မေး။ ။ တပည့်တော်မေးချင်တာက ငါးပါသီလအကြောင်းပါဘုရား။
ဘုရားရှင်လက်ထက်အစောပိုင်းက လေးပါးသီလပဲရှိပြီး အရက်သောက်တာ
တားမြစ်ထားခြင်းမရှိတာကို သိချင်တာပါဘုရား။ ရဟန်းတစ်ပါးဆွမ်းခံကြွရာမှာ
အရက်ကို သပိတ်ထဲ လောင်းလှူခဲ့ရာမှ သောက်သုံးမိပြီး ရဟန်းကဘုရားရှင်ကိုတောင်
ခြေဆင်းအိပ်ခဲ့တယ်လို့ သိရပါတယ်ဘုရား။
အဲဒီအချိန်မှ ဘုရားက တားမြစ်ခဲ့တယ်လို့ သိရပါတယ်။ မြတ်စွာဘုရားရှင် သတ်မှတ်မှ ငရဲဆိုတာ ပေါ်လာတာမဟုတ်ဘူးလို့ တပည့်တော်ယူဆပါတယ်ဘုရား။ မြတ်စွာဘုရားရှင်ဟာ လောကမှာဖြစ်လေ့ဖြစ်ထရှိတာကို ပကတိအရှိအတိုင်းဟောကြားတယ်လို့ ယုံကြည်ပါတယ်ဘုရား။ လေးပါးသီလနဲ့ငါးပါးသီလ ဘယ်ဟာကအမှန်၊ ဘယ်ချိန်မှ ငါးပါးဖြစ်လာသလဲဆိုတာကို သိချင်ပါတယ်ဘုရား။
ဖြေ။ ။ ဒကာပြောတဲ့ အရှင်သာဂတမထေရ်အကြောင်းဟာ ပါစိတ်ပါဠိတော်၊ စာမျက်နှာ(၁၁၄) မှာပါရှိတဲ့ အကြောင်းအရာပါ။ အဲဒီအကြောင်းအရာက ရဟန်းသံဃာများတောင် သီလ၊ သမာဓိ၊ တန်ခိုးများပင်ရှိသော်လည်း သုရာမေရယ-အရက်သေစာ သောက်စားရင် ဘုရား၊ တရား၊ သံဃာကို မသိတော့ဘဲ ပြစ်မှားမိတတ်တာကြောင့် ရဟန်းသံဃာများလည်း အရက်သေစာသောက်စားခြင်း မပြုရန် မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့တာပါ။ လူတွေအတွက် မဟုတ်ပါဘူး။
ငါးပါးသီလနဲ့ပတ်သတ်ပြီး မြတ်ဗုဒ္ဓက မဟာဝဂ္ဂသံယုတ်၊ပုညာဘိသန္ဒ၀ဂ်၊မဟာနာမသုတ် (သံ၊ ၃၊ ၃၄၅) မှာ မဟာနမ်မင်းကြီးက မြတ်ဗုဒ္ဓအား အရှင်ဘုရား အဘယ်မျှဖြင့် ဥပါသကာ ဖြစ်ပါသနည်းလို့မေးရာ မြတ်ဗုဒ္ဓက ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းဖြင့် ဥပါသကာမည်၏လို့ မိန့်တော်မူပါတယ်။ တစ်ခါ မဟာနမ်မင်းကြီးက အဘယ်မျှဖြင့် ဥပါသကာသည် သီလနဲ့ပြည့်စုံပါသနည်းလို့ ဆက်လက်လျှောက်ထားရာ မြတ်ဗုဒ္ဓက ငါးပါးသီလ ရှောင်ကြဉ်သော ဥပါသကာ သီလနဲ့ပြည့်စုံသည်ဟု မိန့်တော်မူခဲ့ပါတယ်။
ငါးပါးသီလနဲ့ပတ်သတ်ပြီး မြတ်ဗုဒ္ဓဒေသနာတော်ထဲမှာ များစွာရှိပါတယ်။ ငါးပါးသီလစောင့်ထိန်းခဲ့တဲ့အတွက် တာဝတိံသာနတ်ပြည်ရောက်ရသူ ဥပါသိကာမတစ်ဦးအကြောင်း (ဝိမာန၊ ဋ္ဌ၊ ၅၂)မှာ တွေ့ရသလို ငါးပါးသီလ စောင့်ထိန်းခဲ့တဲ့ကုသိုလ်ကြောင့် ဂေါတမဘုရားရှင်လက်ထက်တွင် သီလကထာကို ကြားရသည်နဲ့တပြိုင်နက် ရဟန္တာဖြစ်ရသူအကြောင်း (အပါဒါပါဠိတော်၊ ၁၊ ၈၄)တို့မှာ တွေ့ရသလို ငါးပါးသီလကို သာသနာမရှိတဲ့ သာသနာပ ကာလမှာလည်း စောင့်ထိန်းကြပုံတို့ကို (မ၊ ဋ္ဌ၊ ၃၊ ၄၆)နဲ့ ဇာတ်တော်များစွာတို့မှာ တွေ့ရတဲ့အတွက် ငါးပါးသီလဆိုတာ သာသနာရှိနေစဉ်မှာရော မရှိတဲ့အချိန်မှာရော လူများအတွက် မဖြစ်မနေကို စောင့်ထိန်းသင့်တဲ့အရာပါ။
တစ်ခါ ငရဲ၊ နတ်ပြည်၊ နိဗ္ဗာန်ဆိုတာတွေဟာ ဘယ်သူမှ ဖန်ဆင်းလို့ရတဲ့အရာတွေ မဟုတ်ပါဘူး။ သဘာဝအလျောက် ဖြစ်နေတာတွေပါ။ မိဘတွေက ကလေးတွေကို ကားလမ်းပေါ်မသွားနဲ့။ ကားတိုက်လိမ့်မယ်လို့ ပြောတာဟာ မိဘတွေက ကားတိုက်မိအောင် ဖန်းဆင်းထားတာ မဟုတ်ပါဘူး။ ကားသွားတဲ့နေရာမှာ သွားနေရင် ကားတိုက်မိတတ်ဟာ သဘာဝပါ။ အဲဒီလိုပဲ မကောင်းတာလုပ်တဲ့သူဟာ မကောင်းကျိုးခံစားရတာ သဘာဝပါ။ ဒါကြောင့် မြတ်ဗုဒ္ဓက ဘာတွေလုပ်ရင် ဘယ်လိုခံစားရမယ်ဆိုတာတွေကို သူသိမြင်တဲ့အတိုင်း ပြောဆိုညွှန်ပြဆုံးမပေးခဲ့ခြင်း ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ နားလည်လိမ့်မယ်ထင်တာမို့ ဒီလောက်နဲ့ပဲရပ်နားရင်း စာဖတ်သူများ ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်....။
(အရှင်ကောမလ-ဆန်နီနေမင်းဆိုဒ်မှကူးယူတင်ပြသည်)

No comments:
Post a Comment