အပူကင်းဝေးစွာ နေနိုင်ရန်ကြိုးစားရမည်။

ချမ်းသာ နှစ်ခု ယှဉ်ပြိုင်လာပြီ ဆိုလျှင် "လွတ်မြောက်သည့်ချမ်းသာ"ဟူသည်က အနိုင်ရစမြဲ ဖြစ်ပါ၏။ဥပမာဆိုပါစို့ရဲ့။ရောဂါ ဝေဒနာ ပြင်းထန်စွာ နှိပ်စက်မှုကို ခံစားရသည့်လူမမာ တစ်ဦးသည် ခံစား ဖို့ ထက် ရောဂါ မှ လွတ်မြောက်ဖို့က ပို၍အရေးကြီးလာပါပြီ မဟုတ်ပါလော။

ရောဂါ သာ သက်သာမည် ဆိုလျှင်ဖြင့် အပြင်မှ ပစ္စည်းဥစ္စာသာလျှင် မက ခြေ၊လက် အင်္ဂါအစိတ်အပိုင်းများ စွန့်လွှတ်ရပါစေ ကျေနပ်သည် မဟုတ်ပါလော။

ဒုက္ခမီး လောင်နေမှန်းသိသူ မှာလည်း ခံစား ရဖိုထက် ဒုက္ခမီးမှ လွတ်ငြိမ်းဖို့သာ အဓိက ဟု ပြောလိုရင်းပါ။နိဗ္ဗာန် ဆိုသည်က ခံစားရသည့် ချမ်းသာ မဟုတ်ပဲ လွတ်မြောက်သည့် ချမ်းသာ ဖြစ်ပါ၏။ထို့ကြောင့် နိဗ္ဗာန် ရောက်မှ မီးများငြိမ်းမည် ဟု ဆိုလိုက်ခြင်းဖြစ်ပါ၏။

(၄) မီး ငြိမ်းသတ်ပေးတာ ဘယ်သူလဲ?
--------------------------------------

"မဂ္ဂသစ္စာ" က ဤမီးများကို ငြိမ်းအောင် သတ်ပေးနေပါ၏။မဂ္ဂသစ္စာ အစစ် ဆိုသည်ကလည်း အရိယာဖြစ်မှ ရရမည့်ကိစ္စပါပေ။ပုထုဇဉ် မှာ မဖြစ်နိုင်ပါ။ ပုထုဇဉ် တွင်မူ လောကုတ္တရာမဂ္ဂသစ္စာ ၏ အောကာင်းဖြစ်သည့် လောကီ မဂ္ဂသစ္စာ လောက်ကတော့ ဖြစ်နိုင်ပါသေးသည်။

မဟာကုသိုလ် တွင်ရှိသည့် သီလ၊သမာဓိ၊ပညာ စသော မဂ္ဂင်(၈)ပါး။ထပ်၍ချုံ့လိုက်လျှင် သိက္ခာ(၃)ပါး။ ထပ်၍ ချုံ့လိုက်လျှင်"အပ္ပမာဒ သတိ" ဟူသည်အထဲ အားလုံးပါဝင်သွားပါပြီ။


ထို့ကြောင့် "မီးသတ်သမား"သည် "သတိ" သာလျှင် ဖြစ်ပါ၏။ "သတိ"ရှိလျှင် "ဉာဏ်"လည်း ပေါ်လာပါသည်။ဤသည်များမှာ ဒုက္ခလွတ်ကြောင်းတရားများဖြစ်သဖြင့် မီးငြိမ်းသတ်ပေးနေပါသည်။မလောင်ရန်လည်းကာကွယ်ပေးနေပါသည်။ လောင်လာပြန်လျှင်လည်းငြိမ်းပေးပါသည်။

ကိုယ့်ကိုယ်ကိုယ် ကျွေးလျှင်လည်း သတိဉာဏ် နှင့် မီးငြိမ်းရင်း ကျွေးရပါမည်။ မိသားစု ကျွေးလျှင်လည်း သတိဉာဏ်ဖြင့် မီးငြိမ်းရင်းကျွေးရပါမည်။မည်သည့် ကိစ္စကိုပဲ လုပ်နေသည်ဖြစ်ပါစေ သတိရှေ့ထားသော ဉာဏ် တရားများဖြင့်သာ မီးဘေးကာကွယ်ရင်း ၊ မီး ငြိမ်းသတ်ရင်း ပြုလုပ်ကြရပါမည်။

အရှိ ကို တကယ် သိ မှသာလျှင် ဉာဏ် ပညာ အစစ်ဖြစ်ပါ၏။လူ့ အလုပ်အားလုံး သတိ ဦးဆောင်သော သိက္ခာ(၃)ပါး လမ်းကြောင်းပေါ်ရောက်နေပြီ ဆိုပါလျှင် မီးလွတ်ပါပြီ။ အပူငြိမ်း ပါပြီ။ အမှားနည်းပါပြီ။လမ်းဖြောင့်ပါပြီ။

ဒုက္ခဖြစ်ပေါ်နေသော ခန္ဓာ အပေါ် သတိဉာဏ် လွှမ်းမိုးထားနိုင်လျှင် ဒုက္ခထုပ် သည် အဖိုးတန်ပါ၏။သစ္စာ ကို ကျင့်သိနည်းဖြင့်သိလျှင် မီးငြိမ်း ဖို့သေချာပါပြီ ဟု တိုက်တွန်းလိုက်ရပါ၏။

မီး ကြောင့် သင် အလောင် မခံရပါစေနှင့်။


ရေးသားပြီးစီး။ ။ ၁၃၇၅ခုနှစ်၊၊၀ါဆိုလဆုတ်(၁)ရက်၊(၂၃-၇-၂၀၁၃)ရက်နေ့၊အင်္ဂါနေ့- (နေ့လည်-၁း ၂၃)

ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
(ည.ည.တ)
nyinyitindrums@gmail.com
(09-445108754)
http://www.facebook.com/konyinyi.tin မှတဆင့်တင်ပြသည်။

1 comment:

  1. very nice blog.
    please come and see to my blog www.thanzhtet.blogspot.com

    ReplyDelete