၃၃၁-၂။
ထိုပြိတ္တာမ၏ ဆံပင်တို့သည် အလွန်ရှည်လျားကုန်၏။ မြေကြီးတိုင်အောင်
တွဲရွဲကျကုန်၏၊ စက်ဆုပ်ရွံရှာဖွယ် အဆင်းသဏ္ဌာန်ရှိ၍ ကြောက်မက်ဖွယ်
အမြင်ရှိသော ထိုပြိတ္တာမသည် ဆံပင်တို့ဖြင့် ကိုယ်ကို ဖုံးလွှမ်းလျက်
ဂင်္ဂါမြစ်ကမ်းနား၌ နေသော နေ့သန့်စင်ရာ အရပ်သို့ ထိုရဟန်းထံသို့
ချဉ်းကပ်ပြီးလျှင် ရဟန်းအား ဤစကားကို လျှောက်၏။
၃၃၃။ အရှင်ဘုရား အကျွန်ုပ်သည် သေလွန်သည်မှ အစပြု၍ ငါးဆယ့်ငါးနှစ်တို့ပတ်လုံး ထမင်းစားရသည်ကို၎င်း၊ သောက်ရေ သောက်ရသည်ကို၎င်း မသိစဘူးပါ၊ အကျွန်ုပ်သည် ရေမွတ်သိပ်လှပါ၏၊ အရှင်ဘုရားသည် အကျွန်ုပ်အား ရေကို ပေးတော်မူပါလော့ (ဟု ပြောဆို လျှောက်ထား၏)။
၃၃၄။ ဤင်္ဂင်္ဂါမြစ်သည် အေးသောရေရှိ၏၊ ဟိမ၀န္တာမှသာလျှင် စီးဆင်း၏၊ ဤဂင်္ဂါမြစ်မှ ယူလျက် သောက်ပါလော့၊ အဘယ့်ကြောင့် ငါအား သောက်ရေကို တောင်းဘိသနည်း (ဟု မထေရ်က ပြော၏)။
၃၃၅။ အရှင်ဘုရား အကျွန်ုပ်သည် ဂင်္ဂါမြစ်၌ ရေကို အကျွန်ုပ်ကိုယ်တိုင် ယူခဲ့ပါမူ ရေသည် အကျွန်ုပ်အတွက် သွေးအဖြစ်ဖြင့် ပြောင်းလဲသွားပါ၏၊ ထို့ကြောင့် သောက်ရေကို တောင်းပါ၏ (ဟု လျှောက်၏)။
၃၃၆။ သင်သည် ကိုယ်ဖြင့်၎င်း၊ စိတ်ဖြင့်၎င်း အဘယ်မကောင်းမူကို ပြုခဲ့သနည်း။ အဘယ်ကံ၏ အကျိုးကြောင့် ဂင်္ဂါမြစ်သည် သင့်အတွက် သွေးဖြစ်ရသနည်း (ဟု မထေရ်က မေး၏)။
၃၃၇။ အရှင်ဘုရား ဥတ္တရမည်သော အကျွန်ုပ်၏ သားသည် ယုံကြည်မူ “သဒ္ဓါ” ရှိသော ဥပါသကာ ဖြစ်ခဲ့ပါ၏၊ ထိုသားသည် အကျွန်ုပ် အလိုမရှိပဲ ရဟန်းတို့အား -
၃၃၈။ သင်္ကန်းကို၎င်း၊ ဆွမ်းကို၎င်း၊ သူနာ၏ အထောက်အပံ့ဆေးကို၎င်း၊ အိပ်ရာနေရာကို၎င်း ပေးလှူပါ၏၊ ထိုပေးလှူသော သားကို အကျွန်ုပ်သည် ၀န်တိုမူ “မစ္ဆရိယ” နှိပ်စက်အပ်သည်ဖြစ်၍ ဆဲရေးရေရွတ် ကြိမ်းမောင်းမိပါ၏။
၃၃၉။ ဥတ္တရ အကြင်သင်သည် ငါအလိုမရှိပဲ သင်္ကန်းကို၎င်း၊ ဆွမ်းကို၎င်း၊ သူနာ၏ အထောက်အပံ့ဆေးကို၎င်း၊ အိပ်ရာနေရာကို၎င်း ရဟန်းတို့အား ပေးလှူဘိ၏။
၃၄၀။ ဤအလှူဝတ္ထုသည် သင့်အတွက် တမလွန်ဘ၀၌ သွေးဖြစ်စေသတည်း (ဟု ဆဲရေး ရေရွတ် ကြိမ်းမောင်းမိပါ၏)၊ ထိုမကောင်းမူကံ၏ အကျိုးကြောင့် ဂင်္ဂါမြစ်ရေသည် အကျွန်ုပ်အတွက် သွေးဖြစ်နေပါတော့၏ (ဟု လျှောက်၏)။

ဆယ်ခုမြောက်သော ဥတ္တရမာတုပေတိ ၀တ္ထုပြီး၏။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment