Thursday, October 9, 2014

ဟောသူ နာသူ သဏ္ဌန်တူ ဉာဏ်ဝယ် အလင်းပွင့် ပြီမှတ်..။



ဟောသူ နာသူ သဏ္ဌန်တူ ဉာဏ်ဝယ် အလင်းပွင့် ပြီမှတ်..။
ဗုဒ္ဓမြတ်စွာ ဘုရားသည် သတ္တ၀ါတို့၏ အနုအရင့်ကိုလိုက်၍ ပညတ်အားဖြင့်လည်း “ သမ္မုတိ ဒေသနာ ”ကိုဟောတော်မူ၏၊ ပရမတ်အားဖြင့်လည်း
“ ပရမတ္ထ ဒေသနာ ”ကိုဟောတော်မူရသည်။ ဤသို့လျှင် ဒေသနာနှစ်မျိုးဖြင့် ဟောတော်မူအပ်သည်။
ထိုမှတဖန် ဒေသနာတော် သုံးမျိုးကိုလည်းဟောတော်မူ၏ အဘယ်ဒေသနာများမူကာ...?

(၁) အဿာဒ ဒေသနာ ။
(၂) အာဒီန၀ ဒေသနာ ။
(၃) နိသရဏ ဒေသနာဟူ၍ဖြစ်၏ ။
(၁) အဿာဒ ဒေသနာဆိုသည်မှာ-
လောကီဖက်၌ ခင်ဖွယ်၊ မင်ဖွယ်၊ သာယာနှစ်သက်ဖွယ်၊ ချမ်းသာ သုခကို ဟောတော်မူသော ဒေသနာ..။
(၂) အာဒီန၀ ဒေသနာဆိုသည်မှာ-
လောကီဖက်၌ ထိတ်ဖွယ်၊ လန့်ဖွယ်၊ ကြောက်မက်ဖွယ်၊ ဒုက္ခ၊ ဘေးဘယ အပြစ်တွေကို ဟောတော်မူသောဒေသနာ...။(အရှင်သောမ၏ တရားများ)
(၃) နိဿရဏ ဒေသနာဆိုသည်မှာ-
လောကီဖက်မှ ထွက်မြောက်ရာနှင်တကွ လွတ်မြောက်ကြောင်း နည်းလမ်းကို ဟောတော်မူသော ဒေသနာတို့ဖြစ်သည် ။
ထိုမှတဖန်အသေးစိတ်သော်...? ဒေသနာတော် (၆)မျိုးကို လည်း သိစေအပ်၏..။
(၁) ဒါနကထာ (၂)သီလကထာ (၃) သဂ္ဂကထာ (၄) ကာမနံအာဒီန၀ ကထာ (၅) နေက္ခမ္မေအာနိသံသ ကထာ (၆) မဂ္ဂကထာ ဟူ၍ဒေသနာတော်
ခြောက်မျိုး ရှိ၏ ။
(၁) ဒါနကထာဆိုသည်မှာ ရွှံ့ညွန်ရည်အပုပ်အိုင် တို့၌ စားခွက်သောက်ခွက် ဆေးရေကို ပိုးမွှားတို့ စားသောက်ပါစေဟု နှလုံးထား၍ စွန့်ပက်
လွှင့်ပစ်သော်လည်း ဒါကုသိုလ်ဖြစ်သည်၊ ဤသို့အယုတ်ဆုံး ဒါနမှသည်၊ အလတ်ဒါန၊ အမြတ်ဒါနအားလျော်စွာ ဒါနကုသိုလ်ဖြစ်ကြောင်းကို ဟောတော်မူသော
ဒေသနာ ကိုဆိုလိုသည် ။
(၂) သီလကထာဆိုသည်မှာ ဓိဋ္ဌာန်၍ဖြစ်စေ၊ ခံယူဆောက်တည်၍ဖြစ်စေ၊ အဓိဋ္ဌာန်ခြင်းမပြုဘဲ တွေ့ကြုံမှသော်လည်းဖြစ်စေ၊ မကောင်းသောကိုယ်အမှု
နှုတ်အမှုတို့မှ ရှောင်ကြဉ်လျှင် သီလကုသိုလ်ဖြစ်ကြောင်းကို ဟောတော်မူသောဒေသနာကိုဆိုလိုသည် ။
(၃) သဂ္ဂကထာဆိုသည်မှာ ဒါန၊ သီလ၊ တို့၏အကျိုး၊ လူ့စည်းစိမ်၊ နတ်စည်းစိမ်တို့၏ ကောင်းမြတ်ချမ်းသာကြောင်း ခံစားဖွယ်၊ စံစားဖွယ်၊ ကြီးကျယ်ကြောင်း
ကိုဟောတော်မူသော ဒေသနာကို ဆိုလိုသည် ။
(၄) ကာမာနံအာဒီန၀ကထာ ဆိုသည်မှာ လူ့စည်းစိမ်၊ နတ်စည်းစိမ်ဟူသော ကာမဂုဏ်တို့၏ များပြား ကြီးကျယ် ထိတ်ဖွယ်၊ လန့်ဖွယ်၊ ကြောက်ဖွယ်၊ အပြစ်
ဒုက္ခ ဘေးဘယတွေကို ဟောတော်မူသောဒေသနာကို ဆိုလိုသည် ။
(၅) နေက္ခမ္မေအာနိသံသကထာဆိုသည်မှာ ကိလေသာအာရုံကာမဂိုဏ်ကို လူးလဲငြိတွယ်ခြင်းမရှိ ကျွတ်ကျွတ် လွတ်လွတ် စွန်ခွာနိင်လျှင် လူချမ်းသာမမှီ၊
နတ်ချမ်းသာ၊ မမှီ ပူပင်မှုငြိမ်းအေးသော ချမ်းသာသုခကို ရရှိနိင်ကြောင်း ဟောတော်မူသောဒေသနာကိုဆိုသည် ။
(၆) မဂ္ဂကထာဆိုသည်မှာ အိုနာသေရေး ဘေးအမျိုးမျိုး ၊ ပူပင်ဆင်ရဲအမျိုးမျိုး၊ အပါယ်သို့ကျရောက်သော ဘေးအမျိုးမျိုးတို့၏ ပိုင်နက်လောကီဖက်မှ
လွတ်မြောက်၍
အေးငြိမ်းချမ်းသာခြင်းသို့ ရောက်ကြောင်းနည်းလမ်းကို ဟောကြားတော်မူသော ဒေသနာဟူ၍ ဒေသနာခြောက်မျိုး ကိုသိထားအပ်ပေသည်၊
ထိုမှတဖန် တရားတော်ကို နာကြားသူ တို့ဖက်မှလည်း ပါရမီ၊ဉာဏ် အနုအရင်အလိုက် အမျိုးမျိုး ကွဲပြားခြားနားကြသည် ထိုအမျိုးအစားတို့ကို တင်ပြရလျှင်
(၁) ဥဂ္ဃာဋိတညူ ပုဂ္ဂိုလ်
တရားတော်၏တလုံး တပါဒ တဂါထာကို ကြားနာရခါမျှနှင့် အကျယ်ကို ထိုးထွင်းသိမြင်ကာ တမဂ် တဖိုလ် ဆိုက်သည့်ပုဂ္ဂိုလ်..။
(အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလန် တို့ကဲ့သို့)
(၂) ၀ိပဉ္စိ တညူ ပုဂ္ဂိုလ်
တရားတော်ကို မကျဉ်းမကျယ် ကြားနာရလျှင် တရားဦးခေါင်းဆုံး ရောက်အောင်သိမြင်၍ မဂ်၊ ဖိုလ်။ဆိုက်သည့်ပုဂ္ဂိုလ်..။
(သန္တတိအမတ်၊ ပဋာစာရီ၊ ၀ိသာခါ၊ အနာထပိဏ် တို့ကဲ့သို့)
(၃) နေယျ ပုဂ္ဂိုလ်
တရားတော်ကို အကျယ်ဝေဖန်၍ အနုသာသနီနည်းဖြင့် ဟောကြားပြသသည်ကို ကြားနာမှတ်သားရပါမှ တမဂ်၊ တဖိုလ် ဆိုက်နိင်သည့်ပုဂ္ဂိုလ်...၊
(ယနေ့ခေတ်၊ ကလျာဏသူတော်ကောင်းအများစု )
(၄) ပဒပရမ ပုဂ္ဂိုလ်
တရားတော်ကို အကျဉ်း၊ အကျယ် မည်သို့ပင်ဟောစေကာမူ တရား၏အနှစ်သာရကို မသိ၊မခံစားနိင်ဘဲ အထုံပါရမီ ရှိယုံမျှသာဖြစ်၍ ယခုဘ၀၌ မဂ်၊ ဖိုလ်
ကိုမရနိင်ချေ၊ နောင်ဘ၀ အတွက်မဂ်၊ဖိုလ် ရရန်ပါရမီပါသွားလေသည်၊ (ယခုခေတ်၊ ပုထုဇဉ်၊ ကလျာဏပုထုဇဉ်)
သိုဖြစ်လေရာ တရားဟောဆရာ၏ ဒေသနာတော်ရွေးချယ် ဟောပြောမှုနှင့် တရားနာသူတို့၏ ယခင်ပြုခဲ့သော ပါရမီ ကုသိုလ် တရားတို့
အကြောင်းတိုက်ဆိုင်ပါက လျှင်မြန်စွာ တရားအသိဉာဏ် ပွင့်လင်းလာမည်ကို မေတ္တာဖြင့်တင်ပြလိုက်ရပါသည်၊သို့သော်တခုအားတက်စရာ ရှိသည်မှာ
ယခုခေတ်ကာလသည် ဘုရားပွင်တော်မူစဉ်ကာလဖြစ်သော (၀ိမုတ္တိ ယုဂ) ခေတ်ကာလသို့ တဖန်ပြန်လည် ရောက်ရှိလာပြီ ဖြစ်၍ ပါရမီအနု၊အရင့်
ရှေးဘ၀ ကုသိုလ်၊ ပုဂ္ဂိုလ်အမျိုးအစား၊ တို့ကိုဝေဖန်ဆန်းစစ်မနေဘဲ၊ ကြိုးစားအားထုတ်လိုက်ကြပါဟု သူတော်ကောင်းတို့ကို တိုက်တွန်းလိုက်ရပါသည်။
(ဉာဏစာဂီ မဟာထေရ်၏ ၀ိပဿနာနယ၀ိတ္တာရဒီပနီ၊ မှ တဆင့်တင်ပြသည်)

No comments:

Post a Comment