ရှားရှားပါးပါး သင်္ဘောသားထဲမှ ရဟန္တာဖြစ်သွားသည့်
သင်္ဘောသား ဗာဟိယဒါရုစီယ ၀တ္ထုကိုဖတ်မိပါတယ်။ ဘဒ္ဒကမ္ဘာမှာ ဘုရား၎ဆူ
ပွင့်တော်မူပြီးဖြစ်သည်။ သင်္ဘောသားထဲမှ ရဟန္တာဖြစ်တာ ဂေါတမဘုရားရှင်၏
သာသနာတော်မှာသာ တစ်ယောက်တည်းသာ
ပေါ်ပေါက်ခဲ့ဖူးပါသည်။ သင်္ဘောသားသည် အတိတ်ရော ပစ္စုပ္ပန်ပါ နေထိုင်ကျင့်ကြံမှု့ မသင့်တော်၍ ရဟန္တာဖြစ်ပြီးမှ နွားဝှေ့ခံရကာ နိဗ္ဗာန်စံဝင်သွားသော ၀တ္ထုဖြစ်ပါတယ်။
လွန်ခဲ့သည့်နှစ်ပေါင်း ၂၆၀၀ ခန့်က အိန္ဒိယနိုင်ငံတွင် ကြည်ညိုဖွယ်အဆင်းရှိသူနှင့် ထူးထူးဆန်းဆန်း လုပ်ပြနိုင်သူများကို ပုဂ္ဂိုလ်ထူး ၊ ပုဂ္ဂိုလ်မြတ် ၊ သူတော်စင်များအဖြစ် ကိုးကွယ်ခဲ့ကြပါတယ်။ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသည့်ကာလဖြစ်လို့ ကြည်ညိုဖွယ်အဆင်းရှိသည့် မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်သူတွေ တိုးများလာနေသည့် ကာလတွင်ဖြစ်ပါသည်။
ဒီကာလမှာ သာဝတ္ထိမြို့နှင့် ယူဇနာတစ်ရာ့နှစ်ဆယ်ဝေးသော သုပ္ပာရကမြို့မှာတော့ ပုဂ္ဂိုလ်ထူးတစ်ပါး ပေါ်ပေါက်လာခဲ့ပါတယ်။ ပုဂ္ဂိုလ်ထူးသည် မုတ်ဆိတ်ကျင်စွယ်တွေကို မရိတ်သည့်အပြင် အ၀တ်မပါ ဗလာကိုယ်လုံးတီးဖြင့် အိုးခြမ်းပဲ့တစ်ခုကိုကိုင်ပြီး
မြို့တွင်းလှည့်လည် တောင်းစားနေပါတယ်။ မြို့သူမြို့သားတွေက အကျင့်လွန်နေသော သူတော်စင်တစ်ပါး ဆွမ်းခံနေသည်ဟုထင်ပြီး ဆွမ်းလောင်းလှူကြပါတယ်။ တအံ့တသြနဲ့ ဖူးမြော်ကြပါတယ်။
သုပ္ပာရကမြို့ရှိ ရပ်ကွက်တိုင်းက သက်ကြီးရွယ်အိုတွေ အပျိုလူပျိုတွေ အချင်းချင်းအော်ခေါ်ပြီး သူတော်စင် ဆွမ်းခံကြွသွားရာနောက်မှ ပြေးလိုက်သွားကြပါတယ်။ သူတော်စင်သည် အ၀တ်မပါ ဗလာကိုယ်လုံးတီးဖြင့် ဖြည်းဖြည်းချင်း
ရှေ့တူရှု လေးတောင်ခန့်ကိုကြည့်ပြီး လှမ်းကြွနေပါတယ်။ သူတော်စင်၏ အသက်အရွယ်မှာ သုံးဆယ်မျှသာ ရှိပါသေးတယ်။ အ၀တ်မပါ ဗလာကိုယ်လုံးတီးဖြစ်နေသော်လည်း ရုပ်လက္ခဏာမှာ ယောက်ျားပီသပြီး ကျန်းမာသန်စွမ်းသူဖြစ်သည့်အတွက် အထူးအဆန်း
တိုးဝှေ့ကြည့်သူတွေ ကြိတ်ကြိတ်တိုး စည်ကားနေပါတယ်။
သူတော်စင်ကို အနီးကပ်ဖူးခွင့်ရရန် မျိုးရိုးဇာတိကို သိနိုင်ရန် ၀ိဇ္ဇာနှင့် စရဏကိုနာယူရန်အတွက် သူတော်စင်၏နောက်မှ လိုက်နေကြပါတယ်။ သူတော်စင်သည် မြို့အပြင်မှ ညောင်ပင်အောက်သို့ရောက်သောအခါ အသာအယာထိုင်ချပြီး အိုးခြမ်းကွဲထဲက ဆွမ်းကို ဘုန်းပေးပါတယ်။ ဆွမ်းကိစ္စပြီးသောအခါ တရားအားထုတ်တော့မည့်ဟန် ပြသဖြင့် သိလိုရာကို ၀ိုင်းပြီးမေးကြပါတယ်။
" အမည်နာမ ဘယ်လိုခေါ်ပါသလဲ "
" ဗာဟီယ ဒါရုစီယ ခေါ်ပါတယ် "
" ဘယ်အရပ်မှ လာပါသလဲ "
ဒီမေးခွန်းကို ဘယ်လိုဖြေရင်ကောင်းမလဲဆိုတာ ဗာဟီယဒါရုစီယ စဉ်းစားပါတယ်။ မိမိသည် သူတော်စင်မဟုတ် သင်္ဘောပျက်ပြီး မြစ်ထဲမှရေကူး၍ ကုန်းပေါ်ကိုတက်လာခဲ့သည့် သင်္ဘောသားသာလျှင်ဖြစ်ပါတယ်။ သင်္ဘောပျက်စဉ်က ပင်လယ်ထဲမှာ ကူးခတ်နေစဉ် ငါးမန်း ၊ လိပ်ကျောက်တို့ ၀ိုင်းကိုက်လို့ အ၀တ်အစားများအားလုံး စုတ်ပြဲခဲ့ပါတယ်။ အ၀တ်အစားအားလုံးကို ချွတ်ပေးခဲ့မှ ငါးမန်းလိပ်ကျောက်များက အ၀တ်အစားတွေကို ကိုက်ဖဲ့ပြီး ပင်လယ်ထဲမှာ ကျန်နေခဲ့ပါတယ်။ မိမိကတော့ ပျဉ်ချပ်တစ်ခုကို ဖက်တွယ်ကူးခတ်ပြီး သုပ္ပာရက မြို့ဆိပ်ကမ်းကို ရောက်လာခဲ့တာဖြစ်ကြောင်း လိမ်ရာလည်းမကျအောင် မိမိကိုလည်း အကြည်အညိုမပျက်အောင် အဖြေပေးလိုက်ပါတယ်။
" ရေထဲက လာခဲ့ပါတယ် "
" ဟယ် ....... အံ့ဖွယ်သရဲ ထူးကဲလေစွတကား "
မြစ်ထဲမှ ကမ်းပေါ်ကို တက်လာတာဖြစ်လို့ ရေထဲကလာခဲ့ပါတယ်လို့ ပြောတာကို အံ့ဖွယ်သရဲ ထူးကဲလေစွ ဖြစ်ကုန်ကြပါတယ်။ တန်ခိုးရှင်ဖြစ်လို့ ရေကိုလျှိုးပြီး မိုးပေါ်ကိုပင်ပျံနိုင်မည့် ပုဂ္ဂိုလ်ထူးဖြစ်မည်ဟု ယုံကြည်သွားကြပါတယ်။
" ဘာကိုလိုချင်လို့ ကျင့်နေတာပါလဲ "
" ဘာကိုမျှ မလိုချင်အောင် ကျင့်နေပါတယ် "
" ဟယ် ..... အချင်းတို့ ကြည်ညိုဖွယ်ကောင်းလေစွ ၊ ရှိခိုးဦးချကြလော့ "
မြို့သူဌေးကြီးကစပြီး အားလုံး ရှိခိုးဦးချလိုက်ကြသည်။ လိုချင်တပ်မက်ခြင်းတည်းဟူသော ကာမတဏှာအားလုံးကို စွန့်ပယ်ထားပြီးသူ ဖြစ်သောကြောင့် အ၀တ်အစားကိုပင် မ၀တ်ပဲနေတော့သည့် သူတော်စင်အဖြစ် ကြည်ညိုသွားကြသည်။
ဗာဟီယဒါရုစီယ သင်္ဘောသားလည်း ဘုန်းကြီးသည်ထက်ကြီးပြီး လာဘ်လာဘ ရွှင်နေတော့သည်။ ဆွမ်းခံစားစရာပင် မလိုတော့ဘဲ ပို့ဆွမ်းတောင်စားလို့မကုန် ဖြစ်နေပါတယ်။ ကြည်ညိုလက်စဖြင့် ဆက်လက်ပြီး ကြည်ညိုနေကြစေရန် အ၀တ်မ၀တ်ဘဲ ကိုယ်တုံးလုံးတီးဖြင့် ဆက်နေပါတယ်။
ကသာပ ဘုရားရှင်လက်ထက်တော်အခါက ဗာဟီယနှင့်အတူ သီတင်းသုံးဖော် ရဟန်းတစ်ပါးဖြစ်ခဲ့ဖူးသည့် ပုရာဏသာလောဟီတဗြဟ္မာသည် သူ့မိတ်ဆွေဗာဟီယ အကြံအဖန်ဖြင့် လုပ်စားနေတာကိုသိ၍ ကယ်တင်ချင်သည့်အတွက် ကိုယ်ထင်ပြပြီး......
" ဗာဟီယ သင်သည် သူတော်စင်မဟုတ် ၊ မဂ်ဖိုလ်ဆိုက်ရောက်နိုင်သည့် အကျင့်သီလသိက္ခာ
သင့်မှာမရှိ ၊ သင်သည် ပုထုဇဉ်အကြမ်းစား သင်္ဘောသားမျှသာ ဖြစ်သည်။ သင်ဒီလို ဟန်ဆောင်ပြီး
လုပ်စားနေလျှင် အပယ်ကျတော့မည်။ "
" ဗြဟ္မာမင်း အရဟတ္တမဂ်ကိုရပြီး ရဟန္တာဖြစ်နည်းကို ညွှန်ပြနိုင်သူရှိပါသလား "
" ရှိပါတယ်။ သာဝတ္ထိပြည်မှ ဇေတ၀န်ကျောင်းတွင် သီတင်းသုံးနေတော်မူသော
ဂေါတမမြတ်စွာဘုရားဟာ ရဟန္တာဖြစ်နိုင်တဲ့နည်းကို ညွှန်ပြပေးနိုင်ပါတယ် "
ဗြဟ္မာကြီး၏ စကားကိုကြားသည့်အခါ ဗာဟီယဒါရုစီယသည် ယခုပင်မြတ်စွာဘုရားရှိရာ သာဝတ္ထိပြည်သို့ သွားတော့မည်ဆိုကာ သုပ္ပာရကမြို့မှ ယူဇနာ တစ်ရာ့နှစ်ဆယ်ကွာဝေးသော သာဝတ္ထိမြို့သို့ ပြေးသွားလေတော့သည်။ တစ်ညနှင့် တစ်ရက်ဖြင့် အရောက်ပြေးသွားခဲ့သည်။
သာဝတ္ထိမြို့သို့ရောက်သောအခါ မြတ်စွာဘုရား ဆွမ်းခံထွက်ခိုက်နှင့်ကြုံလေသည်။ မြတ်စွာဘုရားထံ လိုက်သွားပြီးနောက် ရဟန္တာဖြစ်နည်းကို ဟောပါရန်လျောက်သည်။ မြတ်စွာဘုရားမှ အချိန်အခါ မဟုတ်သေးလို့ မိန့်တော်မူပြီး ငြင်းသည်။ သုံးကြိမ်မြောက်တောင်းပန်သောအခါ ဗာဟီယဒါရုစီယ၏ အတိတ်ကိုညဏ်တော်ဖြင့် ဆင်ခြင်တော်မူသည်။
သတ္တက္ခတ္တုံ ပရမတ္တသောတာပန် ဖြစ်သည်။ ခုနှစ်ဘ၀ပြီးလို့ ဒီဘ၀သည်နောက်ဆုံးဘ၀ဖြစ်သည်။ ရဟန္တာဖြစ်ပြီးမကြာမှီ နိဗ္ဗာန်စံဝင်မည့် ပုဂ္ဂိုလ်ဖြစ်နေတာကို သိလိုက်သည်။ ခရီးပန်းလာသူ ဖြစ်သည့်အပြင် ပါရမီရင့်နေသူဖြစ်လို့ လမ်းမှာရပ်လျှက်ပင် တရားတိုတိုဟောသည်။
( တသ္မာတိဟ တေ ဗာဟိယ ဧ၀ံသိက္ခိတဗ္ဗံ ဒိဌေဒိဌ မတ္တံ ဘ၀ိသာတိ။ )
ချစ်သားဗာဟီယ ၊ အကြင်ကြောင့် မြင်အပ်သော ရူပါရုံမျှသာဖြစ်လတ္တံ ၊ ထို့ကြောင့် ဤလောက၌ သင်သည် ဤသို့ကျင့်အပ်၏။
မျက်စိ ၊ နား ၊ နှာ ၊ လျှာ ၊ ကိုယ် ၊ စိတ်တို့ကြောင့် ဖြစ်ပေါ်လာသော အာရုံတို့၏နောက်သို့ မလိုက်မူ၍ မြင်ကာမတ္တ ၊ ကြားကာမတ္တကျင့်ပါဟု ဟောလိုက်တာဖြစ်သည်။ ပါရမီရင့်သန်နေသူဖြစ်၍ ဘုရားရှင်ဟောကြားတော်မူသော တရားတော်၏ အဆုံးမှာ သင်္ဘောသား ဗာဟီယဒါရုစီယသည် အာသဝေါကုန်ခမ်းပြီး ရဟန္တာဖြစ်သွားလေတော့သည်။
ဗာဟီယက သူ့ကိုရဟန်းပြုပေးရန် မြတ်စွာဘုရားကို လျှောက်ထားသည်။ မြတ်စွာဘုရားက သင်္ကန်း ၊ သပိတ် ၊ ပရိက္ခရာရှာချေဦးဟု မိန့်တော်မူပြီး ဆွမ်းခံကြွဆက်ကြွသွားသည်။ ဗာဟီယသည် သင်္ကန်းရှာ၍ မရနိုင်သူဆိုတာကို မြတ်စွာဘုရားမှ သိထားသည်။ ကသာပ ဘုရားရှင်လက်ထက်တွင် ရဟန်းဘ၀ဖြင့် သပိတ် ၊ သင်္ကန်းတွေကို စုဆောင်းထာပြီး ကိုယ်ကျိုးအတွက်သာ သုံးစွဲခဲ့သည်။ ချို့တဲ့နွမ်းပါးသည့် ရဟန်းများကို မစွန့်လှူခဲ့သည့် ၀ဋ်ကြွေးရှိနေသူဖြစ်သည်။ လူဝတ်ဖြင့်ပင် အ၀တ်မပါ ကိုယ်လုံးတီးဗလာဖြင့် နိဗ္ဗာန်စံဝင်ရမည့် ရဟန္တာဖြစ်သည်ဆိုတာကို မြတ်စွာဘုရားမှ သိတော်မူပြီးဖြစ်ပါတယ်။
ဗာဟီယဒါရုစီယသည် သင်္ကန်းရှာရန်အတွက် ကိုယ်လုံးတီးဖြင့် လျောက်သွားနေသည်ကိုကြည့်ပြီး မျက်စိနောက်သည့် ဘီလူးမတစ်ကောင်မှ နွားယောင်ဆောင်ပြီး အတင်းဝင်ဝှေ့လိုက်ရာ နေရာတင်ပွဲချင်းပြီးသေသွားသည်။ တဏှာနှင့် ဥပါဒန်ကို ပယ်ပြီးသူဖြစ်လို့ သံသရာစက်ရဟတ် ဖြတ်ပြီး နိဗ္ဗာန်စံဝင်သွားလေသည်။
သင်္ဘောသားများထဲမှ ရှားရှားပါးပါး တစ်ပါးတည်းသာရှိသော သင်္ဘောသားရဟန္တာမှာ နွားမဝှေ့လို့ သေခဲ့ရပါသည်။
မှတ်ချက် ။ ။ ကိုရင်ကြီး၏ သင်္ဘောသားရဟန္တာ ၀တ္ထုမှ ပြန်လည်ကောက်နှုတ်၍ ရေးသားတင်ပြခြင်းသာဖြစ်ပါသည်
(ဧဒင်ဥယာဉ် မောင်ချမ်းငြိမ်-ရှမ်းတောင်တန်း-ကျေးဇူးပြုသည်)

No comments:
Post a Comment