လူသည် သက်ရှိ သတ္တဝါတို့ အနက် အသိဥာဏ် အဆင့်အတန်း အမြင့် မားဆုံး
ဖြစ်သည်။ မိမိထက် ကိုယ်ခန္ဓာ အဆမတန် ကြီးမားလှသော ဆင်ကိုပင် ခိုင်းစေနိုင်၏။
ကမ္ဘာမှာ အကြီးမားဆုံးသော ဝေလငါး ကိုလည်း ဖမ်းဆီးနိုင်၏။ ထို့ကြောင့် လူ၏
အသိဥာဏ် ပညာကို မည်သည့် သတ္တဝါမှ မယှဉ်နိုင်ပေ။ အသိဥာဏ်ရှိသော လူကသာ သက်ရှိ
သတ္တဝါ အားလုံးအပေါ် လွှမ်းမိုးနိုင်၏။
လူ့ဘဝတွင် စားရေး၊ နေရေး၊ အသက်ရှည်ရေး ဖြင့်သာ အချိန်ကုန် သွားလျှင်
လူဖြစ်ကျိုး မနပ်နိုင်တော့ပေ။ လူသည် အသိဥာဏ်ပညာ ကြီးမားသောကြောင့်
အသိဥာဏ်ပညာကို အသုံးချတတ်မှသာ လူသားစစ်စစ် ဖြစ်ပေသည်။ လူသားတိုင်းသည်
မွေးဖွားပြီး အသိဥာဏ် အသုံးချတတ်ပြီ ဆိုကတည်းက ပညာသင်ကြား ရသည်။ ပညာတတ်သူက
ပညာမတတ်သူ၏ အထက်မှာ နေရသည်။ ပညာပိုတတ်သူက သက်သောင့် သက်သာ စီးပွား
ရှာနိုင်သည်။ အတိတ်ကံ ဘယ်လောက် ကောင်းကောင်း ပညာဥာဏ် မရှိလျှင် မြော်မြင်
စီမံခန့်ခွဲမှု အားနည်းကာ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ၊ ဥစ္စာ ဆင်းရဲရပြီး ဆင်းရဲ
မျိုးစုံနှင့်သာ နပန်းလုံး နေရသည်။ အတိတ်ကံ ကောင်းပြီး ပညာဥာဏ် ကြီးလျှင်
ကြီးသလောက် လူချမ်းသာ၊ ဥစ္စာ ချမ်းသာ၏။ သို့သော် လောကီပညာ တတ်ရုံဖြင့်
စိတ်ချမ်းသာမည် မဟုတ်ပေ။
ပညာ မတတ်သူရော၊ ပညာ တတ်သူပါ စားဝတ်နေရေး၊ ချမ်းသာရေး အတွက်
လုံးပန်းနေရသည်။ ထိုအရေး အတွက် စီးပွားရှာ၊ ပညာရှာ ပြေလည်နေရ ရုံဖြင့်တော့
လူဖြစ်ရကျိုး မနပ်နိုင်ပေ။ လူသည် လောကီပညာ၊ စီးပွားပညာ တို့အပြင်
လောကုတ္တရာပညာ ချမ်းသာကြွယ်ဝ တတ်မြောက်မှသာ အဆင့်မြင့် လူသား တစ်ဦး
ဖြစ်ပေသည်။ စီးပွားဥစ္စာ ချမ်းသာပြီး ထိုပိုင်ဆိုင်မှုတွေကို စိတ်မချဘဲ
သေသွားလျှင် လောဘစိတ်ဖြင့် သေမည်။ ထို့ပြင် စီးပွားပျက်ပြီး မကျေ နပ်ပါက
ဒေါသ စိတ်ဖြင့် သေမည်။ လောကုတ္တရာ အသိဥာဏ် မပြည့်စုံလျှင် မောဟစိတ်ဖြင့်
သေမည်။ လောဘ၊ ဒေါသ၊ မောဟတို့ဖြင့် သေပါက အပါယ်လေး ဘုံသို့ ကျကာ ပြိတ္တာ၊
ငရဲ၊ တိရစ္ဆာန် ဖြစ်သွားမည်။
ထိုကဲ့သို့သော လူဘဝမှ အဆင့်နိမ့်သော ဘုံဘဝ၌ ဖြစ်ရခြင်းသည် လွန်စွာမှ
နှမြောစရာ ကောင်းလှပေသည်။ ထို့ကြောင့် လူရယ်လို့ ဖြစ်လာလျှင် လောကီ ပညာ၊
စီးပွားပညာ၊ စည်းစိမ်ဥစ္စာ ချမ်းသာသော်လည်း လူဖြစ်ကျိုး မနပ်သေးပေ။
လူဖြစ်လာပါလျက် အပါယ်လေးဘုံမှ လွတ်မြောက် နိုင်လောက်အောင် လောကုတ္တရာ
ဖြစ်သော ကုသိုလ် ပွားရေးများ မပြုလုပ်လျှင် လူဖြစ်ကျိုး မနပ်တော့ပေ။
ထို့ကြောင့် လူဖြစ်ကျိုးနပ်အောင် အပါယ်လေးဘုံမှ လွတ်မြောက်အောင်
ကြိုးစားရန် လိုအပ်ပေသည်။
''လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ဝမ်းစာရှာဖို့ မဟုတ်၊
အိပ်ဖို့မဟုတ်၊ စားဖို့မဟုတ်၊ ကာမဂုဏ် ခံစားဖို့ မဟုတ် ကုသိုလ်ပြုဖို့
အတွက်သာ ဖြစ်၏။'' ဟု ဆရာတော် မေတ္တာရှင် (ရွှေပြည်သာ) က ဟောကြား ခဲ့သည်။
ဆက်လက်၍ ဆရာတော်က လူသားသည် ကုသိုလ် (ပရဟိတ အလုပ်) ကို လုပ်တတ်၏။ (၃၁)
ဘုံတွင် လူ့ဘုံသည်သာလျှင် ကုသိုလ်လုပ်လို့ ရပေသည်။ အခြားဘုံများက
လူ့ဘုံကဲ့သို့ တင်းပြည့်ကျပ်ပြည့် မရနိုင်ပေ။ လူ့ဘုံအောက်တွင် ရှိသော
အပါယ်လေးဘုံတွင် ဆင်းရဲဒုက္ခသည် များလွန်းသောကြောင့် မည်သည့် ကုသိုလ်မှ
ပြုလုပ်၍ မရပေ။ လူ့ဘုံ အထက်တွင် ရှိသော နတ်ဘုံ၊ ဗြဟ္မာဘုံ တို့တွင်
ချမ်းသာသူတွေ များလွန်းအား ကြီးသောကြောင့် မည်သည့် ကုသိုလ်ကိုမျှ
ကောင်းကောင်းလုပ်၍ မရနိုင်ပေ။ ဥပမာအားဖြင့် နတ်ပြည်နှင့် ဗြဟ္မာပြည်တွင်
အလှူခံပုဂ္ဂိုလ် မရှိသောကြောင့် ဒါနကုသိုလ် မည်သို့မျှ မပြုနိုင်ခြင်း
ဖြစ်ပေသည်ဟု မိန့်ကြားခဲ့သည်။
ထို့ပြင် ဘုရားလောင်းသည် နတ်ပြည်သို့ ရောက်လျှင် သက်တမ်းပြည့် မနေရဘဲ
သက်တမ်း၏ သုံးပုံတစ်ပုံလောက်သာ နေကာ မိမိကိုယ်ကို စုတေ၍ လူ့ပြည်သို့
ပြန်သွားကြသည်။ လူ့ပြည်သို့ ရောက်မှ ဒါန၊ သီလ စသောကုသိုလ် ပါရမီများကို
တင်းပြည့်ကျပ်ပြည့် ဆည်းပူးကြသည်။ ထို့ကြောင့် ''လူ့ဘဝ ရခဲလှပေ၏။ ခဏတာ
ရလာသော လူ့ဘဝကို အကျိုးရှိရှိ နေကြ၊ အသုံးချကြလို့'' ပြောခဲ့သော
ဘိုးဘွားတို့၏ စကားသည် လွန်စွာမှ တန်ဖိုးရှိပါသည်။ လူဖြစ်ပြီး ပညာမဲ့သည့်
သူသည် ဘဝကို ကာမဂုဏ် ခံစားဖို့ အတွက်သာ အသုံးချ၍ နေမည်ဆိုလျှင်
အပါယ်လေးပါးသို့ ရောက်ရှိမည်သာ။ လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို သိသော
ပညာရှိသည် လူ့ဘဝကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားသည်။
ပုထုဇဉ်တိုင်း လောဘ၊ မောဟ၊ ဒေါသ၊ မာန စသော ကိလေသာ ရောဂါတွေနှင့်
ပြည့်နှက်နေသော ဤ လောကကြီးတွင် ထိုရောဂါတွေကို သမထ ဝိပဿနာဖြင့် ကုသလျှင်
ပျောက်ကင်းနိုင်ပါ သည်ဟု ဆရာတော် များက ဆုံးမခဲ့သည်။
သို့ပါ၍ ရခဲလှစွာသော လူ့ဘဝမှာ လူဖြစ်ရကျိုး နပ်ဖို့အတွက် မသေခင် နေရတဲ့
အချိန်လေး အတွင်း မိမိတို့ တတ်နိုင်သလောက် ဒါနကုသိုလ်၊ သီလကု သိုလ်နှင့်
ဝိပဿနာ ကုသိုလ်တို့ကို ကျင့်ကြံကြိုးစား အားထုတ် နိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်း ရေးသားလိုက်ရပါသည်။ ။
လှလေးစိန် (ရွှေလုံမေ) - မြဝတီ
No comments:
Post a Comment