Saturday, October 11, 2014

၃ - ပူတိမုခပေတ၀တ္ထု

၇။ သင်သည် နတ်၌ဖြစ်သော တင့်တယ်သော အဆင်းကို ဆောင်လျက် ကောင်းကင်ပြင်၌ တည်ဘိ၏၊ အပုပ်နံ့လိုင်သော သင့်ခံတွင်းကို ပိုးတို့စားကုန်၏၊ သင်သည် ရှေးဘ၀က အဘယ်ကံကို ပြုခဲ့သနည်း (ဟု အသျှင်နာရဒက မေး၏)။

၈။ အကျွန်ုပ်သည် ရှေးအခါက ယုတ်မာ၍ အလွန်ကြမ်းထမ်းသော စကားရှိသူ ရဟန်းဖြစ်ခဲ့ပါ၏၊ ခြိုးခြံစွာကျင့်သော သဘောကား ရှိခဲ့ပါ၏၊ နူတ်ဖြင့် မစောင့်စည်းခဲ့ပါ၊ ငါသည် ကိုယ်အကျင့်ကြောင့် နတ်၌ဖြစ်သော ကောင်းမြတ်သော အဆင်းကိုမူ ရခဲ့ပါ၏၊ ကုန်းတိုက်ခြင်းကြောင့် အကျွန်ုပ်ခံတွင်းသည် ပုပ်ရပါ၏။



၉။ အသျှင်နာရ၏ ဤအကျွန်ုပ်၏ ရုပ်အဆင်းကို အရှင်ဘုရားကိုယ်တိုင် မြင်ရပါပြီ၊ သနားစောင့်ရှောက်တတ်ကုန်သော (သူတပါးကအကျိုးကို ကျင့်ခြင်း၌) လိမ္မာကုန်သော ဘုရားစသော သူတော်ကောင်းတို့သည် “ကုန်းတိုက်သော စကားကို မပြောဆိုလင့် မမှန်စကားကို မပြောဆိုလင့်၊ (ဤသို့ စောင့်စည်းသည်ရှိသော်) သင်သည် လိုလား တောင့်တအပ်သော နတ်စည်းစိမ်၌ မွေ့လျော်ရသော နတ်ဖြစ်ရလတ္တံ့” ဟူသော စကားကို ပြောဆိုကုန်၏၊ (ထိုစကားမျိုးကိုသာ အကျွန်ုပ် ပြောဆိုလိုပါသည်ဟု လျှောက်၏)။
သုံးခုမြောက်သော ပူတိမုခပေတ၀တ္ထု ပြီး၏။

No comments:

Post a Comment